မွန်လူမျိုးများ သမိုင်းမှတ်တမ်းစာအုပ်
မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီအနေဖြင့် မွန်လူမျိုးများသမိုင်းမှတ်တမ်းဖြစ်သော “တိုင်းရင်းသား မွန်လူမျိုးများအကြောင်း သမိုင်းကောက်နှုတ်ချက်ဆောင်းပါး၊ စာတမ်းပေါင်းချုပ်” စာအုပ်များကို စုစည်းပြုစုခဲ့ပါသည်။ ယင်းမှတ်တမ်းစာအုပ်တွင် ခေါင်းစဉ်အကြောင်းအရာ (၁၃၉)ခု ပါဝင်ပြီး စာမျက်နှာ(၁၂၉၂)မျက်နှာ ပါရှိပါသည်။
မြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ စာကြည့်တိုက်များသို့ ဖော်ပြပါမွန်လူမျိုးများသမိုင်းမှတ်တမ်း စာအုပ်ပေးအပ်ပွဲကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ (၁၃း၀၀)နာရီတွင် ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲ ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ၊ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ မော်လမြိုင်တက္ကသိုလ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ပြည်နယ်ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မော်လမြိုင်တက္ကသိုလ် စာကြည့်တိုက်မှ တာဝန်ရှိသူများ၊ မွန်မှုရေးရာစိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ မွန်ယဉ်ကျေးမှုရေးရာ တာဝန်ခံဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ စာပေနှင့်ယဉ်ကျေးမှုကော်မတီများက မွန်စာပေ၊ မွန်ယဉ်ကျေးမှုနှင့် မွန်မှုရေးရာကိစ္စရပ်များ ဆွေးနွေးတင်ပြကြပြီး ရှေးဟောင်းသုတေသနဌာန၊ ကျောက်စာဌာန၊ သုတေသနလက်ထောက်အငြိမ်းစား မွန်ပဏ္ဍိတ် နိုင်ဘရှင်က မွန်တို့ကူညီဖတ်ရှုပေးသော စောလူးမင်းကျောက်စာ အကြောင်းကို ဆွေးနွေးတင်ပြပါသည်။
အခမ်းအနားတွင် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ စာကြည့်တိုက်များသို့ မွန်လူမျိုးသမိုင်းစာအုပ်၊ မွန်ကျောက်စာပေါင်းချုပ်၊ သုဝဏ္ဏဘူမိစာတမ်းပေါင်းချုပ်စာချုပ်များ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ နိုင်ဘရှင်နှင့်မွန်သမိုင်းစာအုပ်ကိစ္စ ကူညီဆောင်ရွက်ပေးခဲ့သော ကျော်အော့ဖ်ဆက်မှ မဇင်မာမြင့် တို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။



