ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်မှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သို့ လွှတ်တော်လုပ်ငန်း လွှဲပြောင်းပေးအပ် ပြီးစီးခြင်း
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်မှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သို့ လွှတ်တော်လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်းကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်၊ (၁၁း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် ပြုလုုပ်ပါသည်။
အဆိုပါလုပ်ငန်းလွှဲပြောင်းခြင်းတွင် ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးနေမျိုးအောင်မှ လွှတ်တော်ရုံး ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အားတို့ကို တင်ပြခြင်း၊ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ ပါဝင်သည့် စာရွက်စာတမ်းခေါင်းစဉ် (၁၅)ခု၊ စာရွက်ရေ (၂၆၂)ရွက်၊ ထပ်တိုးခေါင်းစဉ် (၂)ခု၊ စာရွက်ရေ (၄)ရွက်တို့ကို ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိထံသို့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် လွှဲပြောင်းခြင်း၊ ပထမ အကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ကျေးဇူးတင်စကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
လွှတ်တော်လုပ်ငန်းလွှဲပြောင်းပေးအပ်ရာသို့ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်လုပ်ငန်း လွှဲပြောင်းရေးကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ သတင်းမီဒီယာများ တက်ရောက်ပါသည်။
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သို့ လွှတ်တော်လုပ်ငန်း လွှဲပြောင်းပေးအပ်ခြင်းကို (၁၁း၂၀)နာရီတွင် ပြီးစီးပါသည်။ ပြည်နယ်လွှတ်တော်လုပ်ငန်းများ လွှဲပြောင်းပေးအပ် ပြီးနောက် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များအား ရုံးခန်းများနှင့်စာရွက်စာတမ်း၊ ဘီရိုတို့ကိုလည်းကောင်း တစ်ခုချင်း လိုက်လံပြသလွှဲပြောင်းခဲ့ပါသည်။



