ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၏ နှစ်သစ်နှုတ်ခွန်းဆက်စကား
ချစ်ခင်လေးစားအပ်ပါသော ပြည်သူပြည်သားများရှင် –
ယခုအခါ မြန်မာသက္ကရာဇ် ၁၃၇၉ခုနှစ်၊ နှစ်ဦးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့မှာ အသက်(၁)နှစ် ကြီးလာပါပြီဆိုသည်ကို သိကြစေလိုပါသည်။
မိမိသည် ကုန်ဆုံးခဲ့သော ၁၃၇၈ ခုနှစ်တုန်းက ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေး စသည်တို့တွင် ကြုံတွေ့ခဲ့ရသည်များထက် ယခုလို နှစ်သစ်နှစ်ဦးမှ စတင်၍ ပိုမိုပြည့်စုံကောင်းမွန်အောင်၊ တိုးတက်အောင် ဆောင်ရွက်ကြစေလိုပါသည်။
မိမိ၏ စိတ်ဓာတ်ကို ပိုမို၍ စိတ်ထားကောင်းအောင်၊ ပိုမို၍ ရိုးသားဖြောင့်မတ်အောင်၊ မကောင်းမှုကို ရှောင်ရန်၊ ကောင်းမှုကိုဆောင်ရန် ပြုပြင်ကြစေလိုပါသည် –
-တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားကြခြင်း၊
-ရိုင်းပင်းကူညီကြခြင်း
-ပို၍ သည်းခံခွင့်လွှတ်ခြင်း၊
-နားလည်မှုရှိစေခြင်းတို့ အထူးလိုအပ်သည်ဟူ၍ သိစေချင်ပါသည်။
မိမိနေထိုင်ရာ ဒေသပတ်ဝန်းကျင်ကို မထိခိုက်၊ မပျက်စီးစေရန် စောင့်ရှောက်ပေးကြစေလိုပါသည်။ မိမိနိုင်ငံတော်၏ သဘာဝသယံဇာတများကို တတ်စွမ်းရှိသမျှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြစေလိုပါသည်။
မိမိမှ စတင်၍၊ အစပြု၍ စိတ်ထားကောင်းအောင် အပြုအမူ၊ အပြောအဆိုကောင်းအောင် ယခုလို နှစ်သစ်အခါသမယ နှစ်ဦးမှ စတင်၍ ပြုပြင်၊ ကျင့်သုံး ဆောင်ရွက်ကြပါစို့ … ဟူ၍ နှုတ်ခွန်းဆက်သအပ်ပါသည်။
ပြည်သူအသီးသီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်ဝကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ ပြည်တွင်းမှာ အမြန်ဆုံးငြိမ်းချမ်းပါစေဟူ၍ မေတ္တာ ပို့သအပ်ပါသည်။

