မွန်ပြည်နယ်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
မွန်ပြည်နယ်လွှတ်တော်နှင့်မြန်မာ့လူမှုရေးနှင့်စီးပွားဖွံဖြိုးတိုးတက်ရေးအဖွဲ့ (Centre for Economic and Social Development – CESD) တို့ ပူးပေါင်း၍ မွန်ပြည်နယ်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် (၉.၈.၂၀၁၆)ရက်နေ့မှ (၁၀.၈.၂၀၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများမှ အကြီးအကဲများ၊ မြန်မာ့လူမှုရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သုတေသီများ တက်ရောက် ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြန့်မာ့ လူမှုရေးနှင့်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD) မှ အမှုဆောင်ညွှန်ကြားရေးမှူး၊ ဒေါက်တာဇော်ဦးမှ မွန်ပြည်နယ်ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စနှင့်အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။ ထို့နောက် CESD အဖွဲ့မှ မွန်ပြည်နယ် (၁၀)မြို့နယ်တွင် ပြုလုပ်ထားသော အိမ်ထောင်စုစစ်တမ်းတွင် တွေ့ရှိချက်များနှင့်မူဝါဒဆိုင်ရာ အကြံပြုချက်များ၊ မွန်ပြည်နယ်၏ ဘတ်ဂျက်ဆိုင်ရာ ကနဦးသုံးသပ်ချက်များ၊ မွန်ပြည်နယ်၏ ရာဘာကဏ္ဍဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းနှင့်စိန်ခေါ်ချက်ကိစ္စရပ်များ၊ ရွှေ့ပြောင်းအလုပ်သမားနှင့်အသေးစားငွေကြေး ဝန်ဆောင်မှုကိစ္စရပ်များ၊ ဒေသန ္တရအဆင့်စီမံကိန်းရေးဆွဲခြင်းနှင့်ရလဒ်ထွက်အောင် အကောင်အထည်ဖော်ခြင်း အစရှိသော စာတမ်းများကို တင်ပြခဲ့ကြသည်။ တင်ပြချက်များကို တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များမှ ခေါင်းစဉ်အလိုက် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။



