4355

မွန်ပြည်နယ်လွှတ်တော်မှ ဘီးလင်းမြို့နယ်အတွင်း သုတေသနလုပ်ငန်းများပြုလုပ်ရန် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ ဦးဆောင်သောအဖွဲ့မှ ဘီးလင်းမြို့နယ်အတွင်းသုတေသန လုပ်ငန်းများပြုလုပ်သွားရန်အကြိုညှိနှိုင်းအစည်းအဝေးကို (၄.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နယ်မြေခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မော်လမြိုင်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဌာနမှူးများ၊ အငြိမ်းစားဆရာမများနှင့် ဒေသခံရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်လွှတ်တော်အနေဖြင့် မော်လမြိုင်တက္ကသိုလ်မှ သုတေသီအနေဖြင့် ကူညီဆောင်ရွက်ပေးရန်နှင့် National Enlightenment Institute (NEI) ၏ ဘဏ္ဍာရေးဆိုင်ရာကူညီပံံ့ပိုးမှုဖြင့် သုတေသနလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘီးလင်းမြို့နယ်၏ ရေမြေတောတောင်နှင့်သယံဇာတဆိုင်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှု နှင့်သမိုင်းဝင်အမွေအနှစ်ဆိုင်ရာများ၊ လူမှုစီးပွားဆိုင်ရာကိစ္စရပ်များအား ဦးတည်၍ သုတေသနလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု သုတေသနလုပ်ငန်းသည် ဘီးလင်းမြို့နယ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် ထည့်သွင်းပြောကြားခဲ့ပါသည်။

          မော်လမြိုင်တက္ကသိုလ်သုတေသီများမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ National Enlightenment Institute (NEI) အဖွဲ့မှ ဒေါ်ရည်မွန်ဆုမှ မိတ်ဆက်ခြင်းနှင့်နယ်မြေခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးမှ ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ဒေသခံများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တင်ပြမေးမြန်း၊ ဆွေးနွေး အကြံပြုခဲ့ကြပြီး ဆွေးနွေးမှုအပေါ်သုတေသီများနှင့်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးမှ ပြန်လည် ဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။