1676

မွန်ပြည်နယ်ဝန်ကြီးချုုပ် ဒေါက်တာအေးဇံ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ

၁၃၇၉ခုနှစ်၊ မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဦးစွာမေတ္တာပို့သအပ်ပါတယ်။

ယခုဆိုလျှင် နိုင်ငံတော်အစိုးရအနေနှင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုလျှက် ဖွဲ့စည်းပုံအခြေခံဥပေဒသစ်တစ်ရပ် ပေါ်ပေါက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်သူ၊ ပြည်နယ်သားများအနေနှင့်လည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြစေလိုပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့သစ်၏ တစ်နှစ်တာကာလအတွင်း တိုးတက်ပြောင်းလဲမှုများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် တံတားများ တည်ဆောက်ခြင်း၊ လမ်းတံတားအဆင့်မြှင့်တင်ခြင်း၊ ကတ္တရာ၊ ကွန်ကရစ်၊ ထပ်ပိုးလွှာ တို့ချဲ့ခင်းခြင်းဆောင်ရွက်နိုင်ခဲ့ပြီး မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် သံလွင်မြစ်ကူးတံတားကိုလည်း အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ရေနုတ်မြောင်း၊ ချောင်းမြောင်းများ တူးဖော်ခြင်း၊ ရေငံတား၊ တာတမံများ၊ ရေတံခါးများ၊ ရေလှောင်တမံများနှင့် ဆည်ရေသောက်စနစ်များ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး စနစ်တကျလယ်မြေ(၆၂၅)ဧက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

စွမ်းအင်ကဏ္ဍအနေဖြင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ပညာရေးကဏ္ဍတွင် အခြေခံပညာကျောင်း (၁၀၈)ကျောင်း ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ကျောင်းနေမြဲရေးနှင့်ပညာသင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် ဆေးဝါးများဖြန့်ဖြူးပေးနိုင်ခဲ့သည့်အပြင် ကျေးလက်ကျန်းမာရေးဌာနများ ဆောက်လုပ်ခြင်း၊ ဆေးကုသဆောင်များ တိုးချဲ့ဆောင်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လမ်း၊ တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ စာသင်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်း၊ ရုပ်သံစက် တပ်ဆင်ခြင်းလုပ်ငန်း၊ ဆိုလာပါဝါတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

သာသနာရေးကဏ္ဍတွင်လည်း ကျိုက်ထီးရိုးတောင်တော်နှင့်ပတ်သက်၍ ဘုရားဖူးပြည်သူများအတွက် ထိရောက်မှုရှိသော စီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် လုံခြုံရေးအတွက် CCTV ကင်မရာများကို တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။

၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေ။နှစ်အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ပြည်သူများအတွက် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်။ ပြင်ဆင်ပြောင်းလဲထားတဲ့ စီးပွားရေးနယ်ပယ်အခင်းအကျင်းတွေအရလည်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာရရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မွန်ပြည်နယ်အစိုးရအနေဖြင့်လည်း ဦးစားပေးမူဝါဒ(၃)ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိပါတယ်။ ဦးစားပေးမူဝါဒ (၁)အနေဖြင့် ကျေးလက်ဒေသလမ်း၊ တံတားနှင့် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဦးစားပေးမူဝါဒ(၂)အနေဖြင့် ကျေးရွာတိုင်း လျှပ်စစ်ဓာတ်အား  သုံးစွဲနိုင်ရေးနှင့်ဦးစားပေးမူဝါဒ (၃)အနေဖြင့် ရော်ဘာလုပ်ငန်းနှင့်ပတ်သက်၍ အရည်အသွေးမြင့်ထုတ်ကုန်များ ထွက်ရှိရေးတို့ဖြစ်ပါတယ်။

ကျွန်တော်တို့ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကိုမောင်နှမများအနေဖြင့်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးတို့တွင် ကျရာကဏ္ဍမှ ဝိုင်းဝန်းပံပိုးကူညီဆောင်ရွက်ပေးနိုင်ကြပြီး ဘေးမသန်းဘဲ အေးချမ်းရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။