၂၀၁၂ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော် ရက်စဉ်မှတ်တမ်း
၁၂.၁.၂ဝ၁၂ရက်နေ့ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မော်လမြိုင်မြို့ Strand Hotal ၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့KNUမှ တာဝန်ရှိသူများ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။
၁၃.၁.၂ဝ၁၂ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
၈.၂.၂ဝ၁၂ရက်နေ့ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် တပို့တွဲလပြည့်ကျော် ( ၁ )ရက်နေ့ (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်အခမ်းအနားသို့ လည်းကောင်း ညပိုင်းတွင် မော်လမြိုင်မြို့နယ် ( ပြည်နယ်ခန်းမ ) အခမ်းအနားသို့ လည်းကောင်း တက်ရောက်သည်။
၁၅.၂.၂ဝ၁၂ရက်နေ့ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မော်လမြိုင်မြို့၊ Strand Hotel ၌ ကျင်းပပြုလုပ်သော Presentation of the Integrated Hourchild living Condition Assessment Survey ဆွေးနွေးပွဲသို့ တက်ရောက်သည်။
၁၆.၂.၂၀၁၂ရက်နေ့ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ( USIP ) အဖွဲ့မှ ကျင်းပပြုလုပ်သော တရားဥပဒေစိုးမိုးရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
၁၇.၂.၁၀၁၂ရက်နေ့ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မော်လမြိုင်မြို့ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပသော National Enlightment Institute မှ ကျင်းပသော Regional Development with Electronic Technology State Holder Workshop အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
၂၃.၂.၂ဝ၁၂ရက်နေ့ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မော်လမြိုင်မြို့ ကမ်းနားလမ်း Strand Hotel ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့သို့ တက်ရောက်မည့် ကိုယ်စားလှယ်များအား မွန်ပြည်နယ်အစိုးရအဖွဲ့ကကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်သည်။
၈. ၃. ၂ဝ၁၂ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို စတင်ကျင်းပသည်။ ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားသည်။ ပထမနေ့ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်း ဖြေကြားသည်။ အစည်းအဝေးတွင် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တင်သွင်းခြင်းနှင့် ကိုယ်စားလှယ်များဆွေးနွေးခြင်းဆောင်ရွက်ခဲ့သည်။ ဒုတိယပုံမှန်အစည်းအဝေးက တင်သွင်းဆုံးဖြတ်ခဲ့သည့် အဆိုများအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့မှ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များကို တင်ပြသည်။ မွန်ပြည်နယ်၏ ၂ဝ၁၁-၂ဝ၁၂ခု ဒေသန္တရစီမံကိန်းဥပဒေကြမ်း တင်သွင်းခဲ့သည်။ ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ်အမှတ်( ၂ )မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်မှ ပြည်နယ်အဆင့်ဆေးရုံတွင် နှလုံးရောဂါအထူးကု၊ အသည်းအထူးကုဆရာဝန်များ ထားရှိ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုနှင့် ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ လျော့နည်းပပျောက်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို ( ၂ )ခု တင်သွင်းခဲ့သည်။
၉. ၃. ၂ဝ၁၂ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ( ဒုတိယနေ့ )အား ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း (၇)ခု မေးမြန်းခြင်း ဆောင်ရွက်ခဲ့သည်။၂ဝ၁၁ – ၂ဝ၁၂ခု ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ ၂ဝ၁၁-၂ဝ၁၂ ခု ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် အဆို (၂) ခုတို့အား ဆွေးနွေးခဲ့ကြပြီး အတည်ပြုခဲ့သည်။
၁၅.၃.၂ဝ၁၂ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် လွှတ်တော်ရေးရာကော်မတီညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
၁၉.၃.၂ဝ၁၂ရက်နေ့ – (၃၈)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို သံဃာတော်( ၉)ပါးကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပြည်နယ်ခန်းမတွင် ကျင်းပသော မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ်ရေးရာကော်မတီများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။
၂ဝ. ၃.၂ဝ၁၂ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ်ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေမူကြမ်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပါသည်။
၃ဝ. ၃. ၂ဝ၁၂ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပွဲခွန်တော်ဥပဒေနှင့် စပ်လျဉ်းပြီး၊ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးသည်။
၅. ၄.၂ဝ၁၂ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) အား ဆက်လက်ကျင်းခဲ့သည်။ မြို့မြေခွန်ကောက်ခံရေးနှင့် ပတ်သက်ပြီး မြို့နယ်အလိုက် မြေခွန်ဇုန်နှုန်းများကို ယခင်/ယခု သတ်မှတ်လျာထားဆောင်ရွက်နေမှုအခြေအနေတင်ပြသည်။ ၂ဝ၁၂-၂ဝ၁၃ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းအား တင်သွင်းခဲ့သည်။ အဆို(၃)ခု တင်သွင်းသည် –
(က) ဦးအောင်နိုင်ဦး( ချောင်းဆုံ-၁)၏ ချောင်းဆုံမြို့ ကန်တော်ကြီး ကန်ကောမြေများနှင့်ပင်လယ်ကမ်းစပ်ကျေးရွာများတွင် ဒီရေတောနှင့်အများပိုင်သစ်တောများ ထူထောင် သွားရန် တိုက်တွန်းကြောင်းအဆို၊
(ခ) ဦးစံတင် ( ကျိုက်မရော -၂ )၏ မွန်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို သုတေသနပြုခြင်း၊ နယ်မြေကန့်သတ်ခြင်း၊ အထိမ်းအမှတ်ကျောက်တိုင်များ စိုက်ထူခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို၊
(ဂ) ဦးလှထွန်း( ကျိုက်မရော -၁ )၏ မွန်စာပေသင်ကြားရေးတွင် လိုအပ်သည့်အကူအညီ များ ဆောင်ရွက်ပေးရေးတိုက်တွန်းကြောင်းအဆို။
၆.၄. ၂ဝ၁၂ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယအစည်းအဝေး( စတုတ္ထနေ့ ) အစည်းအဝေးကို ကျင်းပသည်။ အစည်းအဝေးတွင် မေးခွန်း(၂)ခု၊ မွန်ပြည်နယ်၏ ၂ဝ၁၂ခုနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အဆုံးအဖြတ်ရယူခြင်း၊ တတိယနေ့တွင် တင်သွင်းခဲ့သော အဆို( ၃ )ရပ်ကိုဆွေးနွေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဆွေးနွေးခြင်း၊ အဆုံးအဖြတ်ရယူခြင်းများကို ဆောင်ရွက်သည်။
၂၇.၅.၂ဝ၁၂ရက်နေ့ – ကရင်ပြည်နယ်မှတဆင့် မော်လမြိုင်မြို့သို့ ရောက်ရှိလာသော၊ နေပြည်တော်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးပေါင်းကော်မတီဝင်များသည် (၁၄းဝဝ)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် လူမှုရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
၂၈.၅.၂ဝ၁၂ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၆၊ ၄၄၇ ပါ ပြဌာန်းချက်များ၊ တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ဇယား( ၂)ပါ ကိစ္စများ ရောထွေးနေမှုကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန် ပြည်ထောင်စုလွှတ်တော်နာယက ထံမှ တဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့တင်ပြသည်။
၆.၆ .၂ဝ၁၂ရက်နေ့ – ပြည်ထောင်စုလွှတ်တော်နာယကမှ မွန်ပြည်နယ်လွှတ်တော်မှ ပေးပို့လာသော ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ပေးပို့သည့် စာမိတ္တူကိုရရှိပါသည်။
၈.၆. ၂ဝ၁၂ရက်နေ့ – နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ မွန်ပြည်နယ်လွှတ်တော်မှ တင်သွင်းလာသည့် အနက်အဓိပ္ပါယ်ဖွင့်ရန်ကိစ္စနှင့်ပတ်သက်ပြီး လိုအပ်သည့် အထောက်အထားများ တင်ပြရန် အကြောင်းကြားလာသည်။
၁၆.၆. ၂ဝ၁၂ရက်နေ့ – ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား( ၂ )ပါ ပြဌာန်းချက်များနှင့်ကွဲလွဲနေခြင်း၊ ရောထွေးနေခြင်းများရှိသည့် တည်ဆဲဥပဒေများနှင့် စပ်လျဉ်းပြီး ရေးရာကော်မတီများ ပူးပေါင်းအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသည်။
၁၉.၆.၂ဝ၁၂ ရက်နေ့ – နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ တောင်းခံထားသည့် စာရွက်၊ စာတမ်းအထောက်အထားများ ပေးပို့သည်။
၆.၇.၂ဝ၁၂ရက်နေ့ – နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန်တင်ပြထားသည်ကို ကြားနာမည့် နေ့ရက်မှာ ၁၆၊ ဇူလိုင်လ၊ ၂ဝ၁၂ ခုနှစ်ဖြစ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အကြောင်းကြားလာသည်။
၁၆.၇. ၂ဝ၁၂ရက်နေ့ – နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် တင်ပြထားသည်ကို ကြားနာခဲ့ရာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးတို့သည် နေပြည်တော်သို့ သွားရောက်ပြီး လျှောက်လဲချက်တင်ပြကြသည်။
၂ဝ.၇.၂ဝ၁၂ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်မှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်ပြထားသည့်ကိစ္စအား (၂၇-၇-၂ဝ၁၂) ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်မည် ဖြစ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ အကြောင်းကြားလာသည်။
၂၇.၇. ၂ဝ၁၂ ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်မှနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား (၂)ကို ဥပဒေပုဒ်မ ၄၄၆၊ ၄၄၇ နှင့် ဆက်စပ်ပြီး အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် တင်ပြထားသည့်ကိစ္စအား (၂၇-၇-၂ဝ၁၂) ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်ခဲ့သည်။
၂၇-၉-၂၀၁၂ ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပသည်။
၂၈-၉-၂၀၁၂ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပသည်။ ပဉ္စမကာလကို ငါးနှစ်စီမံကိန်းရည်မှန်းချက် အတည်ပြုခြင်း၊ တတိယပုံမှန်အစည်းအဝေးတွင် ဆိုင်းငံ့ထားသော မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကမော်တော်ယဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်းအား အတည်ပြုခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၂-၂၀၁၃ခု ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြု ငွေစာရင်း အတည်ပြုခြင်း၊ မွန်ပြည်နယ်၏ ရသုံးမှန်ခြေငွေစာရင်းအတည်ပြုခြင်း၊ အဆို(၆)ခု အတည်ပြုခြင်း၊ ၂၀၁၂-၂၀၁၃ခု ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့များ ငွေလုံးငွေရင်း လုပ်ငန်းလွှဲပြောင်းသုံးစွဲရေးနှင့်ပတ်သက်ပြီး အတည်ပြုခြင်း၊ မွန်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကြမ်းအတည်ပြုခြင်း၊ လွှတ်တော်ဥက္ကဋ္ဌမှတဆင့် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ရန် တိုက်တွန်းကြောင်းအဆိုအား အတည်ပြုခြင်းတို့ကို ဆုံးဖြတ်ခဲ့ပါသည်။
၃-၁၁-၂၀၁၂ မှ ၄.၁၁.၂၀၁၂ရက်နေ့ထိ – မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ မော်လမြိုင်တက္ကသိုလ်မှ ကြီးမှူးကျင်းပသော သုဝဏ္ဏဘူမိ ပထမအကြိမ် စာတမ်းဖတ်ပွဲသို့ ကျင်းပသည်။ အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်(၁၈)ဦးက စာတမ်းဖတ်ကြားပါသည်။ အဆိုပါ စာတမ်းဖတ်ပွဲဖြစ် မြောက်ရေးအတွက် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီနှင့် မြို့မိမြို့ဖများမှ ပါဝင်ကူညီ ဆောင်ရွက်ပါသည်။
၂၅.၁၁.၂ဝ၁၂ရက်နေ့ – ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။ ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအောင်နိုင်ဦး နှင့် သထုံမြို့နယ်မှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့က မော်လမြိုင် -ချောင်းဆုံ (ကညှော်) တံတားဆောက်လုပ် ပေးရေးကို အဆိုပြုကြောင်း တင်ပြကြသည်။
၁၃.၁၂.၂ဝ၁၂ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၂) ပထမနေ့ ကို ကျင်းပ ပြုလုပ်သည်။
၁၄-၁၂-၂၀၁၂ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၂) ဒုတိယနေ့ ကို ကျင်းပ ပြုလုပ်သည်။
၁၅.၁၂.၂ဝ၁၂ရက်နေ့ – မွန်ပြည်နယ်၊ အောင်ဆန်းခန်းမ၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ နိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အဖွဲ့ဝင်များဖြင့် မွန်ပြည်နယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ပါသည်။
၂၄.၁၂.၂ဝ၁၂ရက်နေ့ – ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည်၊ မွန်ပြည်နယ်လွှတ်တော်ရုံးတွင်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်ရေးရာ ကော်မတီဝင်များနှင့် တွေ့ဆုံပါသည်။

