တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပပြုလုပ်ခြင်း
၁။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)ကို(၂၉-၉-၂ဝ၂၆)ရက်၊ အင်္ဂါနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး အနက် (၃၁)ဦး တက်ရောက်ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီမှ “မူလတန်းအဆင့်ကျောင်းများ၌ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ကြီးကြပ်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်အဆို” တင်သွင်းပြီး ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်မှ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ သဘောတူသည့်အတွက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ညနေ(၄)နာရီ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ(ခ)နိုင်ခင်မောင်ဇင်မှ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)အား လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ညနေ(၄)နာရီ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ရပ် တင်သွင်းခြင်းနှင့် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦးရှိခဲ့ပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၁:၃၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


