8227

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီများ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃-၈-၂၀၂၆)ရက် (တနင်္လာနေ့)၊ နံနက် (၁ဝး၀ဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီများ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဖြစ်သူ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

အစည်းအဝေးတွင် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို (၁၀-၈-၂၀၂၆)ရက်(တနင်္လာနေ့)တွင်စတင်ကျင်းပပြုလုပ်မည်ဖြစ်သဖြင့်   အစည်းအဝေးကျင်းပပြုလုပ်မည့်ကိစ္စအား လွှတ်တော်ကိုယ်စားလှယ်များနှင့်  သက်ဆိုင်ရာအဖွဲ့အစည်း များထံ အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း၊ တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဦးစီးကော်မတီ(၁)ခုနှင့် လုပ်ငန်းကော်မတီ(၈)ခုတို့ကို ဖွဲ့စည်းထားကြောင်း၊ ဒုတိယ ပုံမှန်အစည်းအဝေးကို လုပ်ငန်းကော်မတီများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်‌အောင်မြင်မြင် ကျင်းပ နိုင်ခဲ့ပြီးဖြစ်၍ ယခု တတိယပုံမှန် အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အချင်းချင်း ပူးပေါင်းညှိနှိုင်းပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင်များမှ တတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံ‌ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို (၁၀း၃၈)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။