3177

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၂၃.၃.၂၀၁၈)ရက်၊ ကြာသပတေးနေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးရှိသည့်အနက် (၂၈)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ “ မွန်ပြည်သစ် ပါတီ (NMSP)မှတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ထိုးနိုင်ခဲ့ သည့်အတွက် ဝမ်းသာကြောင်းအဆို” တင်သွင်းခြင်းကို မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသီင်္ဂီမော်မှ လွှတ်တော်တွင်လက်ခံဆွေးနွေးသင့်ကြောင်း ဆွေးနွေးခြင်း၊ ရေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့မှ ထောက်ခံဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှ ထောက်ခံဆွေးနွေးခြင်းနှင့် အဆိုအားကန့်ကွက်မည့်သူမရှိ၊ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်ဆားနှင့်ဆားထွက်ပစ္စည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့မှ ဖတ်ကြားတင်ပြခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ၂၀၁၇ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီးမှတင်ပြခြင်း၊ တင်ပြခဲ့သော အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။