ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပခြင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၂၇.၆.၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၅)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ မွန်ပြည်နယ်အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့်ရုက္ခဗေဒဥယျာဉ်နည်းဥပဒေအား တင်ပြခြင်း၊ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြဆိုင်ရာ လုပ်ငန်း(၁)ခု၊ လျှပ်စစ်ဆိုင်ရာတိုးချဲ့လုပ်ငန်း(၆၆)ခုနှင့်သံဖြူဇရပ်မြို့နယ်၊ သက်သက်လွတ်ဘုန်းကြီးကျောင်းအနီး လုပ်ငန်းအား ခွင့်ပြုရန်ပုံငွေအတွင်း တည်နေရာပြောင်းလဲခြင်းနှင့်လုပ်ငန်း ပြောင်းလဲဆောင်ရွက်ခြင်းကို မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်မှ တင်ပြခြင်းအပေါ် ဆွေးနွေးမည့်ပုဂ္ဂိုလ်များမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုမှတ်တမ်း တင်ခြင်း ၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်နိုင်ဦး၏ “ယာယီရွှေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်း အဆို”ကို သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က လက်ခံဆွေးနွေး သင့်ကြောင်း ထောက်ခံဆွေးနွေးခြင်းနှင့်အဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းတင်ပြခြင်း၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ “မုဒုံမြို့နယ်အတွင်း စားကျက်မြေများကို အကွက်ရိုုက်ရောင်းချနေခြင်းနှင့်အင်းများကို မြေဖို့၍ အကွက်ရိုက်ရောင်းချနေခြင်းတို့ကို တားမြစ်၍ ပြန်လည်ဖော်ထုတ် ပေးရန် အဆို“ကို ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်းနှင့်အဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း တင်ပြခြင်း၊ အဆို(၂)ခုတင်သွင်းခြင်းအား ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်မှ ကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်းအား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မှတ်တမ်းတင်ခြင်း (၂)ရပ်နှင့် အတည်ပြုမှတ်တမ်းတင်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူအဖြစ် (၃၄)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၁၁း၄၅)နာရီအချိန်တွင် ပြီးစီးကြောင်း တင်ပြအပ်ပါသည်။


