ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် (၂၉ )ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပထမမေးခွန်းအနေဖြင့် မွန်ပြည်နယ်ရှိတောင်သူလယ်သမားတို့အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းနှင့်အထက် ရောင်းချခွင့်ရရှိနိုင်ရေးအတွက် မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် စပါးအခြေခံရည်ညွှန်း ဈေးနှုန်း အောက်သို့ရောက်ရှိခဲ့ပါက တောင်သူများထိခိုက်နစ်နာမှုမရှိစေရေး၊ မြန်ဆန်စွာ လုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်စပါးဆန် ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းမှုအဖွဲ့အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့တောင်သူ လယ်သမားများ အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့သို့ တိုက်ရိုက်သတင်းပေးဖြေရှင်းမှုဖြင့် လည်းကောင်း၊ အခြေခံရည်ညွှန်းဈေးပါ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူပေးနိုင်ရေး အတွက် နွေစပါးဝယ်ယူရေးလုပ်ငန်းစီမံချက်အား ရေးဆွဲထားပြီး လယ်ယာစီမံခန့်ခွဲရေး ထုတ်ကုန်အဖွဲ့သို့ တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ မျိုးကောင်းစပါးရရှိရေးနှင့်ပတ်သက်ပြီး မွန်ပြည်နယ်တွင် မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးစိတ် ထုတ်လုပ်သည့်အဖွဲ့အစည်းများ၊ အကျိုးဆောင်တောင်သူများစသော အဖွဲ့အစည်းများဖြင့် မျိုးကောင်းမျိုးသန့်များ စနစ်စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားပါကြောင်း ဖြေကြားခဲ့ပြီ ဆက်စပ်မေးခွန်းအနေဖြင့် ပြည်ထောင်စုရန်ပုံငွေရရှိရေး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကြိုတင်ဆောင်ရွက်ပေးရန်၊ ကြိုတင်ပြင်ဆင်ရမည့်အပိုင်း စနစ်တကျပြင်ဆင် ပေးရန် ရှိ၊ မရှိနှင့် အချိန်ကိုက်ဝယ်ယူနိုင်ရေး တိုက်တွန်းကူညီပေးရန်ရှိ၊ မရှိမေးမြန်းရာ ဆန်စပါးအနေအထားပေါ်မူတည်၍လျာထားပြီး ပြည်ထောင်စုသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ထပ်ဆင့်ဆက်စပ်မေးခွန်းအနေဖြင့် ဥပဒေအရဖွဲ့စည်း ထားသည့် မြို့နယ်ကော်မတီမှ အချိန်သင့်၊ အခါသင့်လုပ်ဆောင်ရေး တိုက်တွန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ ထပ်မံမေးမြန်းရာ အစိုးရအဖွဲ့မှတိုက်တွန်းပေး မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၂) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ မေးမြန်းသော မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းအိမ်ရာဆောက်လုပ်သော ရာမညမေတ္တာကုမ္ပဏီမှ အလုပ်သမားခပေးချေမှုနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်ပြည် နယ်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၄)ဖြင့် ထုတ်ပြန်သတ်မှတ်ပြီး မြို့နယ် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေနှင့်အကျုံးမဝင်သော အငြင်းပွားမှုဖြစ်ပြီး ကန်ထရိုက်စနစ် အငြင်းပွားမှုများကို ဖြေရှင်းညှိနှိုင်းပေးမှုမပြုရဟုဖော်ပြထားကြောင်း၊ ကုမ္ပဏီ၏ဝန်ထမ်း မဟုတ်ဘဲ ကန်ထရိုက်တာဖြစ်သည့်အတွက် အလုပ်သမားဥပဒေအရ ဖြေရှင်းပေးနိုင်၍ မရပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသည့် မြန်မာနိုင်ငံကုမ္ပဏီအများစု(၂၀၁၇)သည် ကုမ္ပဏီများဖွဲ့စည်းတည်ထောင်ပေးခြင်း၊ အခြား ကုမ္ပဏီများဆိုင်ရာမှတ်ပုံတင်ပေးခြင်း၊ကုမ္ပဏီများ၏စီမံအုပ်ချုပ်မှုကဏ္ဍကိုသာထိန်းကျောင်း ပေးခြင်း၊ ထိုသို့ထိန်းကျောင်းရာတွင် ကုမ္ပဏီဥပဒေကိုမလိုက်နာခြင်းအတွက် ပြစ်ဒဏ် များဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီဒါရိုက်တာအဖွဲ့ကိုသာ ချမှတ်သည့်ဒဏ်ကြေးအများစုသာ ပါဝင်ပါကြောင်းနှင့် မေးမြန်းချက်ပါအကြောင်းအရာများသည် တည်ဆဲဥပဒေနှင့်သာ ဖြေရှင်းရန်ဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား ပြဿနာကိုမည်သို့ကူညီဖြေရှင်းပေးမည်ကို သိလိုကြောင်းနှင့် ကုမ္ပဏီမှ ယခုပြဿနာမျိုးမဖြစ်အောင် မည်သို့ထိန်းကျောင်းဆောင်ရွက်ပေးမည်ကို သိလို ကြောင်းမေးမြန်းရာ ဝန်ကြီးက တရားရုံးတွင်တရားစီရင်ရေးမဏ္ဍိုင်အရ ဖြေရှင်းရန် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော မွန်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် ခွင့်ပြုဆောင်ရွက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီမှ (၃၈၅.၄၃)ဧက၊ မိသားစုတပိုင်တနိုင်(၂၈၄.၄၈)ဧက တို့အား ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စာရင်းတွင် (၂၃၄၇၂.၉၀၆)ဧကကျန်ရှိပါကြောင်းနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လျှောက်ထား မှုတွင် မွန်ပြည်နယ်အစိုးရအနေဖြင့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ကန့်သတ် ခွင့်ပြုမှုမရှိပါကြောင်း၊ နိုင်ငံတော်၏ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်နိုင်ရေးအတွက် အများပြည်သူ အကျိုးထိခိုက်မှု မရှိစေဘဲ ရင်းနှီးမြှုပ်နှံမှုတည်တံ့စေရန် ရည်ရွယ်၍ သဘောထားမှတ်ချက်ပြုပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ခွင့်ပြုဆောင်ရွက်မှုကို လက်တွေ့မြေပြင်တွင် အသုံးဝင်မှု၊ အသုံးချမှုရှိ၊ မရှိအား လွှတ်တော်တွင်ဖွဲ့စည်းထားသည့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီမှ ပြန်လည်လေ့လာသုံးသပ် ဆောင်ရွက်သည့်အခါ အစိုးအဖွဲ့အနေဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဝန်ကြီးက မြေပြင်တွင်အမှန်တကယ်အသုံးချမှုရှိ၊ မရှိသုံးသပ်သည့်အခါ အစိုးရ အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) “မွန်ပြည်နယ်စာကြည့်တိုက်များဥပဒေကြမ်း’’နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အမည်စာရင်းတင်သွင်း ထားခြင်းမရှိသော်လည်း ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ဥပဒေပါပုဒ်မ ၃၅ အားပြင်ဆင်ပေးရန်ဆွေးနွေးခြင်းနှင့် ယင်းဥပဒေအား ဥပဒေပါပုဒ်မ ၃၅ ပြင်ဆင်ချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊
(ဂ) “မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ’’ အား ပြည်နယ်လွှတ်တော်မှမှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊
၃။ အစည်းအဝေးကို နံနက်(၁၁း၂၅)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြခြင်းနှင့် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။


