5092

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်ပုံမှန်အစည်းအဝေး (ပထမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် (၂၉)ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)    ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြား ခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

(ခ)    ကြယ်ပွင့်ပြမေးခွန်း()ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ ပထမမေးခွန်းအနေဖြင့် Post Primary Teacher Training (PPTT) ကျောင်းဆင်းဆရာ၊ ဆရာမများ ခန့်အပ်ခြင်းနှင့်ပတ်သက်၍သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက (PPTT) ဆရာ၊ ဆရာမများခန့်အပ်ခြင်း ကိစ္စသည် ပြည်ထောင်စုဝန်ကြီးဌာန၏မူဝါဒအရ ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မွန်ပြည်နယ်အတွင်းသက်ဆိုင်ရာ မြို့နယ်များတွင် ခန့်အပ်ပေးနိုင်ခြင်းရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက ပြည်ထောင်စုသို့ တင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၂) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာအုပ်စု၊ ကညှော်ကျေးရွာရှိ ကညှော်-ကူးတို့ဆိပ်အမှတ်(၃)တံတားအား အသစ်ပြန်လည်တည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က သင့်လျော်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်း အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း (Revised Estimate) (သို့မဟုတ်) အထွေထွေ ပိုလျှံရန်ပုံငွေ (General Reserve Fund) (၂)ခုမှ သင့်လျော်ရာ(၁)ခုတွင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။

(၃)     ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မေးမြန်းသော မုဒုံမြို့နယ်၊ ကွမ်လှာအထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက နေပြည်တော်သို့ တင်ပြဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြေကြား ပါသည်။

(၄) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှှ မေးမြန်းသော မော်လမြိုင်မြို့၊ အောက်လမ်းမကြီးတွင် လမ်းမီးများတပ်ဆင်ရန်ကျန်ရှိနေရခြင်းနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍  စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မီးတိုင်လဲလှယ်ခြင်းနှင့် မီးကြိုးလဲလှယ်ခြင်းကို ဘတ်ဂျက်တွင်ထည့်သွင်းထားပြီးဖြစ်ကြောင်းနှင့် ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၅)    ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မေးမြန်းသော ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ မုကျိရှိသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောနေအိမ်(၂)လုံးအတွက် ပြည်နယ်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက် ပေးမည်ကိုသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက  သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးမှုများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မလတ်တောင်ပြိုကျရာတွင် ပြုလုပ်ပေး သကဲ့သို့ လမ်း၊ ရေ၊ မီး၊ အိမ် အစရှိသည့်များ တည်ဆောက်ပေးခဲ့ပြီး မုကျိရွာတွင် ဘာကြောင့်မလုပ်ပေးသလဲဟုမေးမြန်းရာ ဝန်ကြီးကသဘာဝဘေးအန္တရာယ်ခံစားရာတွင် ပြင်းထန်မှုပေါ်မူတည်၍ ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ မုကျိရွာကိစ္စကို အစိုးရအဖွဲ့ Cabinet သို့တင်ပြပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။

(၆)     ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာရှိ လယ်သမားများမှ လိုအပ်နေသောရေမြောင်းများအား မိုးမကျမီဆောက်လုပ်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မည်သည့် ရန်ပုံငွေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်နည်းဟုမေးမြန်းရာ ဝန်ကြီးက မိုးရာသီမတိုင်ခင် ပြုလုပ်ပေးနိုင်လျှင် ပိုကောင်းမည်ဖြစ်သော်လည်း ၂၀၂၀-၂၀၂၁ ပိုလျှံရန်ပုံငွေ(သို့မဟုတ်) ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(သို့မဟုတ်)အခြားတစ်ခုခုနှင့် ဆောင်ရွက်ပေးနိုင်ရေး အစိုးရ အဖွဲ့သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(ဂ) “ကျားဖောင်/ငါးဖမ်းလုပ်ငန်းခွင်များအတွင်း ရေလုပ်သားများနှင့်ဆက်စပ်သည့် လူကုန်ကူးခံရမှု/ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမျာစနစ်တကျ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံဆောင်ရွက်သွားရန်တိုက်တွန်းကြောင်းအဆို ’’ အား ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ တင်သွင်းပြီး ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၆.၂.၂၀၂၀)ရက် (ကြာသပတေးနေ့)တွင် အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဃ)    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လပတ်အစီရင်ခံစာအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် မှတင်သွင်းခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၆.၂.၂၀၂၀)ရက် (ကြာသပတေးနေ့)တွင်  အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။       အစည်းအဝေးကို  နံနက်(၁၁း၃၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပမည့်ရက်ကို (၇.၂.၂၀၂၀)ရက် (သောကြာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။