3854

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

၁။      ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် ( ၂၈ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

DOWNLOAD PDF

 (က)  ကြယ်ပွင့်ပြမေးခွန်း( ၄ )ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပထမမေးခွန်းအနေဖြင့် မုဒုံမြို့နယ်၊ မွေးမြူရေးဇုန်ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍  စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှ မုဒုံမြို့နယ်၊ အဲမွန်ဒယာရပ်ရှိ ကြက်မွေးမြူရေးခြံနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးတွင် အမှုဖွင့်လှစ်ခဲ့ခြင်းအပေါ် လက်ရှိမြို့နယ် ဦးစီးမှူးဖြစ်သူ ဒေါက်တာနန်းကြူကြူအောင်အား ယနေ့အထိ တာဝန်ထမ်းဆောင်ခဲ့သော ကာလအတွင်း မြို့နယ်တရားရုံးမှ ဆင့်ခေါ်စာလာ ရောက်ခဲ့ခြင်းမရှိသော်လည်း မြို့နယ် တရားရုံးမှ ဆင့်ခေါ်လာပါက သက်သေအဖြစ် လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း အမှုကိစ္စများဖြေရှင်းရာတွင် ဌာနတစ်ခုတည်းကို ဖြေရှင်းတင်ပြခြင်း မျိုးမပြုလုပ်စေဘဲ လုပ်ငန်းများ အောင်မြင်မှုရှိစေရေးအတွက် ၎င်းအမှုနှင့်သက်ဆိုင်သည့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်စေလျက်ရှိပါကြောင်း၊ မုဒုံမြို့နယ်အတွင်း မွေးမြူရေး ဇုန်ပြုလုပ်ရန်အတွက် မြေနေရာအား မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ကမာဝက်ရပ်ကွက်၊ ကမာဝက်ကွင်းရှိ စားကျက်မြေ(၁၁)ဧကနှင့် မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာကွင်းရှိ စားကျက်မြေ(၁၁)ဧကတို့အနက်မှ ညှိနှိုင်းအဆင်ပြေမည့် မြေနေရာအား စားကျက်မြေပယ် ဖျက်ခြင်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ကြက်ခြံအမှုကိစ္စကို အမြန်ပြီးစီးအောင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ၊ တိမွေးကုဦးစီးမှူးသည် တရားရုံးသို့ ဆင့်ခေါ်သော်လဲ တစ်ကြိမ်တစ်ခါမှမလာခြင်း၊ ဒါကြောင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိခြင်း၊  နောက်ထက်ဖြစ် လာမည်ဆိုပါက ဒီလိုမဖြစ်အောင်ဝန်ကြီးအနေနဲ့ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမလဲ၊ မွေမြူရေးဇုန်ကိုဘယ်အချိန်၊ ဘယ်ကာလတွင် စတင်အကောင်အထည်ဖော်လုပ်ဆောင် ပေးမည်ကို သိလိုကြောင်းမေးမြန်ရာ လာမည့်တစ်ပတ်အတွင်းနယ်မြေခံကိုယ်စားလှယ်နဲ့ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မုဒုံမြို့နယ်အတွက် လိုအပ်သည့်မွေးမြူရေးဇုန်ရနိုင်ရန်အတွက် ဝန်ကြီးချုပ်ထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော မော်တော်ဆိုင်ကယ်အမည်ပေါက် ရရှိရေးနှင့် ပတ်သက်၍ သိရှိလို သောမေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှ မိမိအနေဖြင့် မော်တော်ဆိုင်ကယ်များကို ကနဦးမှတ်ပုံတင်လိုပါက ပို့ကုန်၊ သွင်းကုန်ဥပဒေနှင့်အညီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ထုံး လုပ်နည်းများအတိုင်း မှတ်ပုံတင်လိုသူ၏ အမည်ဖြင့် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC) လျှောက်ထားတင်သွင်းပြီး ကနဦး မှတ်ပုံတင်နိုင်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဘာကြောင့်ကုမ္ပဏီက Import Declartion Custom Statement လုပ်ပြီးမှ ITC ရပြီးသာကို ယာဉ်ပိုင်ရှင်အနေနဲ့ ၁၅% ထပ်ဆောင်ရတာလဲ၊ ကညနဌာန၏ ပြည်သူကိုဝန်ဆောင်မှုတွေ အခကြေးငွေမယူအောင် ဘယ်လိုထိန်းကျောင်းသွားမလဲမေးမြန်းရာ showroom မှ လိုအပ်သည့်စာရွက်စာတမ်းများ ပေးပြီး သက်တမ်းတိုးသည့်အခါ ကုမ္ပဏီမှပေးသည့်စာရွက်စာတမ်းများအပြည့်စုံပါရှိပါက ငွေထုတ်ပေးစရာမလိုကြောင်း၊ ပြည့်စုံမှုမရှိပါက အမည်ပေါက်အတွက် မော်တော်ယာဉ် ဥပဒေအရ တစ်ဦးတစ်ယောက်မှလက်လွှဲဝယ်ယူမည်ဆိုလျှင် ဝယ်ယူသူကအခွန်ဆောင် ပေးရမည်ဆိုပြီး မူချထားတာရှိပါကြောင်း၊ ကိုယ်စားလှယ်အနေနဲ့ သိလိုသည့်အသေးစိတ် အချက်များကို မိမိတို့ဆီပေးပို့ပြီး မိမိအနေဖြင့်လွှတ်တော်ဥက္ကကြီးမှတစ်ဆင့် အသေးစိတ် ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဖြည့်စွက်အကြံပြု ချက်အနေဖြင့် မော်တော်ဆိုင်ကယ်ဝယ်ယူသောပြည်သူများသည်မိမိတို့ တတ်နိုင်သော ငွေကြေးအရ  မတတ်နိုင်လို့ကုမ္ပဏီမှာ ဝယ်နေရတဲ့အနေအထားရှိပါကြောင်း၊ အဲလိုအပေါ် မှာ တစ်ခါတည်း ကုမ္ပဏီမှာဝယ်ပြီးမိမိအမည်ပေါက်ဖြစ်ဖို့လဲ သက်ဆိုင်ရာပြည်နယ် အစိုးရ မှမတတ်နိုင်ဘူးဆိုရင်တောင် ပြည်ထောင်စုအစိုးရသို့ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးရန် အကြံပြုခဲ့သည်။

(၃)    ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ မေးမြန်းသော လယ်ယာသုံးစက်ကိရိယာ၊ လယ်ထွန်စက်၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များကို လိုအပ်သောတောင်သူများထံ အစိုးရသတ်မှတ်ဈေးနှုန်းနှင့် ငှားရမ်းခွင့် ရရှိရေးကိစ္စနှင့်ပတ်သက်၍  သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ၊ ဦးထွန်းဌေး မှ မွန်ပြည်နယ်အတွင်းတွင် လက်ရှိအချိန်၌ ပြင်ပတောင်သူများအနေဖြင့် မိမိတို့၏ ငွေကြေးအင်အားပေါ်မူတည်၍ ထွန်စက်ကြီး(၁)စီး၊ (၂)စီး စသည်ဖြင့် ဝယ်ယူ၍ ထွန်ယက်ရေးလုပ်ငန်းများတွင် အငှားလိုက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းလုပ်ငန်းတွင် အစုအဖွဲ့အင်အားဖြင့် စခန်း ဖွင့်လှစ်ဆောင်ရွက်ရခြင်း၊ လုပ်ငန်းအနေအထားပေါ်မူတည်၍ ထယ်၊ ထွန်၊ မြေညှိကိရိယာ၊ ကန်သင်းဖော်ကိရိယာစသည်များအား ထွန်စက်တွင်လိုအပ်သလို ပြောင်းလဲချိတ်တွဲ ဆောင်ရွက်ရသဖြင့် စက်မောင်းတစ်ဦးချင်းအနေဖြင့် ဖော်ပြပါစက်ကိရိယာများအား ကိုင်တွယ်အသုံးပြုနိုင်သည့် အလေ့အကျင့်များရှိရန် လိုအပ်ခြင်းတို့ကြောင့် ပုဂ္ဂလိက ပြင်ပစက်များအား ငှားရမ်း၍ဆောင်ရွက်ခြင်းမရှိဘဲ ဌာနစက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

(၄)    ဒေါက်တာအောင်နိုင်ဦး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာကမ်းခြေ တစ်လျှောက်ရှိ မြေနုကျွန်းများနှင့်ပတ်သက်၍သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ၊ ဦးထွန်းဌေး မှဦးသန်းဌေးပါ(၁၂)ဦးအနက် (၁၀)ဦးမှာ ၂၀၁၃ခုနှစ်၊ ဇွန်လကုန်၌ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာပုံစံ(၁)ရယူ၍ ကော့မုပွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်လှနှင့် ရပ်ကျေးစာရေးဒေါ်စန္ဒာအောင် တို့ထံ တင်ပြခဲ့ရာ လျှောက်ထားသူ(၁၀)ဦးအနေဖြင့် ဓနိစိုက်ပျိုးလုပ်ပိုင်ခွင့်ရရှိခဲ့သည့် အချိန်မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိရန် လျှောက်ထားသည့် အချိန်ထိ မည်သူတစ်ဦးတစ်ယောက်မှ ကန့်ကွက်မှုမရှိခြင်း၊ ကော့မုပွန်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့မှ တားမြစ်စာများတစ်စုံတစ်ရာထုတ်ဆင့်ခြင်း မရှိခဲ့ခြင်း၊ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလတွင် ၎င်းတို့(၁၀)ဦးအမည်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇)စာအုပ်အစိမ်းနှင့်အတူ မြေစာရင်းပုံစံ (၁၀၅) သက်သေခံ မြေပုံတို့ကို ကော့မုပွန်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ တစ်ဆင့် ကိုယ်တိုင် လယ်ဝယ်ရရှိခဲ့မှုအား စာရင်းမှတ်တမ်းရေးသွင်းထားခြင်းများအား စိစစ်တွေ့ရှိရပါကြောင်း၊  လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇)ရရှိထားသော မြေဧရိယာ(၂၄.၀၀)ဧကတို့ကို ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ (၄)၊ (၅)၊ (၆) နှင့် နည်းဥပဒေအပိုဒ်(၃)မှ (၁၄(က)) အရ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အမှုတွဲဖွင့်လှစ်၍ လျှောက်ထား ခြင်းဖြစ်ပြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့၏ ခွင့်ပြုချက်ရရှိမှုအပေါ် ပုံစံ(၇) ထုတ်ပေးခဲ့ခြင်း၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလတွင် ၎င်းတို့အသီးသီး ပိုင်ဆိုင်သော ဦးပိုင် မြေကွက်မြေနေရာကို ဒေါ်ကလာဝတီ(ခ)ဒေါ်အေးအေးသန်းထံသို့ အပြီးအပိုင်လွှဲပြောင်း ရောင်းချခဲ့ပြီး ဒေါ်ကလာဝတီမှ (၂၇.၇.၂၀၁၇)ရက်နေ့တွင် အခြားနည်းအသုံးပြုခွင့် (လယ-၃၀(ခ))၊ အမှုတွဲအမှတ် ၊ ၈၃/လယ(၃၀)/ ၂၀၁၇-၂၀၁၈ (ချောင်းဆုံ)ဖြင့် ဟိုတယ်နှင့် မွန်ရိုးရာပြခန်းမြေအဖြစ်အသုံးပြုရန် လျှောက်ထားခဲ့ရာတွင် ကန့်ကွက်သူမရှိ၍ လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ သဘောထားမှတ်ချက်ဖြင့်တင်ပြခြင်းအပေါ် မွန်ပြည်နယ် အစိုးရအဖွဲ့၏ (၂၈.၇.၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၃၀၀/၁-၂၁/အဖရ(မွန်)ဖြင့် လယ်မြေမှ တပါး လယ်မြေကိုသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အခြားနည်းအသုံးပြု ခွင့်ပုံစံ-၁၅(က)ဖြင့် ခွင့်ပြုထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုမိန့်ရရှိထားသူမှ ခွင့်ပြုသည့် နည်းလမ်းအတိုင်း အသုံးပြုဆောင်ရွက်ခြင်းမရှိပါက ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ(၃၁)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

 (ခ)   ” လျှပ်စစ်မီးလင်းရေးကော်မတီများ တာဝန်နှင့်လုပ်ပိုင်ခွင့်များဆိုင်ရာ အဆို ” နှင့်  စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဦးချစ်တင် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)  တို့မှ ဆွေးနွေးခြင်းနှင့် အဆိုရှင်ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ဆွေးနွေးခြင်း၊

(ဂ)    ” လျှပ်စစ်မီးလင်းရေးကော်မတီများ တာဝန်နှင့်လုပ်ပိုင်ခွင့်များဆိုင်ရာ အဆို ” နှင့်  စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၊ လျှစ်စစ်နှင့်စက်မှု (ပူးတွဲတာဝန်) ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း၊

၃။       အစည်းအဝေးကို  နံနက်( ၁၁ ) နာရီ (၂၅)မိနစ်တွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့) ကျင်းပမည့်ရက်ကို(၂၆-၉-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀) နာရီတွင် ဆောင်ရွက်ပါမည်။