3848

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

၁။      ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် ( ၃၀ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

 (က)  ကြယ်ပွင့်ပြမေးခွန်း( ၄)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပထမမေးခွန်းအနေဖြင့် မွန်ပြည်နယ်မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေ စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ ၂၀၁၃ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဥပဒေအမှတ် ၃။ ဖြင့် ထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ်မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥပဒေအရ မွန်ပြည်နယ်၊ ခရိုင်/မြိုနယ် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီများကို ဖွဲ့စည်းဆောင် ရွက်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အကြောင်းကြားခဲ့ပါသည်။ မွန်ပြည်နယ် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီအဆင့်ဆင့်၏ လုပ်ငန်း တာဝန်(၁၂)ချက်ဖြင့် ဆောင်ရွက်ပြီး ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာန များ၏ ငွေစာရင်းမှသော်လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့တွင် ထူထောင်ထားသည့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှသော်လည်းကောင်း၊ ပြန်လည် ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ အထောက်အပံ့ဖြင့်လည်း ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်(၅)ချက်နှင့်အညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၈ခုနှစ်၊ မွန်ပြည်နယ် အတွင်းရေကြီးရေလျှံမှုများအတွက် မွန်ပြည်နယ် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါကြောင်း ဖြေကြားခဲ့ပြီး အကြံပြုချက်အနေဖြင့် ၂၀၁၄က ဥပဒေအရ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ပြည်နယ်အစိုးရကနေ အကြောင်းကြားခဲ့တဲ့အနေအထားမျိုးရှိခဲ့ကြောင်း၊ ဒီဥပဒေပြန် အသက်ဝင်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးဖြေကြားခဲ့ပါကြောင်း၊ နောင်အခါများမှာဆိုရင်လည်း အစိုးရ၏ cabinet ကဆုံးဖြတ်တဲ့စီမံခန့်ခွဲမှု ကော်မတီနဲ့ ဥပဒေမှာပါသည့်ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းရမည့်ကော်မတီနှစ်ခုစလုံးသည်တစ်ခုခုတော့ Format တူအောင်ဆောင်ရွက်သင့်ပါကြောင်း ဝန်ကြီးအား အကြံပြုခဲ့ပါသည်။

(၂)    ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ မေးမြန်းသော မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောက်မိုင်းများတွင် ယမ်းအသုံးပြုခွင့်နှင့် ယမ်းရောင်းချခြင်းတို့အား မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ— ကိုယ်စားလှယ်တော်ကြီးမေးမြန်းသွားတာနဲ့ပတ် သက်ပြီး ပြန်လည် ဖြေကြားသွားမှာဖြစ်ပါတယ်။ မေးခွန်းအားပြန်လည်ဖြေကြားခြင်းမပြုခင် အနည်းငယ်တင်ပြလိုပါတယ်။  ကိုယ်စားလှယ်တော်ကြီးသိရှိလိုတဲ့ အဓိကအကြောင်း အရာကတော့ ပြည်နယ်အတွင်းမှာရှိတဲ့ ယမ်းသုံးစွဲခွင့်ပြုထားတဲ့ ကျောက်မိုင်းများ အခြေအနေနှင့်ယမ်းရောင်းချမှုအခြေအနေ (၂)ခုကို မေးမြန်းထား တာဖြစ် ပါတယ်။ သို့သော်ကျွန်တော် တင်ပြလိုတဲ့အချက်ကအဓိကသိရှိလိုတဲ့ ကိစ္စနဲ့ ကွဲလွဲပြီး တော့မှ ကျွန်တော်တို့သြဂုတ်လ(၂၆)ရက်နေ့က မော်လမြိုင်မြို့  အတွင်း ကျောင်း တစ်ကျောင်းကို ယမ်းအသုံးပြုပြီးတော့မှ ကျောင်းသားလူငယ်များကို ခြိမ်းခြောက်ခြင်းခံနေရတယ်ဆိုတဲ့ ဆွေးနွေးချက်ထည့်သွင်း ဆွေးနွေးသွားတာတွေ့  ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မော်လမြိုင်ကျောင်းမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်က ကျောက်မိုင်းလုပ်ငန်းများမှာ  အသုံးပြုနေတဲ့ ယမ်းကိစ္စနဲ့ လုံးဝပတ်သက်ခြင်းမရှိပါဘူး။ သက်ဆိုင်ရာကျောင်းက ဆရာမတစ်ဦးက သူရဲ့ စာသင်ခန်းအတွင်းမှာ ဗီရီုအတွင်းမှာ သိမ်းဆည်းထားတဲ့ငွေ(၅) သိန်းခိုး ယူပျောက်ဆုံးမှုဖြစ်ပြီး စာသင်ခန်းထဲက စာသင်တဲ့ White Board ပေါ်မှာ မဖွယ်မရာရေးသားခဲ့ခြင်းကိစ္စသာဖြစ်ပါတယ်။ ဒါနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာကျောင်းမှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ အနီးပတ်ဝန်းကျင်ရှိ အများပြည်သူအထင်မှား၊ အမြင်မှားမဖြစ်စေရေးအတွက် လုံခြုံရေးအာမခံချက်ပေးတဲ့ အနေနဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးစီမံကြီးကြပ်မှုနှင့် အတူပြည်နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြပ်မတ်ပြီး လိုအပ်သောလုံခြုံရေးစိစစ်မှုများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ပြုလုပ်တဲ့နေရာမှာလည်း မော်လမြိုင်မြို့မှာရှိတဲ့ သတင်းမီဒီယာသမားအားလုံးကို ဖိတ်ခေါ်ပြီး စာသင်ခန်းထဲရှိ White Board မှာရေးသားထားချက်ဟာ မဟုတ်မမှန်ကြောင်း၊ လုံခြုံရေးအာမခံချက်ပေးခဲ့ပါကြောင်း၊ အခုဆက်လက်ပြီး မေးခွန်းကို ဖြေကြားပေးပါမယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ သိရှိလိုတဲ့အချက်တွေနဲ့ ပတ်သက် ပြီးတော့ ကျွန်တော်အကျယ်တဝင့် စာရေးသားပေးပို့တင်ပြထားပြီး ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်းမှာ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် ရရှိသူ (၁၀၄)ဦး၊ ဂဝံကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရရှိသူ(၄)ဦး၊ စုစုပေါင်း(၁၀၈)ဦးရှိပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှာတော့ ယခင်နှစ်က ခွင့်ပြုခဲ့တဲ့လိုင်စင်ရရှိသူများအနက်မှ လမ်းခင်း ကျောက်ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုး တင်ပြလာသူ (၈၉)ဦးရှိကြောင်း၊ လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင်အသစ်လျှောက်ထားသူက (၁၃)ဦး ရှိကြောင်း၊ ဂဝံကျောက်ထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းတိုးသူ (၁)ဦးရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင်ရရှိသူစုစုပေါင်း (၁၀၃)ဦးရှိပါကြောင်း၊ လိုင်စင်ရရှိသူများနှင့် စပ်လျဉ်းပြီးတော့ မြို့နယ်အလိုက်၊ ဦးရေတွေ၊ အရေအတွက်တွေ၊ ယမ်းဝယ်ယူသုံးစွဲနေတဲ့ အခြေအနေတွေကိုတော့ ကျွန်တော် အပြည့်အစုံ အကျယ်တဝင့် ရေးသားပြုစုပေးပို့ တင်ပြထားပြီ ဖြစ်ပါကြောင်း၊ ဒီနေရာမှာ ခြုံငုံပြောပြရမယ်ဆိုရင် လိုင်စင်ရရှိထားတဲ့ ကျောက်လုပ်ငန်းရှင်များအားလုံးဟာ ယမ်းသုံးစွဲသူများချည်းမဟုတ်ဘဲ အချို့လုပ်ငန်းများဟာ လူလုပ်အားနှင့် တစ်နိုင်တစ်ပိုင် လုပ်တဲ့ ကျောက်မိုင်းလုပ်ငန်းလိုင်စင်ရရှိတဲ့သူများလည်းရှိပါကြောင်း၊ ယမ်းသုံးစွဲပြီးတော့မှ ပြုလုပ်ရမယ့် လုပ်ငန်းရှင်များအနေနဲ့ကတော့ ယမ်းဝယ်ယူဖြန့်ချီရောင်းချခွင့် တရားဝင် ခွင့်ပြုထားတဲ့ သမဝါယမအသင်းလီမိတက်များ၊ အဖွဲ့  အစည်းများ၊ ကုမ္ပဏီများမှ တစ်ဆင့် ဝယ်ယူပြီး သုံးစွဲနေတာဖြစ်ကြောင်းတင်ပြလိုပါတယ်၊ ကျောက်မိုင်းလိုင်စင်နဲ့ ပတ်သက်ပြီး တင်ပြလိုတာရှိကြောင်း၊ ဒါကတော့ လမ်းခင်းကျောက်ကိုသော်လည်းကောင်း၊ ဂဝံကျောက် ကိုသော်လည်းကောင်း၊ ထုတ်လုပ်ခွင့်လိုင်စင်နှင့် ပတ်သက်ပြီးတော့ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်မှတစ်ဆင့် လျှောက်ထားပြီးတော့မှ  ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုဆက်လက်ပြီးတော့ တင်ပြပါကြောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေနဲ့လည်း ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီးမှ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်နှင့် ကျောက်ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ကျောက်ထုတ်လုပ်ခွင့်လိုင်စင်ဆိုသည်မှာ ယမ်းအသုံးပြုခွင့်မပါပါဘူး၊ ကျောက်ထုတ်လုပ် ခွင့်ကိုဘဲ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ကျောက်ထုတ်လုပ်ခွင့် ပေးတာဖြစ်ပါကြောင်း၊ ကျောက်ထုတ်လုပ်ခွင့်မှာ ယမ်းအသုံးပြုခွင့်၊ ယမ်းရောင်းချခွင့်၊ သိုလှောင်ခွင့်မပါပါဘူး။ ဒါကြောင့် အစိုးရအဖွဲ့က ပေးလိုက်တဲ့ကျောက်ထုတ်လုပ် ခွင့်လိုင်စင်ရပြီးသူက ယမ်းဝယ်ယူခွင့်၊ သယ်ဆောင်ခွင့်၊ သိုလှောင်ခွင့်၊ သုံးစွဲခွင့်ကို ဒုတိယအပိုင်းအနေနဲ့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယမ်းသုံးစွဲခွင့်၊ ယမ်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအဖွဲ့က ခွင့်ပြုတာမဟုတ်ပါကြောင်း၊ ဒါနဲ့ပတ်သက်ပြီး ၂၀၁၃ခုနှစ်၊ ဇွန်လ၊ (၁၃)ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၇၊ လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ဆိုင်ရာ ဥပဒေမှာအတိအလင်းဖော်ပြ ထားရှိပြီဖြစ်ကြောင်း၊ ဒီဥပဒေမှာ အခန်း(၁) အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်၊ အခန်း(၃) လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း၊ အခန်း(၄) လိုင်စင်လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း၊ အခန်း(၅)လိုင်စင်ရရှိသူနှင့်ခွင့်ပြုချက်ရရှိသူတို့၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ နောက်စစ်ဆေးရေး အရာရှိချုပ်၏လုပ်ငန်းတာဝန်များ၊ တားမြစ်ချက်များ၊ အခန်း(၈) ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၉) အထွေထွေ ဆိုပြီး အခန်း(၉)ခန်းနှင့် ပြည်ထောင်စု လွှတ်တော်မှ ဥပဒေအမှတ် ၁၇ နဲ့ ထုတ်ပြန်ကြေညာပြဋ္ဌာန်းပြီ ဖြစ်ပါကြောင်း၊ ဒီဥပဒေနှင့်သက်ဆိုင်တဲ့ အဓိကဆောင်ရွက်ရမယ့်ဌာနကတော့ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနဖြစ်ပါကြောင်း၊ ဒါကြောင့်ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒီဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက်ကို ပြီးခဲ့တဲ့ သြဂုတ်လ၊ ၂၉ရက်နေ့မှာ ပြည်နယ်အစိုးရအဖွဲ့ ဟင်္သာခန်းမမှာ ကျောက်မိုင်းလုပ်ငန်းရှင်အားလုံးကို ခေါ်ယူ တွေ့ဆုံပြီးတော့မှ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးချပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒီဆွေးနွေးပွဲမှာ လိုအပ်သလို ပူူးပေါင်းပါဝင်ဆွေးနွေးပေးနိုင်ဖို့အတွက် ပြည်နယ် ကျောက်မိုင်း လုပ်ငန်းများ ရှိနေတဲ့ နယ်မြေဒေသမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို လေးစားစွာ ဖိတ်ကြား ခဲ့ပါတယ်။ သို့သော် ဒီဆွေးနွေးပွဲကိုတပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အချို့  သာ တက်ရောက်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ကျောက်မိုင်း လုပ်ငန်းများအနေဖြင့် လိုင်စင်လျှောက်ထားစဉ်တုန်းက တင်ပြခဲ့ တဲ့ ခွင့်ပြုတဲ့ ကျောက်ကျင်းအရေအတွက်ထက် မြေပြင်မှာ ပိုမိုထုတ်လုပ်မှုမရှိစေရေး၊ လိုင်စင်စတင် လျှောက်ထား စဉ်ထဲက အမှန်တကယ်ထုတ်လုပ်မယ့် ကျောက်ကျင်းအရေအတွက်ကို မှန်ကန်စွာတင်ပြရေး၊ ပြည်နယ်၏ အခွန်ဘဏ္ဍာငွေလျော့နည်းထိခိုက်မှုမရှိစေရေး ကိုဝန်ကြီးချုပ်အနေနဲ့ အကျယ်တဝင့် ချပြဆွေးနွေးခဲ့ ပါကြောင်း၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးအနေနဲ့လည်းပြည်ထောင်စုဥပဒေအမှတ် ၁၇ နှင့်ပတ်သက်ပြီးတော့လည်း ယမ်းအသုံးပြုခွင့်တွေကို တိကျစွာလိုက်နာဆောင်ရွက်ဖို့အတွက်ကို အကျယ်တဝင့် ရှင်းလင်း ပေးခဲ့ပါကြောင်း၊ စီမံ၊ ဘဏ္ဍာဝန်ကြီးကလည်း သက်ဆိုင်ရာအခွန်ဦးစီးဌာနကို ပေးသွင်းရမယ့် အခွန်အခများမှန်ကန်စွာ ပေးသွင်းဖို့၊ အလားတူ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် အစားထိုးပြန်လည်လုပ်ဆောင်ပေးရမည့် လုပ်ငန်းများကိုလည်းရှင်းလင်းခဲ့ပါကြောင်း၊ ပြည်နယ်ဥပဒေချုပ်ကလည်း ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပေးခဲ့ပြီဖြစ်ပါကြောင်း၊ ဒါကြောင့်ကျွန်တော်တင်ပြလိုတဲ့ အချက်ကတော့ ယမ်းအသုံးပြုခွင့်၊ သိုလှောင်ခွင့်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၇ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆောင်ရွက်သွား ရမှာဖြစ်ပြီး ဒါတွေကို ခွင့်ပြုခြင်း၊ စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း၊ထိန်းသိမ်းခြင်း တွေဟာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သက်ဆိုင်ရာ ပြည်နယ် အဆင့်ဌာနဆိုင်ရာတွေရဲ့ တာဝန်ဖြစ်ပါကြောင်းတင်ပြပြီး အစိုးရအဖွဲ့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်အားလျော်စွာ လိုအပ်သောစိစစ်ကြပ်မတ်မှု၊ ညွှန်ကြားမှု များကို ဆောင်ရွက်ပေးထားပြီဖြစ်ပါကြောင်း၊ နောက်တစ်ပိုင်းကတော့ ဒီယမ်းသို လှောင်ခွင့်ဖြစ်ပါတယ်။ ယမ်းသိုလှောင်ခွင့်နှင့်ပတ်သက်ပြီး ယမ်းဆိုတာ ယမ်းကိုင်တွယ် အသုံးပြုသူအတွက် အန္တရာယ်ရှိတဲ့အပြင် အများပြည်သူလူထုအတွက် အန္တရာယ်ရှိစေတဲ့ လုံခြုံရေးကျိုးပေါက်စေနိုင်တဲ့ အရေးကြီးတဲ့ ပစ္စည်းတစ်ခုုုဖြစ်တဲ့အတွက်ကြောင့် တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့ များကလွဲ၍ ပြင်ပမှာ သိုလှောင်ထားသိုခြင်းခွင့်မပြုပါကြောင်း၊ ယမ်းသိုလှောင်ခွင့်ကို သက်ဆိုင်ရာ နယ်မြေမှာရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့များကို တင်ပြပြီးတော့မှ တပ်ရင်း၊ တပ်ဖွဲ့များမှ တစ်ဆင့် သက်ဆိုင်ရာတိုင်း၊ စစ်ဌာနချုပ်ရဲ့ ခွင့်ပြုချက်အရ တပ်ရင်း၊ တပ်ဖွဲ့အတွင်းမှာပေးတဲ့မြေနေရာမှာဘဲ ယမ်းတိုက် ဆောက်လုပ်ရမှာဖြစ်ပါကြောင်း၊ တပ်မတော်အနေနဲ့ ယမ်းတိုက်ဆောက်လုပ်ဖို့မြေနေရာ သာ တပ်ရင်း၊ တပ်ဖွဲ့မှာ ခွင့်ပြုပေးခြင်းဖြစ်ပါကြောင်း၊ ဒီယမ်းတိုက်ဆောက်လုပ်ဖို့ အတွက်ကိုဘဲ ပြည်ထောင်စုဥပဒေအမှတ် ၁၇ မှာ အတိအလင်းဖော်ပြထားပါကြောင်း၊ ယမ်းတိုက်ဆောက်လုပ်ခွင့်တင်ပြရပါကြောင်း၊ လိုင်စင်တင်ပြပြီးမှ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနက စစ်ဆေးရေးအရာရှိချုပ်မှ သတ်မှတ်ပေး တဲ့ပုံစံ ဒီဇိုင်းအတိုင်း ယမ်းတိုက်ကိုဆောက်လုပ်ရမှာ ဖြစ်ပါကြောင်း၊ ယင်းအတိုင်း ဆောင်ရွက်ခြင်းမပြုပါက လိုင်စင်မဲ့ ယမ်းတိုက်ဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း၊ ယမ်းနှင့်ပတ်သက်လာလျှင်၊ ကျောက်မိုင်းနှင့်ပတ်သက်လို့ရှိရင် ပထမဦးဆုံးတစ်ချက်က လုပ်ငန်းလိုင်စင်ခွင့်ပြုတာဖြစ်ပါကြောင်း၊ ဒါကို အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးရတာဖြစ်ပါကြောင်း၊ ဒုတိယအချက်က ယမ်းနှင့်ပတ်သက်တဲ့ ကိစ္စအ၀၀ကတော့ တင်ပြခဲ့တဲ့ပြည်ထောင်စုဥပဒေအမှတ် ၁၇၊ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော  ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်နေတာ ဖြစ်ပါကြောင်း၊ တတိယအချက်ကတော့ ယမ်းတိုက်ဆောက်လုပ်တဲ့မြေနေရာကို တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့ကနေသာ မြေနေရာပေးခြင်း သာ ဖြစ်ပါကြောင်း၊ တင်ပြလိုပါတယ်။ သို့သော်လည်းဘဲ အခုတင်ပြခဲ့တဲ့ အချက်အလက်များနှင့်ပတ်သက်ပြီး မြေပြင်မှာ ကွဲလွဲဆောင်ရွက်မှုများရှိနေပါကလည်း ပြည်နယ်အစိုးရအဖွဲ့ကို ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးသောအားဖြင့် အသိပေးခြင်း၊ အကြောင်းကြားခြင်းများ ဆောင်ရွက် ပေးနိုင်ပါရန် မေတ္တာရပ်ခံရပါကြောင်းနှင့် ထိုသို့အသိပေး ၊ အကြောင်းကြားလာပါကလည်း အစိုးရအဖွဲ့အနေနဲ့ အလေးထား စိစစ်၊ ကြပ်မတ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ခြိမ်းခြောက်ခံရ တယ်ဆိုတာလည်း မှန်ခဲ့ပါတယ်။ မဖွယ်မရာဆိုတဲ့စကားလုံး သက်ဆိုင်ရာ ဝန်ကြီးကနေလည်း အတိအလင်း၊ သက်ဆိုင်ရာ အစိုးရအနေလည်း မီဒီယာများနှင့် ဖြေရှင်းဆောင်ရွက်ခဲ့တာလည်း ပြောကြားခဲ့ပါကြောင်း၊  ဒါပေမယ့် ဒါကို မဟုတ်ခဲ့ဘူးလို့ငြင်းလို့မရပါကြောင်း၊ ခြိမ်းခြောက်ခံခဲ့ရတယ် ဖောက်ခွဲမယ် စကားလုံးမျိုး သုံးခဲ့တဲ့အတွက် ဒါကို Hight Light လုပ်ပြီး တင်ပြရခြင်းဖြစ်ပါကြောင်း၊ ယမ်းကိုအသုံးမပြုဘဲ ထုတ်လုပ်နေတဲ့မိုင်းတွေရှိပါတယ်လို့ဝန်ကြီးကဖြေကြားခဲ့ပါကြောင်း၊  အဲ့ဒီ့မိုင်းတွေရဲ့ နာမည်စာရင်းကိုသိရှိလိုပါကြောင်း၊  တကယ်လို့ဒီမိုင်းတွေသာ ယမ်းကို အသုံးပြုခဲ့မယ်ဆိုလို့ရှိရင် ဆက်လက်အရေးယူဆောင်ရွက်ခြင်းရှိ၊ မရှိကို မေးမြန်းရာ ယမ်းအသုံးပြုခြင်းမရှိဘဲနှင့် လူရဲ့လုပ်အားနဲ့ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နေတဲ့ လုပ်ငန်းစာရင်းကို ပြည်နယ်အစိုးရအဖွဲ့က ပြုစုပြီး လွှတ်တော်သို့ ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။

 

(၃)    ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ မေးမြန်းသော ဘီးလင်းမြို့နယ်၊ နွေစပါးပိုမိုစိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရေး အတွက် ပညာရှင်များဖြင့် လေ့လာဆန်းစစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ၊ ဦးထွန်းဌေး မှ လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းတစ်ခု စတင်ဆောင်ရွက်ရန်အတွက် စူးစမ်းလေ့လာ ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းအပိုင်းများပါဝင်ပြီး၊ လိုအပ်သောစီမံကိန်းဆိုင်ရာ အချက် အလက်များ (Data Resources) အတွက် (က) ပဏာမလေ့လာမှုအဆင့် (Reconnnaissance Study)၊ (ခ) အကြိုဖြစ်မြောက်နိုင်စွမ်းအဆင့် (Pre – Feasibility Study)၊ ဖြစ်မြေက်နိုင်စွမ်းအဆင့် (Feasibility Study) ဖြင့်လေ့လာပြုစုရပါကြောင်း၊ ဘီးလင်းမြစ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသည် ဆောင်ရွက်သင့်သော  လုပ်ငန်းဖြစ်ပြီး၊ အကြိုဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုများအရ အကျိုးအမြတ်ရှိမည်ဆိုပါက ဆောင် ရွက်ရန်လိုအပ်မည်ြ့ဖစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် လျှပ်စစ်မြစ်ရေ တင်စီမံကိန်းဖြစ်မြောက်နိုင်ချေ ရှိ၊ မရှိကို ပညာရှင်များနှင့် လေ့လာသုံးသပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိမေးခွန်းဖြစ်ပါကြောင်း၊ ဝန်ကြီးအနေဖြင့် ဖြေသွားသည့်အခါတွင် ဆောင်ရွက် သင့်သော လုပ်ငန်းဖြစ်တယ်ဟု ယေဘုယျဖြေကြား သွားတာတွေ့ရပါကြောင်း၊  လေ့လာ ဆန်းစစ်သည့်လုပ်ငန်းကို စီစဉ်ဆောင်ရွက်ပေး နိုင်ခြင်းရှိ၊ မရှိ ၊ ဆောင်ရွက်ပေးမည်ဆို ပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဆိုတာကို သိချင်ကြောင်း မေးမြန်းရာ ပေါင်မြို့နယ်နှင့်ဘီးလင်းမြို့နယ်သည် နွေစပါးကို အဓိကထားစိုက်ပျိုးသည့်မြို့နယ်များ ဖြစ်ကြောင်း၊ မြို့နယ်များအတွက် အဓိကလိုအပ်နေတဲ့ စပါးတိုးချဲ့စိုက်ပျိုးဖို့အတွက် အောင်ရေကို ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့အနေနဲ့က ဘယ်လိုဖြည့်ဆည်း ဆောင်ရွက်ပေးရမလဲဆိုတာကို အမြဲတမ်းစဉ်းစားသုံးသပ်နေရတဲ့ အခြေအနေမျိုးရှိ နေကြောင်း၊ ဘီးလင်းမြို့နယ်မြေပြင်တိုင်းတာခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ဆက်စပ် မေးခွန်းအနေဖြင့်ဖြေကြားရမည်ဆိုလျှင် ဘီးလင်းမြို့နယ် နွေစပါးတိုးချဲ့စိုက်ပျိုး လုပ်ငန်းသည် အစိုးရအဖွဲ့အတွက် မဆွတ်ခင်းကတည်းက ညွှတ်ချင်ချင်ဖြစ်နေတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ ယခုနယ်မြေခံကိုယ်စားလှယ်အနေဖြင့်လည်း စတင်ရေလာ မြောင်းပေး လုပ်လာသည့် အတွက်ကြောင့် အရှိန်အဟန်စီးဆင်းပေးရမည့် တာဝန်ဝတ္တရား ရှိလာပြီးဖြစ်ပါကြောင်း၊ ယခုလိုနှစ်ဦးနှစ်ဖက်ကြည်ဖြူသည့်အတွက်ကြောင့် မကြာခင် ပွင့်လင်းရာသီရောက်သည့်နှင့် မြေပြင်တိုင်းတာခြင်းလုပ်ငန်းကိုစတင် ဆောင်ရွက်နိုင်ဖို့ အတွက် ဆက်စပ်တင်ပြလိုသည်မှာ ဘတ်ဂျက်ရရှိနိုင်ရန်ဖြစ်ပါကြောင်း၊ မြေပြင်တိုင်း တာခြင်း လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် feasibility study ကုန်ကျမည့် ငွေကြေးသည် ကျပ်သိန်း(၃၀၀)ဖြစ်ပါကြောင်းနှင့်  ကျပ်သိန်း (၅၀၀)ဖြစ် ပါကြောင်းနှင့်စုစုပေါင်းကျပ်သိန်း (၈၀၀)ကို မြေပြင်တိုင်းတာ survey လုပ်ငန်းတွင် သုံးစွဲရမည်ဖြစ်သည့်အတွက်ကြောင့် ပြည်နယ်ဘတ်ဂျက်မှ အဆင်ပြေနိုင်မည့် ခေါင်းစဉ်တစ်ခုမှ အမြန်ဆုံးရရှိနိုင်မည်ဆိုလျှင် ပြည်နယ်ဆည်မြောင်းအနေနဲ့ အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ plan Aအနေနဲ့ သိန်း(၈၀၀)ကို မွန်ပြည်နယ်ရဲ့ တစ်ခုသောခေါင်းစဉ်ထဲကနေချပေးလိုက်မည်ဆိုလျှင် အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဘတ်ဂျက်ကာလ စတင်တော့ မည်ဖြစ်သည့်အတွက် လျာထားငွေကြေးမရှိလျှင်  plan P အနေနဲ့စဉ်းစားတာက ကျပ်သိန်း (၈၀၀)ကို လက်ရှိဘီးလင်းမြို့နယ်မှာဆောင်ရွက်လုပ်ငန်းများကို ပြည်နယ် ဆည်မြောင်း လျာထားအထဲမှ ပွင့်လင်းရာသီမှာစတင်ဆောင်ရွက်တော့မည့် လိုအပ်သိန်း (၈၀၀)ကို ခေါင်းစဉ်ပြောင်းသုံးစွဲခွင့်ရမည်ဆိုလျှင် ပဏာမစူးစမ်းရေးလုပ်ငန်းကို အမြန်ဆုံးစတင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်းသုံးစွဲ သည့်ဆည်မြောင်းလုပ်ငန်း ကိုချန်ခဲ့မည်မဟုတ်ကြောင်း၊ နောက်ထပ်ရမည့် RE ဘတ်ဂျက်တွင် ဆည်မြောင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ငွေကျပ်သိန်း(၈၀၀)ရရှိနိုင်ဖို့အတွက် plant Aအနေနဲ့အဆင်ပြေနိုင်မည်ဆိုလျှင်အမြန်ဆုံး စတင်ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါ ကြောင်း၊ plan A အဆင်မပြေဘဲ plan Pနှင့်သွားရမည်ဆိုလျှင် သက်ဆိုင်ရာ နယ်မြေခံ ကိုယ်စားလှယ်အနေနဲ့ ဘီးလင်းမြို့နယ်ဆည်မြောင်းလုပ်ငန်း တစ်ချို့တစ်ဝက်ကို ခေါင်းစဉ် ပြောင်းသုံးစွဲခွင့်ပြုမည်ဆိုလျှင် အဲဒီအတွက်လိုအပ်သည့် ဘတ်ဂျက်ကို RE တွင်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်နိုင်ပါကြောင်းနှင့် ယင်းကိစ္စကို နယ်မြေခံ ကိုယ်စားလှယ်အနေနဲ့သဘောတူခြင်းရှိ၊မရှိကို ပြန်လည်းဆွေးနွေး တင်ပြပေးစေ လိုပါကြောင်းမေတ္တာရပ်ခံအပ်ပါကြောင်း ပြန်လည်းဖြေကြားခဲ့ပြီး ထပ်ဆင့်ဆက်စပ် အနေဖြင့် plan A အနေနဲ့ အဆင်ပြေကြောင်း၊ plan P အနေနဲ့ ဘီးလင်းမြို့နယ် အတွက် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်လျာထားတဲ့ ချောင်းမြောင်းတူး ဖော်ရေးလုပ်ငန်း (၅)ခု၊ ရေထိန်းတံခါးတည်ဆောက်ရေးလုပ်ငန်း (၁)ခုရှိပါကြောင်း၊ ချောင်းမြောင်းတူး ဖော်ရေး လုပ်ငန်း (၅)ခုသည် ဒေသခံတောင်သူများအနေနဲ့ စောင့်ဆိုင်းခဲ့ရသည်မှာ ၄၊ ၅၊၆၊ ၇နှစ်ရှိ ပြီးဖြစ်ကြောင်း၊ အမှန်တကယ်လုပ်ဖို့လိုအပ်နေသည့်အတွက် တောင်သူများ သိရှိထားပြီး ဖြစ်သည့်အတွက် လုပ်ငန်း (၅)ခုလျော့လို့ မဖြစ်နိုင်ကြောင်း၊ အချိန်ကာလ အားဖြင့် RE တွင် ပြန်ဖြည့်ရန် supplementary grant သည် မိုးတွင်းကာလဖြစ်ပါကြောင်း၊ လုပ်ငန်းလုပ်သည့်ရည်ရွယ်ချက်သည် မိုးတွင်းမတိုင်ခင် ရေစီးရေလာကောင်းမွန်ရေး၊ စပါးရေကြီးနစ်မြှပ်မှုမှကာကွယ်ရေး ရည်ရွယ်ပြီးလုပ်တာ ဖြစ်သည့်အတွက် ပြန်ဖြည့်စွက် ပါက မမီနိုင်ပါကြောင်း၊ ဒီလုပ်ငန်းများကို မထိဘဲတောင်သူများ အတွက် အသုံးပြုခွင့်ပြုပြီး မွန်ပြည်နယ်အစိုးရ၏ သင့်တော်သည်ရန်ပုံငွေတစ်ရပ်ရပ်နဲ့ဆောင်ရွက်ပေးစေလိုပါကြောင်း ဖြည့်စွက်အကြံပြု ခဲ့ပါသည်။

(၄)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ယစ်မျိုးခွန်ဥပဒေနှင့်ပတ်သက်၍သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ ပြည်နယ်အတွင်းမြို့နယ် ခရိုင်ပြည်နယ်အဆင့် ယစ်မျိုးခွန်းတိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးကော်မတီများ၊ သတင်းစုံးစမ်းရေးအဖွဲ့များနှင့် တားဆီးနှိမ်နှင်းရေးအဖွဲ့များ မြို့နယ်ခရိုင်ပြည်နယ်အဆင့် ဖွဲ့စည်းထားရှိပြီး လိုင်စင်နှင့်မြေပြင်လုပ်ကိုင်ဆောင်ရွက်မှု ကွဲလွဲမှုမရှိစေရေး၊ ကွဲလွဲပါက စိစစ်အရေးယူဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပြည်သူလူထုမှ သီးခြားလိုင်စင်နှင့် ကွဲလွဲလုပ်ကိုင် ဆောင်ရွက်နေမှုကို သီးခြားတင်ပြမှု၊ အသိပေးအကြောင်းကြားမှုများနဲ့ပတ်သက်တဲ့ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သီးခြားစီမံချက်အနေနဲ့ရှောင်တခင်၊ လျှပ်တပြတ်ဝင်ရောက် စစ်ဆေးအရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း ဖြေကြားအပ်ပါကြောင်း၊ ၂၀၁၈ခုနှစ်ဇန်နဝါရီလ ၁ရက်နေ့မှ သြဂုတ်လ ၃၁ရက်နေ့အထိ လိုင်စင်ပါစည်းမျဉ်း စည်းကမ်းဖောက်ဖျက်မှု (၇)မှုနှင့် လိုင်စင်မဲ့အရက်ရောင်းဝယ်ဖောက်ကားမှု (၄၄)မှု၊ စုစုပေါင်း(၅၁)မှုကို ဖော်ထုတ်အရေးယူဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယစ်မျိုးလိုင်စင် နှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်လိုသူသည် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရပါကြောင်း၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့အစိုးရအဖွဲ့၏အစည်းအဝေးမှတ်တမ်း သဘောတူဆုံးဖြတ် ချက်များရယူပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်သို့ ပေးပို့တင်ပြရပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်ကနေပြီး လိုင်စင်စိစစ်ပြီး ခွင့်ပြုသည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ရှင်းပြသည့်အတိုင်း ယစ်မျိုးမူဝါဒနှင့် ၂၀၁၄ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်မှ ကတိကဝတ်ပေါ်ပေါက်နေမှုအရ ယစ်မျိုးလိုင်စင် များကို တစ်နှစ်ထက်တစ်နှစ် လျော့နည်းခွင့်ပြုပေးနေတာဖြစ်ပါကြောင်း၊ ဥပမာ-
၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာယစ်မျိုးလိုင်စင်ခွင့်ပြုခဲ့တာ (၄၁၂၆၃)ခုရှိခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ကတိကဝတ်နှင့်ယစ်မျိုးမူဝါဒအရ ၂၀၁၄-၂၀၁၅တွင် ယစ်မျိုး(၅၃)ခုလျော့နည်းလျော့ချပြီး (၄၁၂၁၀)သာခွင့်ပြုခဲ့ကြောင်း၊ အလာတူ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လိုင်စင်(၄၁၁၅၃)ခုသာခွင့်ပြုပြီး လိုင်စင် (၅၃)ခု ထပ်မံလျော့ချခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်ကချမှတ် ပေးသည့် လိုင်စင်ထက် (၃)ခုလျော့နည်းပြီး (၄၁၁၅၀)သာခွင့်ပြုပေးခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်း အတာယစ်မျိုးလိုင်စင်လျော့နည်းခွင့်ပြုခဲ့သည့်အထဲမှာ မွန်ပြည်နယ်လည်း ပါဝင်အကျုံးဝင် ခွင့်ပြုခဲ့တာဖြစ်ပါကြောင်း၊ ယစ်မျိုးမူဝါဒအရ လိုင်စင်အသစ်ထပ်ပြီး ခွင့်မပြုသော်လဲ ခွင့်ပြုပြီးသာလိုင်စင်များနှင့်ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်ဆောင် ရွက်နိုင်မှု မရှိတော့သည့်လိုင်စင်များနှင့်ပတ်သက်ပြီး ယစ်မျုးိလိုင်စင်စီ တည်နေရာနှင့် လိုင်စင်အမျိုးအစားပြောင်းလဲလျှောက်ထားလာမည်ဆိုလျှင် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်သို့ သဘောထားမှတ်ချက်နှင့်အတူတင်ပြပြီး လိုင်စင်စီ အမည်ပြောင်းလဲခြင်းများကို ခွင့်ပြုပေးလျက်ရှိပါကြောင်းဖြည့်စွက် ဖြေကြားပါကြောင်း၊ ခွင့်ပြုပြီးလိုင်စင်နှုန်းထားကို နိမ့်ရာမှမြင့်ရာသို့ တိုးမြှင့်ကောက်ခံခြင်းအားဖြင့် ဘယ်လို စည်းကြပ်ကောက်ခံမလဲဆိုသည့်မေးခွန်းနှင့်စပ်လျဉ်းပြီး FL-11သည်နိုင်ငံခြား အရက်ကို လက်ကားရောင်းချခွင့်လိုင်စင်ဖြစ်ပါကြောင်း၊ FL-12 သည် နိုင်ငံခြားအရက်ကို ကုန်စုံ ဆိုင်တွင် လက်လီရောင်းချခွင့်ပြုပြီး ရောင်းချသည့်ကုန်စုံဆိုင်ပုရဝုဏ်အတွင်း ၊ ဥပစာ အတွင်းမှာ သောက်သုံးခွင့်မရှိသော လိုင်စင်ဖြစ်ကြောင်း၊ နိုင်ငံခြားအရက်ကို ရောင်းဝယ် ဖောက်ကားမည်ဆိုလျှင် FL-11 လိုင်စင်ကို လျှောက်ထားရယူရမှာ ဖြစ်ပါကြောင်း၊ လက်ကားရောင်းချခြင်းမျိုးမဟုတ်ဘဲ ကုန်စုံဆိုင်လိုမျိုး၊ စတိုးဆိုင်လိုမျိုးလက်လီရောင်းသူ အနေနဲ့ ဆိုင်အတွင်းသောက်သုံးခွင့်မပြုဘဲ FL-12 လိုင်စင်ကို လျှောက်ထားဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရထားသည်က FL-11 လိုင်စင်၊ လျာထားသည်က FL-12 လိုင်စင်၊ လိုင်စင်ကိုက်ညီမှုမရှိဘဲ ဆောင်ရွက်နေမှုများနှင်စပ်လျဉ်းပြီး မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့် ( Task Force )များ ဖွဲ့စည်းပြီး စစ်ဆေးကြပ်မတ်ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ အလားတူမြေပြင်တွင် ကွဲလွဲနေမှုများရှိနေပါကလဲ မိမိတို့အားအသိပေး အကြောင်းကြား ခြင်းအားဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ် မေးခွန်းအနေဖြင့် export -inport လိုင်စင်အရ အရက်၊ စီကရက်ဆိုတာသည် ပေါ်လစီအရ ပိတ်ထားသည့် အထဲတွင်ပါပါကြောင်း၊ နိုင်ငံခြားအရက်တင်သွင်းတာ၊ နိုင်ငံခြားစီကရက် တင်သွင်းတာ ပိတ်ထားတာပါပါကြောင်း၊ ဒါပေမယ့်နိုင်ငံခြား အရက်တွေကို နည်းမျိုးစုံ ဝင်ပြီးရောင်းချနေတဲ့ ဆိုင်တွေအများကြီးရှိနေပါကြောင်း၊ မော်လမြိုင် ဘက်အခြမ်းတွင် ပိုများပါကြောင်း၊ နိုင်ငံခြားတန်ဖိုးမြင့်အရက်ဆိုလျှင် မွန်ပြည်နယ်ဘက် နည်းလမ်းပေါင်းစုံ ရောင်းချနေပါကြောင်း၊ ပုလင်းတွင် Taxpaid ကပ်ထားတာရှိပါကြောင်း၊ တစ်ချို့တွင်  duty free အိတ်နဲ့ရှိပါကြောင်း၊ export -inport အရ တားမြစ်ထားတဲ့ ပေါ်လစီအရ သွင်းခွင့်မပေးထားသည့် အရာဖြစ်ပါကြောင်း၊ သိလိုတာက ယစ်မျိုးကောက်တာသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပါကြောင်း၊ ဒီလိုပစ္စည်းအပေါ်မှာ အရေးယူဆောင်ရွက် အခွန်ကောက်ဖို့ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဌာနချင်းပေါင်းစပ်ပြီး ညှိနှိုင်းဆောင်ရွက် သွားဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြပြီး ကိုယ်စားလှယ်၏ ဆက်စပ်မေးခွန်းကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရေးနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊  ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ တို့မှ ဆွေးနွေးခြင်း၊

(ဂ)    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရေးနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီး ဦးဝဏ္ဏကျော်မှ ဆွေးနွေးခြင်းနှင့်  ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ သုံးသပ်အကြံပြုချက်၊ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ပြည်နယ်လွှတ်တော်မှ  အတည်ပြုခြင်း၊

၃။       အစည်းအဝေးကို  မွန်းတည့် (၁၂) နာရီတွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ကျင်းပမည့်ရက်ကို(၂၅-၉-၂၀၁၈)ရက် (အင်္ဂါနေ့) နံနက်(၁၀) နာရီ တွင် ဆောင်ရွက်ပါမည်။