ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၉ရက် နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် (၂၇ )ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မော်လမြိုင်မြို့ ရှိ ဇေယျာသီရိရပ်ကွက်၊ သာယာအေးရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်များရှိလမ်းများကို ၂၀၂၀ခုနှစ် မတိုင်မီ မြေသားလမ်းများအဖြစ် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်း နှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း လှိုင်၊ ရွှေမြိုင်သီရိ၊ ဇေယျာသီရိ၊ သာယာအေးရပ်ကွက် များ၌ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း (၂)လမ်း၊ (၁မိုင် ၆.၉ဖာလုံ) ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း (၁)လမ်း (၁မိုင် ၂.၁ဖာလုံ)စုစုပေါင်း(၃)လမ်း(၃မိုင် ၁ဖာလုံ) အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလ)အတွင်း လှိုင်၊ ရွှေမြိုင်သီရိ၊ ဇေယျာသီရိ၊ သာယာအေးရပ်ကွက် များ၌ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း (၆)လမ်း (၁မိုင် ၅.၆ဖာလုံ)၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း(၃)လမ်း (ဝမိုင် ၆.၅ဖာလုံ)၊ စုစုပေါင်း(၉)လမ်း (၂မိုင် ၄.၁ဖာလုံ) အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီး ဂဝံမြေသားလမ်း၊ အမာခံလမ်းမြှင့်တင်ဆောင်ရွက်ပေးခြင်း (၁)လမ်း (၅.၁၂ဖာလုံ) ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လှိုင်ရပ်ကွက်၌ မြေသားလမ်းအဆင့်မှ အမာခံလမ်းအဆင့်သို့ မြှင့်တင်ခြင်း လမ်းပေါင်း(၅)လမ်း(၁မိုင် ၃.၁ဖာလုံ)၊ ကွန်ကရစ် လမ်းသစ်ခင်းခြင်း (၁)လမ်း (ဝမိုင် ဝ.၆၅ ဖာလုံ)၊ ရွှေမြိုင်သီရိရပ်ကွက်အတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်ခြင်း (၃)လမ်း (ဝမိုင် ၂.၆၂ဖာလုံ)၊ စုစုပေါင်း (၁မိုင် ၆.၃၇ဖာလုံ) ဆောင်ရွက်ပေးရန် လျာထားကြောင်း၊ လှိုင်ရပ်ကွက်၊ ရွှေမြိုင်သီရိ၊ ဇေယျာသီရိ၊ သာယာအေးရပ်ကွက်များ၌ Culvert ပြွန်တံတားများတည်ဆောက်ပေးခြင်း၊ ပင်မရေဆိုးထုတ်မြောင်းများ တူးဖော်ဆောင်ရွက်ခြင်း၊ အမာခံလမ်းအဆင့်မြှင့်တင်ဆောင် ရွက်သင့်သည့် လမ်းများအား စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် လျာထား ဆောင်ရွက် ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း များကိုလည်း လိုအပ်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက်ရန်ပုံငွေရရှိမှုပေါ်မူတည်၍ အဆင့်လိုက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၂) ဒေါ်ကြည်ကြည်မြ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် ၊မဲဆန္ဒနယ် အမှတ်(၂)မှ မေးမြန်းသော မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်၌ ချေးငွေထုတ်ယူစဉ် အပ်နှံထားရသော ပုံစံ(၇)မူရင်းစာအုပ်အား တောင်သူလယ်သမားများ၏ လက်ဝယ်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိသိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က တောင်သူလယ်သမားများမှ ချေးယူထားသည့် ၂၀၁၈ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပြေကျေပြီးပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် အပ်နှံထားသော ပုံစံ(၇)မူရင်းအား ၎င်းတို့လက်ဝယ်သို့ အမြန်ဆုံး ပြန်လည်ထုတ်ပေးသွားမည် ဖြစ်ကြောင်းဖြေကြားပါသည်။
(၃) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော ပြည်နယ်တည်ဆောက်ရေးကော်မတီနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က Performance Guarantee ထားရှိခြင်းအားဖြင့် ဌာနအနေဖြင့် တင်ဒါအောင်မြင်သူမှ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပစ္စည်းများအရည်အသွေးမမှန်ကန်ခြင်း၊ လက်ရာမကောင်းမွန်ခြင်း၊ ထုတ်ပေးထားသော ပုံစံနှင့်ကိုက်ညီမှုမရှိခြင်း၊ စံချိန်စံညွှန်းမ မှန်ကန်ခြင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းကိုပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိပါက တင်ဒါအောင်မြင်သူများပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်စေရာတွင် လိုက်နာဆောင်ရွက်မှု ရှိအောင်လည်းကောင်း၊ လုပ်ငန်းအား ပြီးစီးအောင် ဆောင်ရွက်မှု ပြုရေးအတွက်လည်းကောင်း၊ ဌာနအတွက်အကျိုးရှိစေရန် အာမခံထားခြင်း ဖြစ်ပါသည်။ တင်ဒါအောင်မြင်သူ လုပ်ငန်းရှင်များအနေဖြင့် Performance Guaranteexm ထားရခြင်းဖြင့် ၎င်း၏ငွေကြေးမှာ (၁)နှစ်ခန့်အသုံးပြု၍မရဘဲ မြှုပ်နှံထားရခြင်း၊ ဘဏ်နှင့် ဆက်သွယ်နေရသော စရိတ်များရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့ရနိုင်ပါကြောင်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီအဖွဲ့အစည်းသည် မိမိအား လုပ်ငန်းအပ်နှံသောဌာန၊ အဖွဲ့အစည်းမှတစ်ဆင့် လုပ်ငန်း၏ခန့်မှန်းခြေစာရင်းကို တည်ဆောက်ရေးလုပ်ငန်း၊ စိစစ်ရေးကော်မတီသို့တင်ပြအတည်ပြုချက်ရယူရပါသည်။ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ စိစစ် ထောက်ခံချက်ရရှိပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ ဘဏ္ဍာရေးစည်းမျဉ်း နှင့်အညီ ငွေထုတ်ပေးရန် အကြောင်းကြားပါသည်။ သို့ဖြစ်ပါ၍ ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီမှ စိစစ်ပြီးသည်အထိ အထောက်အထားပြည့်စုံပါက တစ်ပတ်အတွင်း ပြီးစီးမည် ဖြစ်ပါသည်။ ငွေထုတ်ပေးခြင်း၊ လုပ်ငန်းကို ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးခြင်း ရှိ၊ မရှိ၊ စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ တို့ကို ဌာနအကြီးအကဲမှ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ပါသည်။ ဌာနမှဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ စစ်ဆေးရေးနှင့် အရည်အသွေး စစ်ဆေး ထိန်းသိမ်းရေးဌာနခွဲမှ လည်းကောင်း၊ တာဝန်ရှိသူအဆင့်ဆင့်မှလည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် စစ်ဆေးရေးအဖွဲ့ဖြင့်လည်းကောင်း၊ စီမံကိန်း စိစစ်ရေး နှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ လည်းကောင်း၊ ဌာနရှိတာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ပါသည်။ တင်ဒါအောင်မြင်သူအနေဖြင့် လုပ်ငန်းပြီး မြောက်မှု အာမခံ(Performance Guarantee)ကို တင်ဒါတန်ဖိုး၏ (၅%)ပေးသွင်း ထားရပါသည်။ ဌာနမှဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း များအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုပေါ်မူတည်၍ ပစ္စည်းတန်ဖိုး၊ လုပ်အားခကို သက်ဆိုင်ရာ ငွေထုတ်သူအရာရှိက စိစစ်ထုတ်ပေးရပြီး ဌာနမှအင်ဂျင်နီယာများဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်၍ Performance Guarantee ပေးသွင်းရမှု မရှိခြင်းသာ ကွာခြားမှု ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် သည့် တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း၊ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ဌာန ၊ အဖွဲ့အစည်းများ၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေ စာရင်းစပါ ခွဲဝေချထားငွေများဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ဌားရမ်းခြင်းနှင့်ရောင်းချခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)အရ လိုက်နာဆောင်ရွက် ရမည့် တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါကော်မတီများဖွဲ့စည်း၍ လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် (၁/၂၀၁၇)မှာပါတဲ့ ဘဏ္ဍာရန်ပုံငွေ Amount ကျော်လွန်တဲ့ တင်ဒါခေါ်ယူတာမရှိတာတွေ့ရပြီး အဲဒါနဲ့ ပတ်သက်ပြီး နောက်နောင်ဘယ်လိုဆောင်ရွက်မလဲ သိချင်ကြောင်းနှင့် ဌာနအကြီး အကဲက နေပြီးတာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတဲ့နေရာမှာ အရေးယူမှုသိချင်ပါကြောင်း မေးမြန်းရာ Performance Guaranteeက ၅%နှင့်၁၀%ကွာဟနေတာတွေ့ရပါတယ်။ ပစ္စည်းဝယ်မယ်ဆိုလျှင် ၁၀%၊ အလုပ်လုပ်မယ်ဆိုရင် ၅% ကခေတ်ကာလနှင့် မညီဘူးဆိုတာ ၅%တူတူဖြစ်ရန်အတွက် ပြည်ထောင်စုမှာညှိနှိုင်းနေကြောင်း၊ တီကော် အနေဖြင့် လက်လှမ်းမမီတဲ့အရည်အသွေးစစ်ဆေးရေး၊ qulity ထိန်းသိမ်းရေး၊ လုပ်ငန်း အချိန်မီပြီးစီးရေးအတွက် ဆက်လက်ဖွဲ့စည်းထားတဲ့အဖွဲ့ အစည်းဖြစ်ပါ ကြောင်းနှင့် အရေးယူမှုနှင့်ပတ်သက်ပြီး သဘာဝဘေးဒဏ်ကြောင့်ကလွဲ ကျန်တဲ့အရေးယူမှုတွေ ပြုလုပ်နေပါကြောင်းပြန်လည်ဖြေကြားပါသည်။
(၄) ဒေါက်တာအောင်နိုင်ဦး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မွန်ပြည်နယ်အလတ်စားနှင့်အသေးစား လျှပ်စစ် ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး (ပူးတွဲတာဝန်) ဦးဝဏ္ဏကျော်က မွန်ပြည်နယ်အတွင်း လက်ရှိလျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်များအရ လျှပ်စစ်ဓါတ်အားခနှုန်းထားများကို မြတ်သူရစက်မှုလက်မှု ကုမ္ပဏီလီမိတက်မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ”လျှပ်စစ်ဓါတ်အားဖြန့်ဖြူူးရေးလုပ်ငန်း၏ကိုယ်စား ဓါတ်အားဖြန့်ဖြူးရောင်းချခြင်း၊ ပဋိညာဉ်စာချုပ်” ချုပ်ဆိုဆောင်ရွက်လျက်ရှိကြောင်း၊ Southern Myanmar Development Co.,Ltd မှ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် (၈.၁၁.၂၀၁၇)ရက်နေ့တွင် နားလည်မှုစာချွန်လွှာရေးထိုး၍ မွန်ပြည်နယ်တွင် ဘတ်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းများတွင် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း စီမံကိန်းများကိုပါ ပါဝင် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရေးမြို့နယ်၊ လမိုင်းမြို့၊ သပြေကျေးရွာတွင် ဒီဇယ်ဓါတ်အား ပေးစက်ရုံ (1.4) MW (၇)လုံးနှင့် (0.8)MW (၁)လုံး တို့ဖြင့် ရေးမြို့မြောက်ပိုင်း ကျေးရွာများသို့ (၉-၄-၂၀၁၈) ရက်နေ့မှစ၍ လျှပ်စစ်ဓါတ်အားစတင် ဖြန့်ဖြူးပေးထားပြီး ဖြစ်ပါကြောင်းနှင့် ပြည်နယ်လျှပ်စစ်ကြီးကြပ်ရေးကော်မတီ အနေဖြင့် ဥပဒေပြဋ္ဌာန်းချက် အရ လျှပ်စစ်ဓါတ်အားခနှုန်းထားများကို မသတ်မှတ်ဘဲ ကုမ္ပဏီနှင့်ကျေးရွာမီးလင်းရေး ကော်မတီတို့ ညှိနှိုင်း၍ ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူပြီး ကောက်ခံလျက် ရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းရှင်များကို ဥပဒေနှင့်အညီဆောင်ရွက်လာအောင် ပြည်နယ်အစိုးရ အဖွဲ့နှင့် လျှပ်စစ်ကြီးကြပ်ရေးကော်မတီအနေဖြင့် မည်သို့လုပ်ဆောင်ပေးမည်၊ မွန်ပြည်နယ် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ဥပဒေပုဒ်မ၉အရ တစ်ပြေးညီ ဓာတ်အားနှုန်းထားများကို ညှိနှိုင်းသတ်မှတ်ပေးရန် အစီစဉ်ရှိ/မရှိမေးမြန်းရာ လက်ရှိလုပ်ငန်းရှင်ရော၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းရှင်များကိုပါ ဥပဒေနှင့်ညီ အောင်ဆောင်ရွက်ရန် ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နယ်မြေအနေအထားမတူသောကြောင့် ပြည်နယ်အလိုက်တစ်ပြေးညီ ဖြစ်အောင် သတ်မှတ်မလား(သို့) မြို့နယ် အလိုက်တစ်ပြေးညီဖြစ်အောင် သတ်မှတ်မလားဆိုတာကို ကြီးကြပ်ရေးကော်မတီမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ကျိုက်မရောမြို့နယ်၊ ကြက်သွန်ကုန်းကျေးရွာ၊ လူထုပိုင်ဥယျာဉ်ခြံ မြေကို ခရစ်ယာန်သုဿန်မြေအဖြစ် ရယူထားခြင်းအား လူထုထံပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ၊ မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်၊ ဘာကြောင့် မဆောင် ရွက်ပေးနိုင်သည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ကြက်သွန်ကုန်းကျေးရွာ ဥယျာဉ်ခြံမြေအား ခရစ်ယာန်သုသဿန်မြေအဖြစ် ရယူအသုံးပြုထားပြီဖြစ်ပါ၍ လူထုအားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ခရစ်ယာန်သုဿန်အတွင်း ကျူးကျော် နေအိမ်များကို မြေနေရာအစားထိုးဆောင်ရွက်ပေးခဲ့ပြီဖြစ်သည့်အပြင် ပြောင်းရွှေ့ စရိတ်များလည်း ထုတ်ပေးခဲ့ပြီးဖြစ်သည့် အခြေအနေများအရ မိမိတို့ဌာနအနေဖြင့် ထပ်မံ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ပြည်သူလူထု၏ (၁.၆၁)ဧကမြေကို ဘယ်လိုပုံစံနှင့် ပြန်လျော်ပေးမလဲ မေးမြန်းရာ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ လယ်ယာမြေစီမံခန့်ခွြရေးနှင့် စာရင်းအင်း ဦးစီးဌာနသို့ အဆင့်ဆင့်တင်ပြပြီး ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ပြီး စာဖြင့်ပေးပို့သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ ၏ ” မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများရုပ်သိမ်းပေးနိုင်ရန် တိုက်တွန်းကြောင်းအဆို” နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)တို့မှ ထောက်ခံဆွေးနွေးခြင်း၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)နှင့် ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)နှင့် ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)တို့မှ ထပ်မံဆွေးနွေးခြင်း၊ အဆိုရှင် ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ပြန်လည်ဆွေးနွေးခြင်း၊
(ဂ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ ၏ ”မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများရုပ်သိမ်းပေးနိုင်ရန်တိုက်တွန်းကြောင်းအဆို”နှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၏ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ ယင်းအဆိုနှင့်စပ်လျဉ်း၍ လှိူ့ဝှက်ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်၏အဆုံအဖြတ်ရယူရာ ထောက်ခံမဲ (၁၀)မဲ၊ ကန့်ကွက်မဲ (၁၆)မဲဖြင့် လွှတ်တော်က အတည်မပြုကြောင်းကြေညာခြင်း၊
(ဃ) မွန်ပြည်နယ်ယစ်မျိုးခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်း ထားသော ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ ဒေးအေးအေးမို့၊ ပြည်နယ်ဥပဒေချုပ်နှင့် ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)တို့ ဆွေးနွေးခြင်း၊ ဥပဒေကြမ်းတင်သွင်း သည့် ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း၊
၃။ အစည်းအဝေးကို မွန်းလွဲ (၁၃)နာရီတွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေး( ပဉ္စမနေ့)ကျင်းပမည့်ရက်ကို (၂၀-၉-၂၀၁၈)ရက် (ကြသပတေးနေ့)နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။

