7703

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပပြုလုပ်ခြင်း

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို(၂၀.၃.၂ဝ၂၆)ရက်၊ သောကြာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦး တက်ရောက်ခဲ့ပါသည်။

၂။         အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်သဘာပတိလောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် ဖိတ်ခေါ်ရာတွင် မော်လမြိုင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွေးအား သဘာပတိအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ အမည်စာရင်းတင်သွင်းခဲ့ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မောင်မောင်လတ်မှ ထောက်ခံခဲ့ပါသည်။ ထို့ပြင် ချောင်းဆုံမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းအား သဘာပတိအဖြစ် မော်လမြိုင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွေးမှ အမည်စာရင်းတင်သွင်းခဲ့ပြီး ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာဦးမှ ထောက်ခံခဲ့သဖြင့် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈ အရ အမည်စာရင်းတင်သွင်းသူ တစ်ဦးထက်ပိုနေသည့်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ လျှို့ဝှက်ဆန္ဒမဲပေး၍ ဆောင်ရွက်ခဲ့ရာ ထောက်ခံဆန္ဒမဲအများဆုံးရရှိသည့် ချောင်းဆုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းအား ပြည်နယ်လွှတ်တော်သဘာပတိအဖြစ်   ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

၃။          ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၆ အရ သဘာပတိမှ လွှတ်တော်ရှေ့မှောက်တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က) အရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များမှ သဘာပတိ‌ရှေ့မှောက်တွင်လည်းကောင်း ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ကို  ဆောင်ရွက်ခဲ့ပါသည်။

၄။          ဆက်လက်ပြီး သဘာပတိမှ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး(ပထမနေ့)သို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် (၃၁)ဦးတက်ရောက်သဖြင့် ရာခိုင်နှုန်းအားဖြင့် (၁၀၀)ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ၍ အစည်းအဝေးတက်ရောက်မှု အခြေအနေအား မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၅။          ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် သဘာပတိမှ ဖိတ်ခေါ်ရာတွင် မော်လမြိုင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွေးအား ဥက္ကဋ္ဌအဖြစ် ရေးမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်မင်းအောင်မြင့်မှ အမည်စာရင်းတင်သွင်းခဲ့ပြီး သထုံမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေးမှ ထောက်ခံခဲ့ရာ ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းသူတစ်ဦးတည်းသာရှိသည့်အတွက် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၇  အရ မော်လမြိုင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွေးအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါသည်။

၆။          ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် သဘာပတိမှ ဖိတ်ခေါ်ရာတွင် ရေးမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မြင့်အား ဒုတိယဥက္ကဋ္ဌအဖြစ် သထုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူမှ အမည်စာရင်းတင်သွင်းခဲ့ပြီး ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းမှ ထောက်ခံ ခဲ့ရာ ဒုတိယဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းသူ တစ်ဦးတည်းသာရှိသည့်အတွက် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၇ အရ ရေးမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မြင့်အား ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါသည်။

၇။             ဆက်လက်ပြီး ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၈ အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၉ အရ ပြည်နယ်လွှတ်တော်သဘာပတိမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား တာဝန် လွှဲအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပါသည်။

၈။          တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ (၃)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး(ပထမနေ့)ကို (၁၂း၀၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။