တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပပြုလုပ်ခြင်း
၁။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို(၁၆-၆-၂ဝ၂၆)ရက်၊ အင်္ဂါနေ့၊ နံနက်(၁ဝ:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး အနက် (၃၀)ဦး တက်ရောက်ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်မှ “မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” တင်သွင်းပြီး ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီမှ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ ထောက်ခံ ဆွေးနွေးချက်အရ အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ညနေ(၄)နာရီ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ အစည်းအဝေး (တတိယနေ့)တွင် တင်သွင်းခဲ့သော ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ၏ “ကျန်းမာရေးဝန်ကြီးဌာန၏ သက်ကြီး ကျန်းမာရေးစောင့်ရှောက်သည့် Elderly Clinic လုပ်ငန်းသက်ဝင်လှုပ်ရှားရေးအဆို”နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ကျိုက်မရော မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၊ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းနှင့် ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်တို့ မှ ထောက်ခံဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းမှ အဆိုနှင့်ပတ်သက်ပြီး လုပ်ငန်းပုံမှန်ဆောင်ရွက်နေရာမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေး ပါရန် တင်ပြဆွေးနွေးခြင်းနှင့် အဆိုအားအတည်ပြုရန်အတွက် လွှတ်တော်၏သဘောထား မေးမြန်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အားလုံးမှ သဘောတူသည့်အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ၏အဆိုအား လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ရပ် တင်သွင်းခြင်းနှင့် အဆိုတစ်ရပ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၁:၂၇)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်း နှင့်အစည်းအဝေး(ပဉ္စမနေ့)ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်(သောကြာနေ့)တွင် အစည်းအဝေးအား ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။



