8105

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပပြုလုပ်ခြင်း

၁။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို(၁၉-၆-၂ဝ၂၆)ရက်၊ သောကြာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။         အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစည်းအဝေး(စတုတ္ထနေ့)တွင် တင်သွင်းခဲ့သော ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၏ “မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများအား တားဆီး ပိတ်ပင်ပေးရေးအဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ချောင်းဆုံမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်း၊ ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး၊ ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်၊ သံဖြူဇရပ်မြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်နှင့် ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီတို့မှ ထောက်ခံဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းမှ အဆိုနှင့်ပတ်သက်ပြီး တားဆီး အရေးယူရန် ဆောင်ရွက်လျက်ရှိပြီး မွန်ပြည်နယ်(၁၀)မြို့နယ်နှင့်ပတ်သက်သော အဆိုဖြစ်နေသည့် အတွက် မြို့နယ်အားလုံး လုံခြုံရေးအခြေအနေအားကောင်းလာပါက ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ရှင်းလင်းဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေးပါရန် တင်ပြဆွေးနွေးခြင်းနှင့် အဆိုအား အတည်ပြုရန် လွှတ်တော်၏သဘောထားမေးမြန်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အားလုံးမှ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၏ အဆိုအား လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်းနှင့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြခြင်းတို့ကို  ဆောင်ရွက်ခဲ့ပါသည်။

၃။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ရပ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း(၂၅)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၄)ခု၊ အဆို(၄)ခု၊ စုစုပေါင်း(၃၃)ခု မေးမြန်းတင်သွင်းခဲ့ပြီး အဆို(၄)ခုအား အတည်ပြုခြင်း၊ လွှတ်တော်ကော်မတီ(၁)ခု အစားထိုးပြောင်းလဲဖွဲ့စည်းခြင်း၊ လွှတ်တော်ကော်မတီ(၂)ခု အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လွှတ်တော်ကော်မတီ(၁)ခု ဖွဲ့စည်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၅။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ (၁)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်းနှင့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြုလုပ်ပြီးဖြစ်ပါသည်။