တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပပြုလုပ်ခြင်း
၁။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို(၈-၁၀-၂ဝ၂၆)ရက်၊ ကြာသပတေးနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၈)ဦး တက်ရောက်ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၈)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၄)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစည်းအဝေး(တတိယနေ့)တွင် တင်သွင်းခဲ့သော ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး၏ မွန်ပြည်နယ်အတွင်း နယ်မြေ အခြေအနေ တည်ငြိမ်အေးချမ်းလျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအားလုံးတွင် အုပ်ချုပ်ရေးမှူးများကို နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း တည်ဆဲဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ အချိန်နှင့်တစ်ပြေးညီ ရွေးချယ်ခန့်အပ်နိုင်ရေးအဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ၊ ပေါင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်၊ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျာမင်းနှင့် ချောင်းဆုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်း တို့မှ ထောက်ခံဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ အဆိုနှင့်ပတ်သက်ပြီး မှတ်တမ်းတင်ရန်ဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေးရန် ဆွေးနွေးခဲ့သဖြင့် အဆိုနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုရှိသည့်အတွက် စက်ခလုတ်အသုံးပြုပြီး ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုအားအတည်ပြုရန် ထောက်ခံဆန္ဒမဲ(၈)မဲ၊ ကန့်ကွက်ဆန္ဒမဲ(၁၅)မဲဖြစ်သဖြင့် ကန့်ကွက်ဆန္ဒမဲများသည့်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းအောင်ထူး၏အဆိုအား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်းနှင့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးဆောင်ရွက်ချက်အနှစ်ချုပ် တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၄)ခုမေးမြန်းဖြေကြားခြင်း၊ အဆို(၁)ရပ်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း(၂၄)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၇)ခု၊ အဆို(၂)ခု၊ စုစုပေါင်း(၃၃)ခု မေးမြန်းတင်သွင်းခဲ့ပြီး အဆို (၁)ရပ်အား အတည်ပြုခြင်းနှင့် အဆို(၁)ရပ်အား မှတ်တမ်းတင်ခြင်း၊ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)အား အတည်ပြုခြင်းနှင့် လွှတ်တော် ကော်မတီ(၁)ခု အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၅။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၁:၃၇)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


