8280

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပပြုလုပ်ခြင်း

၁။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို(၁၃-၈-၂ဝ၂၆)ရက်၊ ကြာသပတေးနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။        အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)တွင် တင်ပြခဲ့သော မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၊ သံဖြူဇရပ်မြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်နှင့် ရေးမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မြင့်တို့မှ ဆွေးနွေးအကြံပြုခြင်းများ အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ(ခ) နိုင်ခင်မောင်ဇင်နှင့် ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ (စ)နှင့် ၂၀၁၃ ခုနှစ်၊ တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(စ)တို့အရ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းနှင့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ် တင်ပြခြင်းတို့ကို  ဆောင်ရွက်ခဲ့ပါသည်။

၃။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း နှင့်  အစီရင်ခံစာတစ်ရပ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း(၃၀)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၅)ခု၊ စုစုပေါင်း(၃၅)ခု မေးမြန်းခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီနှင့် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီတို့အား ပြင်ဆင်ဖွဲ့စည်းခြင်း၊ လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေး ကော်မတီ ဖွဲ့စည်းခြင်း၊ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု စာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများအား အတည်ပြုခြင်းနှင့် မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၅။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၁:၄၈)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။