4393

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၉)ဆောင်ရွက်ချက် အနှစ်ချုပ်တင်ပြခြင်း

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ မိမိအနေဖြင့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)ဆောင်ရွက်ချက်အနှစ်ချုပ်ကိုတင်ပြပါမယ်ရှင်။

အစည်းအဝေး(ပထမနေ့)တွင် မေးခွန်း(၄)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ၂၀၁၈-၂၀၁၉ပညာသင်နှစ်အခြေခံပညာတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်မွန်ပြည်နယ်၏အောင်ချက်တစ်နိုင်ငံလုံး၌အကောင်းဆုံးရရှိခြင်းအပေါ်ဝမ်းသာကြောင်းအဆိုတင်သွင်းခြင်း၊၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတင်သွင်းခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(ဒုတိယနေ့)တွင် မေးခွန်း(၄)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ၂၀၁၈-၂၀၁၉ပညာသင်နှစ်အခြေခံပညာတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်မွန်ပြည်နယ်၏အောင်ချက်တစ်နိုင်ငံလုံး၌အကောင်းဆုံးရရှိခြင်းအပေါ်ဝမ်းသာကြောင်းအဆိုဆွေးနွေးခြင်း၊အတည်ပြုခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။

ယနေ့အစည်းအဝေး(တတိယနေ့)တွင်မေးခွန်း(၄)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းဆွေးနွေးခြင်း၊ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)တွင် မေးခွန်းစုစုပေါင်း (၁၂)ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆို(၁)ရပ်အတည်ပြုခြင်း၊ ဥပဒေကြမ်း(၁)ရပ်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

မိမိတို့ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးနှင့် ပုံမှန်အစည်းအဝေးစုစုပေါင်း(၁၂)ကြိမ်မှာမေးမြန်းခဲ့သောမေးခွန်းက(၄၁၄)ခုအနက် ကတိဝင်မေးခွန်းက(၂၃၉)ခုအပေါ်မှာဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းမှာ(၆၀.၆၇%)ဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးနှင့် ပထမပုံမှန်အစည်းအဝေးအပါအဝင် အစည်းအဝေးစုစုပေါင်း(၁၃)ကြိမ်တွင် တင်သွင်းခဲ့သောအဆိုစုစုပေါင်း(၄၆)ခုအနက် အတည်ပြုအဆို(၃၈)ခုဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းမှာ (၄၄.၇၄%)ဖြစ်ပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအလိုက် ဖော်ပြရမည်ဆိုလျှင် ကတိဝင်မေးခွန်း(၂၃၉)ခုအပေါ်မှာ ဆောင်ရွက်ပြီးစီးမှုကတော့ ဝန်ကြီးချုပ်/မွန်ပြည်နယ်အစိုးရအဖွဲ့မှ (၅၀%)ဆောင်ရွက်ပြီးစီးပါတယ်။ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှဖြေကြားပြီးတော့ ကတိဝင်တဲ့မေးခွန်းတွေကိုဆောင်ရွက်ခဲ့တာကတော့ (၅၈.၀၆%)ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကတိဝင်မေးခွန်းရဲ့ဆောင်ရွက်ချက်ကတော့ (၅၇.၁၄%)ဖြစ်ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှဆောင်ရွက်ပြီးစီးတာက(၄၂.၈၆%)ဖြစ်ပြီး လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းကတော့(၇၅%)ဖြစ်ပါတယ်။ လူမှုရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးတာက(၇၃.၁၇%)ဖြစ်၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဆောင်ရွက်မှုကတော့(၆၆.၆၇%)ဖြစ်ပါတယ်။ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြီးစီးမှုအခြေအနေက(၅၀%)မေးခွန်း(၁)ခုကိုကျတော့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက မေးခွန်း(၁)ခုဖြေပါတယ်။ မေးခွန်း(၁)ခုမှာဆောင်ရွက်ပြီးစီးပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့
ဗမာတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ဆောင်ရွက်မှုကတော့ (၁၀၀%)ဖြစ်ပါတယ်။

အတည်ပြုခဲ့သောအဆို(၃၈)ခုပေါ်တွင် ဆောင်ရွက်ပြီးစီးမှုမှာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ကတော့ (၄၀%)၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကတော့ (၄၀%)၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတော့(၈၀%)၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာနကတော့(၁၆.၆၇%)၊ လူမှုရေးဝန်ကြီးဌာနကတော့(၄၀%)၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့အဆိုပေါ်မှာဆောင်ရွက်မှုကတော့ (၃၃.၃၃%)၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆိုနှင့်ပတ်သက်ပြီးဆောင်ရွက်မှုကတော့ (၆၆.၆၇%)တို့ကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။

မိမိတို့မွန်ပြည်နယ်လွှတ်တော်က လွန်ခဲ့သည့်တစ်လ၊ နှစ်လလောက်ကတည်းက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ကတိဝင်သည့်မေးခွန်းနဲ့ အတည်ဖြစ်သည့်အဆိုနှင့်ပတ်သက်ပြီးတော့ ရာခိုင်နှုန်းတွက်ဖို့ ဆောင်ရွက်ပါတယ်။ အဲဒီလိုတွက်သည့်နေရာမှာ မွန်ပြည်နယ်လွှတ်တော် အရာထမ်း၊ အမှုထမ်းကြီးပဲဆောင်ရွက် တာမဟုတ်ပါဘူး။ မိမိတို့မွန်ပြည်နယ်လွှတ်တော် အရာထမ်း၊ အမှုထမ်းတွေက သက်ဆိုင်ရာကတိကဝတ်ကော်မတီ ရဲ့ဦးစီးအရာရှိမှစပြီးဆောင်ရွက်နေတာကို တိုက်ဆိုင်စစ်ဆေးဖို့ဆိုပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဦးစီး အရာရှိတွေ၊ လက်ထောက်ညွှန်ကြားရေမှူးတွေပင့်ဖိတ်ပြီးတော့ မိမိတို့အတူတူဆောင်ရွက်တာဖြစ်ပါတယ်။ နောက်တစ်ခါ မွန်ပြည်နယ်အစိုးရအဖွဲ့က လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတွေကလည်း သူတို့ရဲ့ ရုံးမှာ ပြန်ပြီးဆောင်ရွက်မယ်ဆိုပြီးတော့ မိမိတို့ဆီကစာရင်းကိုယူသွားပါတယ်။ အဲဒီလို မိမိတို့ဆီကစာရင်းယူသွားပြီး သူတို့စာရင်းနဲ့တိုက်တယ်။ အဲတော့ မိမိအခုဖတ်ပြသည့်ရာခိုင်နှုန်းကတော့ အစိုးရအဖွဲ့ရော၊ မွန်ပြည်နယ် လွှတ်တော်ရော (၂)ခုလုံး၊ အုပ်ချုပ်ရေးမဏ္ဍိုင်ရော၊ ဥပဒေပြုရေးမဏ္ဍိုင်ရော (၂)ခုလုံးက အရာထမ်း၊ အမှုထမ်းတွေ သေသေချာချာစိစစ်ပြီးတော့ တွက်ချက်ထားသည့်ရာခိုင်နှုန်းတွေဖြစ်ပါတယ်။ မိမိတို့မွန်ပြည်နယ်လွှတ်တော်က ရာခိုင်နှုန်းတွက်တာကိုလည်း ပွင့်ပွင့်လင်းလင်းမြင်သာစွာနဲ့ တွက်ချက်ခြင်းဖြစ်ပါတယ်ဆိုသည့်အကြောင်းကို အသိပေးခြင်းဖြစ်ပါတယ်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၉)သို့တက်ရောက်လေ့လာသူစုစုပေါင်း(၄၂)ဦးရှိပါတယ်။မိမိတို့အနေနဲ့အထူးအစည်းအဝေးကတော့ရသုံးမှန်းခြေငွေစာရင်းကနေပြီးတော့ဖြည့်စွက်ဥပဒေကြမ်းတင်သွင်းခြင်းနဲ့အထူးအစည်းအဝေးခေါ်ခြင်းဖြစ်ပါတယ်။ဒီနေ့တော့ဖြည့်စွက်ဥပဒေကြမ်းကိုလည်းမိမိတို့အတည်ပြုပြီးဖြစ်သည့်အတွက်ကြောင့်မို့လို့ဒီကနေ့ကအစည်းအဝေးနောက်ဆုံးနေ့ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။