ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆောင်ရွက်ပြီးစီးခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၈.၁၂.၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ “ပြည်သူများအား ဆူညံသံနှင့်စိတ်ဒုက္ခပေးနေသော အတွဲလိုက် အသံချဲ့စက်နှင့် ဆောင်းဘောက်(စ်)များ (Series Loud Speaker & Sound Boxes) ကားပေါ်တပ်ဆင်စနစ် ဖျက်သိမ်းပေးရန်၊ အသံပိုင်း ဆိုင်ရာ စည်းကမ်းမဲ့ဖွင့်လှစ်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူပေးပါရန်နှင့်အသံချဲ့စက် ဖွင့်လှစ်ခွင့် ရရှိသူအား အခမ်းအနားပေါ် မူတည်၍ အသံဖိအား db (Sound Level) သတ်မှတ်ထိန်းချုပ် ပေးရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ “ဘီးလင်းမြို့နယ် ကေလာသသဘာဝနယ်မြေအတွင် ကျောက်ထုတ်လုပ်မှုလုပ်ငန်း (ကျောက်မိုင်းများ)အားလုံးကို ထာဝရပိတ်သိမ်းရပ်နားပေး ပါရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆို”နှင့်စပ်လျဉ်၍ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင်၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့မှ ထောက်ခံဆွေးနွေးခြင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှ မှတ်တမ်းတင်သင့်ကြောင်း ဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်မံဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ရှိ တင်ဒါအောင်မြင်ပြီးသော ကုမ္ပဏီများနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များ ပါဝင်သော အချက်အလက်များကို မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် လွှတ်တော်သို့ ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်းနှင့်ပတ်သက်၍ အစည်းအဝေး(ပထမနေ့)မေးခွန်း၏ ဖြေကြားမှုအပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ လျှောက်ထားလာခြင်းကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်နှင့် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူမှ ဆွေးနွေးတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဗိုလ်မှူးစိုးမြင့်ဦးသည် ပြောင်းရွှေ့တာဝန် ထမ်းဆောင်သွားပါသဖြင့် ၎င်း၏ နေရာတွင် ဗိုလ်မှူးစိုးသူရအားလည်းကောင်း၊ မော်လမြိုင်တက္ကသိုလ်ဥပဒေပညာဌာန ပါမောက္ခဒေါက်တာသင်းသင်းနွယ်သည် ကွယ်လွန်ခဲ့သဖြင့် ၎င်းနေရာတွင် ဥပဒေပညာဌာန ပါမောက္ခ ဒေါက်တာသင်းသင်းမော်အား လည်းကောင်း၊ ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအဖွဲ့ဝင်း ဗိုလ်မှူးလှမိုးသိန်းသည် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားပါသဖြင့် ၎င်း၏နေရာတွင် ဗိုလ်မှူးမျိုးဇော်အောင်အား လည်းကောင်း၊ ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင် အထက်တန်း ရှေ့နေ ဦးသိန်းတင်သည် ကွယ်လွန်ခဲ့သဖြင့် ၎င်းနေရာတွင် ဦးဝင်းတင် (သထုံမြို့နယ်)အား လည်းကောင်း၊ ပြည်နယ် လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမြင့်မြင့်ချိုမှ ကော်မတီအစည်းအဝေး(၃)ကြိမ်ထက်ပို၍ ပျက်ကွက်ခဲ့သဖြင့် ၎င်း၏နေရာတွင် ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ဦးချစ်တင်အားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးစိုးမြင့်ဦးမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားပါသဖြင့် ၎င်း၏နေရာတွင် ဗိုလ်မှူး စိုးသူရအားလည်းကောင်း အစားထိုးတာဝန်ပေးအပ်ခြင်းအား ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် မေးခွန်း(၆)ခု မေးမြန်း ဖြေကြားခြင်း၊ အဆို(၁)ရပ်တင်သွင်းခြင်း၊ အဆို(၁)ရပ် ဆွေးနွေးအတည်ပြုခြင်း၊ ပြည်နယ်လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်း ကြေညာခြင်းကို မှတ်တမ်းတင်ခြင်း (၁)ရပ်၊ ရေးရာကော်မတီ(၅)ခုမှ အဖွဲ့ဝင်များ အစားထိုး ဖွဲ့စည်းမှုနှင့်စပ်လျဉ်း၍ အတည်ပြုခြင်း(၅)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် လေ့လာသူ(၂၄)ဦး တက်ရောက်ခဲ့ ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၁၂း၁၅)နာရီအချိန်တွင် ပြီးစီးကြောင်း ကြေညာအပ်ပါသည်။




