ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး( ပဉ္စမနေ့ )ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် (၂၈)ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ သထုံတံတားလမ်း အိမ်အမှတ်(၁၄)အန္တရာယ်ရှိနေအိမ်နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က အန္တရာယ်ရှိနေအိမ် နှင့်ပတ်သက်၍ ဖယ်ရှားရန်တရားစွဲဆိုခဲ့ပြီး ဥပဒေကြောင်းအရ အကြောင်းကြားခဲ့သော် လည်း လိုက်နာခဲ့ခြင်းမရှိကြောင်း၊ ထိရောက်စွာအရေးယူသွားရန်နှင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးစီစဉ်လျက်ရှိပါကြောင်းဖြေကြားပါသည်၊
(၂) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မုဒုံမြို့နယ်တွင် ဆရာ၊ဆရာမများခန့်ထားခြင်းကိစ္စနှင့်ပတ်သက်၍ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က မုဒုံမြို့တွင် တွဲဖက်ခန့်ထားသည့်ကျောင်းမရှိပါကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ခံ၍ စည်းကမ်းချက်များနှင့်အညီ ခန့်ထားလျက်ရှိကြောင်းဖြေကြားရာ ဆက်စပ်မေးခွန်းအနေ ဖြင့် ခန့်ထားဆောင်ရွက်မှုများမှာ မြေပြင်နှင့်ကွဲပြားခြားနားနေပါ၍ နောက်နောင်ယခုကဲ့သို့ မဖြစ်စေရေးမည်ကဲ့သို့ဆောင်ရွက်မည်နည်းဟုမေးမြန်းရာ ဝန်ကြီးက လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့်အညီ ထိန်းကျောင်းကြပ်မတ် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြန်လည်ဖြေကြားပါသည်။
(၃) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော ရေးမြို့နယ်တောင်ဘက် ခေါဇာမြို့နှင့်ဓနိကြာရွာတို့သွားသောလမ်း၊ တံတား များ ပျက်စီးနေသည်ကိုမွန်ပြည်နယ်အစိုးရအနေဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က ကျေးလက်ဒေသလမ်းများအားနှစ်စဉ်အပိုင်းလိုက် ဖောက်လုပ် ပေးလျက်ရှိပြီး ခေါဇာမြို့နှင့် ဓနိကြာရွာတို့သွားသောလမ်းပိုင်းနှင့်ပတ်သက်၍ မြေယာ ပြဿနာများ ဖြေရှင်းဆောင်ရွက်ပြီးမှသာ အခြားသင့်လျော်သောဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြေကြားပါသည်၊
(၄) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှှ မေးမြန်းသော မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတင်ဒါကိစ္စများ၏ ရွေးချယ်မှုမူဝါဒ၊ အစီအမံများကိုသိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က လုပ်ငန်းတင်ဒါကိစ္စများအား တင်ဒါရွေးချယ်မှု မူဝါဒ (၁/၂၀၁၇)အရ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် တင်ဒါစည်းမျဉ်းစည်းကမ်းများမလိုက်နာတာကို မည်ကဲ့သို့ ထိန်းကျောင်းမည်နည်းဟုမေးမြန်းရာ ဝန်ကြီးက သက်ဆိုင်ရာဌာနများကို စိစစ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မုဒုံမြို့နယ်၊ မှိန်ဂနိမ်းကျေးရွာနှင့် ဝဲကလိကျေးရွာကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရန်အတွက်မြေနေရာတောင်းခံထားခြင်း၊ ဆေးပေးခန်းဆောက်လုပ်ခြင်းကိစ္စနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမူရေးဝန်ကြီး ဒေါက်တာထိန်လင်း က ဆေးပေးခန်းဆောက်လုပ်ရန်အတွက် မြေနေရာရှာဖွေလျက်ရှိပြီး ပြည်ထောင်စုဝန်ကြီးဌာနသို့ လည်းဖွင့်လှစ်ခွင့်တင်ပြထားပါကြောင်း၊ ဖွင့်လှစ်ခွင့်ပြုကြောင်း အကြောင်းပြန်ကြားလာမှု မရှိသေးပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် အမီ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အမြန်ဆုံးဖွင့်လှစ်နိုင်ရေးမည်ကဲ့သို့ကူညီဆောင်ရွက် ပေးနိုင်မည်နည်းဟုမေးမြန်းရာ ဝန်ကြီးက မြေနေရာအခက်အခဲဖြစ်နေပါ၍ မြေနေရာ ရရှိပါက အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ထပ်ဆင့်ဆက်စပ်မေးခွန်း အနေဖြင့် ရွာ(၂)ရွာရှိ မြေများမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော ကျေးရွာပိုင်မြေများဖြစ်ပါ၍ အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက မြေယာကိစ္စအား ခရိုင် အုပ်ချုပ်ရေးမှူးမှတဆင့် တရားစွဲဆိုဆောင်ရွက်သွားရန် အစိုးရအဖွဲ့မှ အကြောင်းကြား ထားပြီး ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
(၆) ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော မွန်ပြည်နယ်အတွင်း ဒေသအနှံ့အပြားရှိကျူးကျော်တဲများ ပြဿနာနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ကျူးကျော်ဆိုင်(၁၀)ဆိုင်ရှိပြီး ပြောင်းရွှေ့ ဖယ်ရှားပေးရန် သတိပေးစာများထုတ်ပြန်ထားကြောင်း၊ ကာယကံရှင်မှလည်း ပြောင်းရွှေ့ ဖယ်ရှားပေးမည်ဟု ဝန်ခံကတိပြုလက်မှတ်ရေးထိုးထားပါကြောင်း၊ မဖယ်ရှားပါက စည်ပင် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ် မေးခွန်းအနေဖြင့် မြို့နယ်စည်ပင်က ထိထိရောက်ရောက်မည်ကဲ့သို့ ဆောင်ရွက်ပေးမည် နည်းဟုမေးမြန်းရာ ဝန်ကြီးက လမ်းဦးစီးဌာနနှင့်ပူးပေါင်းပြီးဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) ဦးဝဏ္ဏကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး မှတင်သွင်းထားသည့် “ မွန်ပြည်နယ်၏၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာလျာထားချက် ’’နှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်မှ အတည်ပြုခြင်း၊
(ဂ) မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် အစားထိုး ဖွဲ့စည်းရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်း၊
၃။ အစည်းအဝေးကို မွန်းလွဲ(၁၁း၁၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကျင်းပမည့်ရက်ကို (၁၄.၂.၂၀၂၀)ရက် (သောကြာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။







