ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ အောက်တိုဘာ ၉ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက် ( ၂၆ )ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမင်းအောင်မွန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပထမမေးခွန်းအနေဖြင့် မော်လမြိုင်မြို့၊ ကျိုက်သလ္လံစေတီတော်မြတ်ကြီး ပြုပြင်ဆောင်ရွက်မှုအခြေအနေနှင့်ကျိုက်သလ္လံစေတီတော်မြတ်ကြီးအပါအဝင် တောင်ရိုးတန်း တောင်တန်းကြီးအား သဘာဝဘေးသင့်လာပါက ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ၂၀၁၈ ခုနှစ် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်သလ္လံစေတီတော်မြတ်ကြီးကုန်းတော်၏ အရှေ့ဘက်ခြမ်းမြေပြိုမှုနှင့်ပတ်သက်ပြီး မြေထိန်းနံရံတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်း များအား ပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူပြီး တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ကျိုက်သလ္လံအပါအဝင် တောင်ရိုးတန်းတောင်တန်းကြီးများအား သဘာဝဘေးသင့်လာပါက ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့်ပေါင်းစပ်၍ ဆောင်ရွက်သွားမည့်အပြင် တောင်စောင်းတောင်တန်းတစ်လျှောက် နေထိုင်ကြသော ရပ်ကွက်များရှိပြည်သူများအား မြေပြိုခြင်းကဲ့သို့သောဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲများကို ဘေးအန္တရယ်စီမံခန့်ခွဲမှုဌာနနှင့်မော်လမြိုင်မြို့နယ်၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။
(၂) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ လယ်ယာမြေရောင်းချခြင်း၊ အမည်ပြောင်းလဲခြင်းလုပ်ငန်းအဆင့်ဆင့်နှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက လယ်ယာမြေဥပဒေတွင်ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ခွင့်ရရှိသူသည် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့်စာချုပ်စာတမ်း၊ မှတ်ပုံတင်ခတို့ကို ပေးဆောင်ရမည်ဖြစ်ကြောင်း၊လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ရရှိသူများအနေဖြင့် လုပ်ပိုင်ခွင့် ရရှိထားသော လယ်ယာမြေအား ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း ကိစ္စရပ်များကို (၁.၆.၂၀၁၉)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ(ဏ)၊ (င)ပါ ပြဌာန်းချက်များအရ လယ်ယာမြေ လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းများအတွက် ပေးဆောင်ရမည့်တံဆိပ်ခေါင်းတန်ဖိုးကိုတော့ မြန်မာ နိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရန်နှင့် မှတ်ပုံတင်ခ နှုန်းထားများကို စိုက်ပျိုး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ (၆.၅.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၄၆/၂၀၁၉)အရသတ်မှတ်ခွင့်ပြုထားပါကြောင်း၊ လယ်ယာမြေကို ရောင်းချခြင်း၊ အမည်ပြောင်းလဲခြင်းလုပ်ငန်းအဆင့်ဆင့်ကို ပြည်သူများရှင်းလင်းစွာ သိရှိ နိုင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးများတွင် ဗီနိုင်းဖြင့်ထင်သာမြင်သာစွာ ရေးသားကြေညာထားပါကြောင်း ဖြေကြားပါသည်။
(၃) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ကုလသမဂ္ဂ၏ သဘာဝဘေးဒဏ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော မြို့အဖြစ်စာရင်းသွင်း ခံရသော မော်လမြိုင်မြို့နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က UNISDR ကုလသမဂ္ဂဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြင်း လျော့ကျရေးရုံး၏အဆိုပြုချက်အရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ဘေးဒဏ်ခံနိုင်ရည်ရှိသော မြို့ပေါ်ပေါက်စေရေးလှုပ်ရှားမှုတွင် ပါဝင်ပြီးတော့ စီမံချက်တွေ ရေးဆွဲနိုင်ဖို့အတွက် ၂၀၁၆ စက်တင်ဘာလ (၁)ရက်နေ့မှာ တရားဝင်မှတ်ပုံတင်ခဲ့ ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု UNISDRအဖွဲ့ရဲ့ နည်းပညာကူညီပံ့ပိုးမှု ဆက်စပ်နှှီးနွယ်နေတဲ့ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး စံသတ်မှတ်ချက်(၁၀)ချက်အပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုပြီး Action Plan ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ရဲ့ ဘေးဒဏ်ခံနိုင်ရေးဆောင်ရွက်ရာတွင် အစိုးရတစ်ခုတည်း၊ဌာနတစ်ခုတည်း၊အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်မရသောကြောင့် ပြည်သူလူထုအခြေခံသော ပရဟိတအဖွဲ့များပါ ပူးပေါင်းပြီးတော့ သဘာဝဘေးဒဏ်ပိုမို ခံနိုင်သော မြို့တော်ဖြစ်စေရေးအတွက်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အစီအမံများကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၄) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်တည်ဆောက်ရေးနှင့်အရည်အသွေးစိစစ်ရေးကော်မတီအနေဖြင့် ၂၀၁၈-၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းနှင့်ကွင်းဆင်း စိစစ်ပြီးအရေအတွက်၊ကွင်းဆင်းစစ်ဆေးရန်ကျန်ရှိအရေအတွက်တို့ကို သိရှိလိုသောမေးခွန်း နှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများမှ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအတည်ပြုချက်ရယူရန် တင်ပြသည့်ဦးရေ (၄၇)ဌာန ရှိပြီး ပြည်ထောင်စုပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းဦးရေ (၁၃၆၀)ခု အတွက် ပြီးစီးမှုကို အားလုံးဆောင်ရွက်စိစစ်ထားပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် လုပ်ငန်း ကွင်းဆင်းစစ်ဆေးသည့်အစီအစဉ်မှာ Third Party တစ်ခုဖြစ်သည့် စာရင်းစစ် အဖွဲ့၏ စစ်ဆေးပြီးသည့်အချိန်ထိ လိုအပ်လျက်ရှိသောလုပ်ငန်းများကို လိုအပ်ချက်များအတိုင်း စိစစ်ဆောင်ရွက်သွားရန်ရှိပါကြောင်းနှင့် အဆင့်ဆင့်မှ ဝန်ကြီးအထိတာဝန်ယူသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၅) ဦးမင်းအောင်မွန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊မဲဆန္ဒနယ်
အမှတ်(၂)မှ မော်လမြိုင်မြို့၊ ကြာအင်းစံပြကျေးရွာရှိ ဗညားဒလအိမ်ရာစီမံကိန်းအကောင် အထည်ဖော်မှုကိစ္စနှင့်ပတ်သက်၍သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေးဝန်ကြီးဦးမင်းကျော်လွင်က ဗညားဒလအိမ်ရာစီမံကိန်း တိုက်ခန်း များအား ရောင်းချရာတွင် အငြိမ်းစားဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူလူထု(၃)မျိုးအား အိမ်ရာရောင်းချရေးကော်မတီ၏ မူဝါဒနှင့်အညီ စိစစ်ရွေးချယ်ရောင်းချမည်ဖြစ်ကြောင်း၊ တိုက်ခန်းလျှောက်လွှာများကို (၂၂.၄.၂၀၁၉)ရက်နေ့မှ (၁၀.၅.၂၀၁၉)ရက်နေ့အထိ (၃)ပတ်ကြာရောင်းချခဲ့ရာ စုစုပေါင်း(၄၆၈)ဦးလျှောက်ထားလာပါကြောင်း၊ လျှောက်လွှာများ စိစစ်ရာတွင် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ လက်ငင်းငွေချေစနစ်ဖြင့်ဝယ်ယူနိုင်သူကို ပထမဦးစားပေး၊ ဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျဝယ်ယူနိုင်သူကို ဒုတိယဦးစားပေး၊ စည်းကမ်းချက်နှင့် အနည်းငယ်မကိုက်ညီသူများကို တတိယဦးစားပေးအဖြစ် စိစစ် ရွေးချယ်ခဲ့ရာ လက်ငင်းဝယ်ယူနိုင်သူ (၁၀၂)ဦး၊ ဘဏ်များမှ ချေးငွေရယူဝယ်ယူသူ (၉၅)ဦး၊စုစုပေါင်း(၁၉၇)ဦးစိစစ်ရွေးချယ်နိုင်ခဲ့ပါကြောင်း၊ ဝယ်ယူခွင့်ရရှိသူများအား ပြည်နယ် အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် စက်တင်ဘာလ တတိယပတ်မှစတင်၍ တိုက်ခန်းနံပါတ်များ မဲနှိုက်၍ ရောင်းချနေပြီဖြစ်ပါကြောင်းနှင့် ဘဏ်များမှ နှစ်ရှည်ပူးပေါင်းပါဝင်ဆောင်ရွက်လာ နိုင်အောင် အစိုးရမှညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။
(၆) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မွန်ပြည်နယ်၏လာမည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ဘတ်ဂျက်ကာလ၏ပထမ (၃)လပတ်တွင် တင်ဒါခေါ်ယူနိုင်ရေး မည်သို့စီစဉ်ထားသည်ကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အောက်တိုဘာလမှစက်တင်ဘာလအထိ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအား ဌာနမှတာဝန်ယူဆောင်ရွက်ပြီး၊ အချို့ကို ပုဂ္ဂလိကသို့တင်ဒါခေါ်ယူဆောင်ရွက်သွားမည်
ြ့ဖစ်ပါကြောင်း၊ အောက်တိုဘာလ ပထမပတ်မှစတင်၍ တည်ဆောက်ရေးလုပ်ငန်း တင်ဒါ ပစ္စည်းများဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ တင်ဒါခေါ်ယူခြင်းများအား နိုင်ငံပိုင်သတင်းစာတွင် တင်ဒါထည့်သွင်းကာ (၁)လကြိုတင်ခေါ်ယူဆောင်ရွက်ရမည်ဖြစ်ပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ အရည်အသွေးစိစစ်ရေး ကော်မတီ၊ လက်ခံရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယခုလတွင် ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်တွင် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနား ပြုလုပ်ပြီး တတိယပတ်တွင် အတည်ပြုချက်ရယူကာ ဒီဇင်ဘာလ ဒုတိယပတ်တွင် တင်ဒါ အောင်မြင်သူများနှင့်စာချုပ်ချုပ်ဆိုပြီး၊ ဒီဇင်ဘာလ တတိယပတ်တွင် စတင်ဆောင်ရွက် နိုင်အောင်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တင်ဒါခေါ်ယူရေးကို အများပြည်သူ ပွင့်လင်းမြင်သာစွာသိရှိနိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းပစ္စည်း (၁၀)သန်း အောက်ဖြစ်ပါကယုံကြည်စိတ်ချရသောကုမ္ပဏီ(၃)ခုအားဈေးနှုန်းအတည်ပြုလွှာတောင်းခံပြီး ဈေးနှုန်းအနည်းဆုံးတင်သွင်းသူအား ဝန်ဆောင်မှုရယူုခြင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းပစ္စည်း(၁၀)သန်းနှင့် သန်း(၁၀၀)ထိဖြစ်ပါက သက်ဆိုင်ရာ
ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြော်ငြာသင်ပုန်းများတွင် သိသာထင်ရှားစွာ ကြေညာသွားမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို လုပ်ငန်းရှင်များ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုှရှိအောင် စိစစ်ရွေးချယ်သွားမည်ဖြစ်ပါကြောင်း၊ ရွေးချယ် ထားသည့် ကုမ္ပဏီအမည်စာရင်းအား ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ (၃)လအတွင်း အမြန်ဆုံးတင်ဒါခေါ်ယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။
၃။ အစည်းအဝေးကို နံနက်(၁၁း၃၀)နာရီအချိန်တွင် ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြခြင်းနှင့် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။





