4835

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက် ( ၂၇ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)  ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ရော်ဘာပင်များအား ခုတ်လှဲ၍ အိမ်ရာမြေကွက်ရိုက်ရောင်းချနေမှုများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး ကသက်တမ်းပြည့် ရော်ဘာပင်အိုခုတ်လှဲခွင့်အား သစ်တောဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိမှသာ ခုတ်လှဲရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်သည်ရော်ဘာမြေအခြားနည်း အသုံုးပြုခွင့်နှင့်မသက်ဆိုင်ကြောင်း၊ ဖော်ပြပါအိမ်ရာမြေကွက်ရိုက်ခြင်းသည် ကျိုက်မရော မြို့၊ ပိန္နဲကုန်းရပ်ကွက်၊ ဦးတင်အောင်မှ ထားဝယ်ကျောင်းဆရာတော်သို့ လှူဒါန်းထားပြီး မြတ်ဘုန်းရွှေသာတိုးချဲ့ရပ်ကွက်ဖြစ် ပြုလုပ်လိုကြောင်း ဆရာတော်မှမိန့်ကြားခဲ့ပါသဖြင့်  ရော်ဘာပင်များခုတ်လှဲပြီး ခွင့်ပြုချက်မရှိဘဲ မြေကွက်ရိုက်ခဲ့သည့်အတွက် တားမြစ်စာများ ထုတ်ခဲ့ပါကြောင်း၊ လယ်ယာမြေဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆရာတော် အားလျှောက်ထားခဲ့ပါကြောင်း၊ ယခုအခါ ရော်ဘာမြေအခြားနည်းသုံးစွဲခွင့်ရရှိထားပြီးဖြစ်၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ဝန်ကြီးဖြေကြားချက်မှာ မှားယွင်းနေပါကြောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှ အကွက်ရိုက်ရောင်းစားနေတာဖြစ်ကြောင်း၊ ယခုလိုဖြစ်ခဲ့တာကို ဘယ်လို နည်းနဲ့ဆောင်ရွက်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို အရေးယူပေးနိုင်မလဲဟုမေးမြန်းရာ ဝန်ကြီးက သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ မလျော်ကန်စွာဆောင်ရွက်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမှူးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ နည်းလမ်းတကျဆောင်ရွက်ပါက အရေးယူဆောင်ရွက်လို့မရပါကြောင်း ပြန်လည်ဖြေကြား ပါသည်။ ဆက်စပ်မေးခွန်း(၂)အနေဖြင့် လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထား ပါက မည်ကဲ့သို့ လျှောက်ထားလိုရပါသလဲ၊ အချိန်ဘယ်လောက်ကြာမည်ဖြစ်ပါသလဲဟု မေးမြန်းရာ ဝန်ကြီးက အချိန်(၂)လ(သို့မဟုတ်)(၃)လခန့် ကြာမည်ဟု ပြန်လည်ဖြေကြား ပါသည်။

(၂) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်နေသော ပညာ ရေးဝန်ထမ်းများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ပညာရေးဝန်ထမ်းများခန့်ထားမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင် လကုန်အထိ ဖွဲ့စည်းပုံအရ ခွဲဝေချထားမှုအား အခြေခံပညာဦးစီးဌာန၏ရာထူးအတိုး အပြောင်း လုပ်သက်တန်းစီဇယားအတိုင်းခန့်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ကလွီအထက်တန်းကျောင်းအုပ်အမြန်ရရှိရေး ပြည်ထောင်စုကို တင်ပြပေးနိုင်မလားဟုမေးမြန်းရာ ဝန်ကြီးက ပြည်ထောင်စုသို့ ချိတ်ဆက်ပြီးဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော မုဒုံမြို့နယ်၊ ကမာဝက်-ကမာအုပ် ကွန်ကရစ်ဘီးလမ်း(၂)ခုကြားကွန်ကရစ် လမ်းခင်းပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က မုဒုံမြို့၊ ကမာဝက်-ကမာအုပ် ဆက်သွယ်ထားသောလမ်းသည် (၆)မိုင်၊ (၄)ဖာလုံရှိပြီး ကွန်ကရစ်လမ်းခင်းပေးရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဘတ်ဂျတ်တွင်ပါဝင်ခြင်းမရှိသေးပါကြောင်း၊ သင့်တော်သောဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းသွားမည်ဖြစ်ပြီး ရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလောတွင် ယင်းလမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ပြင်ထိန်းရန်ပုံငွေတွင် ထည့်သွင်းပြင်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

(၄)     ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှှ မေးမြန်းသော သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် မှားယွင်းစွာထည့်သွင်းဖော်ပြခံခဲ့ရသော တိုင်းရင်းသားလူမျိုးများ၏ အမည်နာမဝိသေသများကို ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် က ပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်ဖြစ်သည့် မှတ်ပုံတင်ကို ဥပဒေများနှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း၊ မွေးစာရင်းတွင် မိမိမှည့်လိုသည့် အမည်ကို ထည့်သွင်းပြီး ထွေ- ၁(က) တွင်လည်း တူညီရမည်ဖြစ်ကြောင်း၊ ပြီးမှသာ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းတွင် ထည့်သွင်းရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကာယကံရှင် ကိုယ်တိုင်မှ မိမိထည့်သွင်းလိုသည့်အမည်ကို တစ်ခါတည်းထည့်သွင်းနိုင်ပါကြောင်း၊ ယခုအခါတွင် မှားယွင်းစွာထည့်သွင်းဖော်ပြခံရသော တိုင်းရင်းသားများ၏ စရိုက်လက္ခဏာ အမည်နာမဝိသေသနများကို ပြန်လည်ပြင်ဆင်ပြောင်းလဲချင်ပါက မြို့နယ်လဝကဦးစီးမှူး ရုံးမှတစ်ဆင့် အဆင့်ဆင့်လျှောက်ထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ပြန်လည်ပြင်ဆင်မည်ဆိုပါက ဘာတွေလိုအပ်ချက်ရှိပါသလဲ၊ အချိန်ဘယ်လောက်ကြာမည်ဖြစ်ပါသလဲ၊ မည်သူ့ကို လိပ်မူ ရပါမည်လဲ ဟုမေးမြန်းရာဝန်ကြီးက အချိန်အားဖြင့် အဆင့်ဆင့်ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက် ကြာချိန်ကိုဖြေကြား၍မရပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၅) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာတွင် မြေပြိုမှုကြောင့် ပျက်စီးသွားသောလူနေအိမ်(၈)လုံးနှင့် ကျန်အိမ်(၅၁)လုံးအား ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ထူထောင်ရေးနှင့်နေရာအသစ်ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က တောင်ပြိုကျမှုကြောင့် ပျက်စီးသွားသော နေအိမ်(၈)လုံးနှင့် တောင်နံရံဘေးတွင်ဆောက်လုပ်ထားသော ကျန်အိမ် (၅၁)လုံး၊ စုစုပေါင်း(၅၉)လုံးတို့အား မြေနေရာပြန်လည်ချထားနိုင်ရေးအတွက် ကျေးရွာနေ လူထုများ၏ ဆန္ဒသဘောထားများရယူ၍ ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၌ အိမ်မြေကွက်(၅၉)ကွက်ရိုက်၍ ချထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၆)     ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာမီးလင်းရေးနှင့် ပတ်သက်၍သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးလှထွန်း က မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာမီးရရှိရေးနှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် 11KV ဓါတ်အားလိုင်း (၁၇)မိုင်တည်ဆောက်ခဲ့ပြီး ကော့ပရံ မီးလင်းရေးကော်မတီမှ ၂၀၁၆ ခုနှစ်တွင် 11KV ဓါတ်အားလိုင်း (၁၂၀၀)ပေနှင့် 200KV ဓါတ်အားခွဲရုံအား ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခွင့်ရရှိရေး မုဒုံမြို့နယ်လျှပ်စစ်ရုံးသို့ တင်ပြလျှောက်ထားခဲ့ရာ အင်ဂျင်နီယာချုပ်မှ ခွင့်ပြုချက်ချထားပေးခဲ့ကြောင်း၊ ကော့ပရံ မီးလင်းရေးအဆိုအား လွှတ်တော်မှာအတည်ပြုခဲ့သဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် 11KV ဓါတ်အားလိုင်း (၁၇၅၀)ပေနှင့် 200KV ဓါတ်အားခွဲရုံ တည်ဆောက်ပေးခဲ့ကြောင်း၊ သို့ဖြင့်ပါ၍ အစိုးရမှဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း၊ အဆိုအတည်ပြုခြင်းကြောင့်သော်လည်းကောင်း ကော့ပရံမီးရရှိခြင်းဖြစ်ကြောင်း ဖြေကြားပါ သည်။ ဆက်စပ်မေးခွန်းအနေဖြင့် ဝန်ကြီးဖြေသွားသည့်ခွင့်ပြုချက်ရရှိသည်ဆိုတာ မည်ကဲ့ သို့ခွင့်ပြုချက်ရရှိတာလဲ၊ ကော်မတီဖွဲ့ခြင်းဆိုတာ အစိုးရကဘယ်လိုညွှန်ကြားထားပါသလဲ ဟုမေးမြန်းရာ ဝန်ကြီးက (၂၈.၁၀.၂၀၁၆)ရက်နေ့မှာ အင်ဂျင်နီယာချုပ်မှ ခွင့်ပြုချက်ချ ထားပြီးဖြစ်ကြောင်းနှင့် ကျေးရွာမီးလင်းရေးအဖွဲ့သို့ အစိုးရကညွှန်ကြားထားခြင်းမရှိ ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(ခ)    မွြန်ပည်နယ်လွှတ်တော်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ၏ Starhigh Asia Pacific Pte.; Ltd မှ သံလွင်မြစ်အတွင်းသဲစုပ်သည့် လုပ်ငန်းဆောင်ရွက်နေမှု အပေါ် လေ့လာဆန်းစစ်ချက်ကနဦးအစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး၊ ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တင်ပြခြင်း၊  အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၂၄.၉.၂၀၁၉)ရက် (အင်္ဂါနေ့)တွင် အမည် စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဂ)    မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ)အရအသုံးခန့်မှန်း ခြေငွေစာရင်းတွေ့ရှိချက်နှင့်ဝန်ကြီးဌာနအချို့၏ ထူးခြားသောစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း သည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ကျော်သူ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်တို့်မှ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးမှ ပြန်လည်ဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ပြည်နယ် လွှတ်တော်မှ မှတ်တင်တင်ကြောင်းကြေညာပါသည်။

၃။       အစည်းအဝေးကို  မွန်းလွဲ(၁၂း၀၅) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပမည့်ရက်ကို (၂၅.၉.၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။