4827

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

၁။       ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက် (၂၈)ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)  ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

(၁) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် အခြေခံပညာကျောင်းများ၏နေ့စားလပေးဝန်ထမ်းများအား အတည်ပြုခန့်ထားနိုင်ရေး ကြန့်ကြာနေသည့်ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ယခုလက်ရှိ ဝန်ထမ်းစာရင်းအရ နေ့စားလပေး(၃၀၃)ဦး၏ ပညာအရည်အချင်း၊ ကိုယ်ရေးအချက်အလက်များကို (၃-၆-၂၀၁၉)ရက်နေ့တွင် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်သို့တင်ပြထားပြီးဖြစ်ကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီမံဌာန၊ အခြေခံပညာဦးစီးဌာနသိ့ု အဘယ်ကြောင့်ကြန့်ကြာ နေသည်ကို ချိတ်ဆက်မေးမြန်းရာတွင် အခြေခံပညာရေးဆရာ/ဆရာမ လို်အပ်ချက်များကို ဦးစားပေးခန့်ထားဆောင်ရွက်ပြီးမှ နေ့စားလပေးဝန်ထမ်းများအား အတည်ပြု ခန့်ထားနိုင် ရေးကိစ္စကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။

(၂)     ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မုဒုံမြို့နယ်၊ ဝဲကလိဆေးပေးခန်းတည်ဆောက်ရန်ကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်း က မုဒုံမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုပေါင်းစပ်ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဌာနများကိုအဓိကဦးဆောင်ရမည့်ဌာနသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပြီး လွှတ်တော်တွင်ကတိဝင်ခဲ့သည်များကို ဖော်ဆောင်ရာတွင် လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာ တွင်လည်းကောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန် ဦးဆောင်လျက်ရှိကြောင်း၊ ဝဲကလိဆေးပေးခန်းအတွက် ကျေးရွာပိုင် မြေအား ကျေးလက်ကျန်းမာရေးဌာနခွဲပိုင်မြေအဖြစ် အခြားနည်းအသုံးပြုခွင့်ရရှိရေး၊ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရေးဆွဲနိုင်ရေး မြေပြင်တွင် ထင်ရှားသည့်အမှတ်အသားစိုက်ထူနိုင်ရေး၊ ဝဲကလိကျေးရွာအုပ်ချုပ်ရေးမှူးအား စီမံ ဆောင်ရွက်ရန် တာဝန်ပေးထားပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်း အနေဖြင့် ဌာနဆိုင်ရာများအမှန်တကယ်ပူးပေါင်းလျှင် ယခုကဲ့သို့မဖြစ်လာဘူး၊ မပူးပေါင်း လို့မေးခွန်းမေးရခြင်းဖြစ်ကြောင်း၊ ပြည်သူများဆုံးရှုံးနစ်နာမှုဖြစ်သည့်အပေါ် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းရာ ဝန်ကြီးမှ မြေနေရာရရှိရေးအတွက် ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်သို့တင်ပြခဲ့ပါကြောင်း၊ ဝဲကလိကျေးရွာကော်မတီများနှင့် လည်း ညှိနှိုင်းလျက်ရှိကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ခွင့်ပြုချက်ရရှိပါ အဆောက်အဦဆောက်လုပ်ရန် မြေနေရာလိုအပ်လျက်ရှိကြောင်း၊ မြေနေရာရရှိရေး ဆောင်ရွက်ရာတွင် ပေ(၁၀၀)ပတ်လည် ရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြေစာရင်းဦးစီးဌာနမှ မြေယာကိစ္စနှင့်ပတ်သက်၍ အောက်ခြေမှာမပြေလည်သေးသည့် အတွက် ပြေလည်မှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်နေသည့်မြေနေရာ ရရှိပါက မြေနေရာမှတ်သားတိုင်စိုက်ထူရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားရာ ဆက်စပ်မေးခွန်း(၂)အနေဖြင့် ညွှန်ကြားနေလျက်သားနဲ့ ယခုလိုဖြစ်လာရခြင်း အဘယ်ကြောင့်လဲ၊ ညွှန်ကြားနေလျက်သားနဲ့ ဌာနဆိုင်ရာများက အဘယ့်ကြောင့်လဲဟု ပြန်လည်မေးမြန်းရာ ဝန်ကြီးက မိမိကိုယ်တိုင်မြေပြင် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။

(၃) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ပေါင်မြို့နယ်၊ ပြည်ထဲရေးလက်အောက်ရှိ ဇင်းကျိုက်အကျဉ်းဦးစီးဌာန၏ ကျောင်းမိုင်းခွဲခြင်းနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က  ဇင်းကျိုက်ဦိးစီးဌာနမှ ကျောက်မိုင်းခွဲရာတွင် နေ့လည်(၂)နာရီအချိန်၌ ခွဲရခြင်းမှာ ဒေသခံပြည်သူများ၏လိုလားချက်အရ ခွဲရခြင်း ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၊ ရပ်/ကျေးကော်မတီများအစည်းအဝေးများပြုလုပ် ၍ ဒေသခံပြည်သူများ၏စားဝတ်နေရေးအလုပ်လုပ်နေချိန်နှင့် ကျောင်းချိန်များ လွတ်ကင်း ချိန် ဖြစ်သည့်အချိန်၌ တစ်နေ့တစ်ကြိမ်သာခွဲရခြင်းဖြစ်ကြောင်း၊ မိုင်းခွဲချိန်၌ အန္တရာယ်ဇုန် အဖြစ်သတ်မှတ်ထားပါကြောင်း၊ ကျောက်ကျနိုင်မည့်နေရာများကို လည်းကြိုတင် ရှင်းလင်းထားပါကြောင်း၊ မိုင်းခွဲမည့်အချိန်ကို အသံချဲ့စက်ဖြင့် ကြေညာပါကြောင်း၊ CSR လုပ်ငန်းများနှင့်ပတ်သက်ပြီး လှူဒါန်းမှုများလည်းရှိပါကြောင်း၊ ကျောက်ကျသည့် ဖြစ်စဉ် ဖြစ်ပွားသည့်အတွက် လာမည့်အပတ်မှာ ကျောက်မိုင်းခွဲရာတွင် နည်းစနစ်ပြောင်းလဲ ဖေါက်ခွဲမည့်နည်းများကို စဉ်းစားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းပြီး ယခုလိုမဖြစ်အောင် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် CSR လုပ်ငန်းများကို မခံစားရပါကြောင်း၊ အမှုဖွင့်တာကိုထိထိရောက်ရောက် အရေးမယူ ဘူးလားဟုမေးမြန်းရာ ဝန်ကြီးမှ CSR လုပ်ငန်းအတွက် လိုချင်တဲ့ဒေသကိုတင်ပြပေး စေလိုကြောင်း၊ အမှုဖွင့်တာကိုလည်း တရားဥပဒေအရထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၄)     ဦးချစ်တင၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှှ မေးမြန်းသော ရေးမြို့နယ်၊ သဘာဝဘေးအန္တရာယ်ရေးကြီးမှုဒဏ်ကို မည်သို့ကူညီ ဆောင်ရွက်ပေးမည်ကိုသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း ကသဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်မီကူညီဆောင်ရွက်ပေးရန်စီမံလျက် ရှိကြောင်း၊ ယခုရေကြီးခဲ့သည့်ဖြစ်စဉ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး (၇)ရက်စာရိက္ခာများလှူဒါန်းပေးခဲ့ကြောင်း ဖြေကြားပါသည်။

(၅) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ချောင်းဆုံမြို့နယ်၊ တကူပတီ- ကုလားဘီကျေးရွာချင်းဆက်လမ်းအား ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က တကူပတီ- ကုလားဘီလမ်းသည် ဂဝံမြေသားလမ်းဖြစ်ပြီး လမ်းအရှည်(၁)မိုင်၊ (၃)ဖာလုံ ကတ္တရာခင်းရန်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီးရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။

(၆)     ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မုဒုံမြို့နယ်အတွင်းရှိ ထက်/လယ်/မူ ကျောင်းများရှိ ဆရာ/ဆရာမ ဦးရေနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ဆရာ/ဆရာမ ခန့်ထားရေးနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးမှဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်သက်တန်းစီဇယားအတိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာန သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဘတ်ဂျက်ပါပါက မြို့နယ်ဦးစားပေး အစီအစဉ်များချမှတ်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။ ဆက်စပ် မေးခွန်းအနေဖြင့်  လွှတ်တော်တွင်ကတိဝင်ထားသည့် ကတိနှင့်ပတ်သက်ပြီး မဆောင်ရွက် ပေးခြင်းအား လွှတ်တော်ကိုမလေးစားရာရောက်ကြောင်း၊ လွှတ်တော်တွင်ကတိဝင်ထား သည်ဟူသော မှတ်ချက်ရေးသွင်းခွင့်မရှိဟုပြောခြင်းအား မည်ကဲ့သို့ အရေးယူမည်နည်းဟု မေးမြန်းရာ ဝန်ကြီးက လွှတ်တော်တွင်ကတိဝင်ထားသည်ဟူသော မှတ်ချက်ရေးသွင်းခွင့် မရှိဟုဆိုပြီး ညွှန်ကြားထားခြင်းမရှိပါကြောင်းနှင့် စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(ခ)    ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းအား ဦးဝဏ္ဏကျော်၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှတင်သွင်းခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံတွင် (၂၃.၉.၂၀၁၉)ရက် (တနင်္လာနေ့)တွင် အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဂ)    ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းအား ဦးဝဏ္ဏကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှတင်သွင်းခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ဆွေးနွေးလို သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံတွင် (၂၃.၉.၂၀၁၉)ရက် (တနင်္လာနေ့)တွင် အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဃ)    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ
(၆)လပတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသည့် ဦးဇော်ဇော်ထူး၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ဦးအောင်ကျော်သူ၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ဒေါက်တာအောင်နိုင်ဦး၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တို့မှဆွေးနွေးခဲ့ကြပြီး   ဆွေးနွေးချက်များအပေါ် ဦးဝဏ္ဏကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှပြန်လည်ဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်း၊

၃။       အစည်းအဝေးကို  မွန်းလွဲ(၁၁း၄၅) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပမည့်ရက်ကို (၂၄.၉.၂၀၁၉)ရက် (အင်္ဂါနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။