ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ မေလ ၁၀ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌ အဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၅)ဦး တက် ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည် –
(က) ကြယ်ပွင့်ပြမေးခွန်း(၂)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ မေးမြန်းသော သထုံမြို့တွင်မရှိမဖြစ်လိုအပ်သောအာဇာနည်ကျောက်တိုင်မြေ နေရာအား သတ်မှတ်ပေးခဲ့ခြင်းရှိ၊ မရှိနှင့် သတ်မှတ်ပြီးလျှင် မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ညှိနှိုင်းဆွေးနွေးချက်အရ သထုံမြို့၊ နေမိန္ဒရ ဘုရားလမ်းဘေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးရှိ မြေကွက်နေရာ(၃.၂၇) ဧကခန့်တွင် အာဇာနည်ဗိမာန်နေရာအသုံးပြုရန် လျာထားခဲ့ကြပါကြောင်း၊ လျာထားမည့် နေရာတွင် အာဇာနည်ကျောက်တိုင်(သို့မဟုတ်)ဗိမာန်တည်ဆောက်နိုင်ရန် အတည်ပြု သတ်မှတ်နိုင်ရေးအတွက် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက်ရှိပြီး စည်ပင်မြေအဖြစ်သတ်မှတ်ရရှိပြီးပါက နီးစပ်ရာဘဏ္ဍာရေးနှစ် ရန်ပုံငွေထည့်သွင်းလျာထားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းဖြေကြားပါသည်။
(၂) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ မေးမြန်းသော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က မွန်ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇.၇.၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၂/၂၀၁၇)အရ မွန်ပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီအား ဖွဲ့စည်း တာဝန်ပေးအပ်၍ မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုုပ်နှံမှုစီမံကိန်းဆောင်ရွက်မည့်လုပ်ငန်း များအားစိစစ်အတည်ပြု၍ ခွင့်ပြုမိန့်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဆောင်ရွက် စေခဲ့ပါကြောင်း၊ မွန်ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၅၅(ဂ)အရ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁.၂.၂၀၁၈)အမိန့် ကြော်ငြာစာအမှတ်၊ ၁/၂၀၁၈ ဖြင့် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ရရှိပြီးဖြစ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ကြပ်မတ်ရန် အတွက် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ပြီး ပုံမှန်စစ်ဆေးခြင်း၊ ရှှောင်တခင်စစ်ဆေးခြင်း၊ အခါအားလျော်စွာစစ်ဆေးခြင်း တို့ဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ခွင့်ပြုမိန့်(သို့မဟုတ်) အတည်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများမှ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို ချိုးဖောက်ကြောင်း (သို့မဟုတ်) မမှန်မကန် ဆောင်ရွက်နေကြောင်းတွေ့ရှိပါက ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှတစ်ဆင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း ဦးစားပေးစက်မှုလက်မှုကဏ္ဍ(၉)ခုအောက်ရှိ လည်ပတ်ဆောင်ရွက် လျက်ရှိသောစက်ရုံများအား သတ်မှတ်ကာလအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲတင်ပြရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေရန်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းစီမံကိန်းများအား သတိပေးစာထုတ်ပြန်ခြင်း၊ လုပ်ငန်း လိုင်စင်ချထားပေးသော ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ လုပ်ငန်းယာယီရပ်စဲစေခြင်း၊ အရေးယူဆောင်ရွက်ခြင်းကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(ခ) မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းတို့ကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊
(ဂ) မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏သက်တမ်းတိုးမြှင့်ရေးကိစ္စ တင်ပြခြင်းတို့ကို ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်း၊
(ဃ) မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အစီရင်ခံစာကို လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိ မည်ဖြစ်ပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နိုင်ရန်ပေးပို့သွားမည်ဖြစ်ပါကြောင်း ကြေညာခြင်း၊
(င) မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေများ(မူကြမ်း) နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခြင်းနှင့် ရက်ပေါင်း(၉၀)အတွင်း ပြင်ဆင်ချက်အဆိုတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
(စ) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပခဲ့စဉ်အတွင်း သုံးနှုန်းပြောဆိုခဲ့ကြသည့် လွှတ်တော်ဂုဏ်အင်္ဂါရပ်နှင့်မလျော်ကန်သည့် စကားရပ်များအား ပယ်ဖျက်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးမှ အကြံပြု ဆွေးနွေးတင်ပြခြင်းနှင့် ယင်းအကြံပြုဆွေးနွေးခြင်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင် အတည်ပြုကြောင်းကြေညာခြင်း၊
၃။ အစည်းအဝေးကို နေ့လည် (၁၁း၃၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆောင်ရွက်ချက် အနှစ်ချုပ်တင်ပြခြင်းနှင့် အစည်းအဝေးအောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခြင်း။





