4216

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ မေလ ၃ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၉)ဦး တက် ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)  ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ စည်ပင်သာယာ ရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မွန်ပြည်နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများအတွက် ၂၀၁၈ခုနှစ် (Mini budget)တွင်ကျပ်သန်း(၃၂၈၂.၄၉၈)ဖြင့်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ကျပ်သန်း(၂၀၀၀)ဖြင့်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်အတွက် သောက်သုံးရေးရရှိရေးလုပ်ငန်း (သီးခြား)ဆောင်ရွက်ရန်အတွက် ကျပ်သန်း (၁၀၀၀)ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဘဏ္ဍာရေးနှစ် များအလိုက် လျာထားဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့မြို့နယ်များအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်များသို့ မေးမြန်းမှုများအရ ကတိဝင်ခဲ့သည့်မေးခွန်းများအပေါ် ဆောင်ရွက် ရမည့်လုပ်ငန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကွင်းဆင်းတွေ့ဆုံမှုတွင် ဒေသခံလူထု များ၏တင်ပြခဲ့သည့်လုပ်ငန်းများ၊ သက်ဆိုင်ရာခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများ၏ ကွင်းဆင်းစိစစ်ထောက်ခံချက်များအပေါ်အခြေခံ၍ အပတ်စဉ်ပြုလုပ်သည့် မွန်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးများတွင် ဦးစားပေးလုပ်ငန်းများအလိုက် စနစ်တကျစိစစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေအပိုဒ် ၈၄ ပါပြဋ္ဌာန်းချက်အရ လုပ်ငန်းရွေးချယ်မှုတွင် နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များနှင့်တိုင်ပင်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ဖို့သင့် သည်ဟု အတိအလင်းပြဋ္ဌာန်းထားသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နောက်နောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေခံကိုယ်စားလှယ်များနှင့်ညှိနှိုင်း၍ မည်သို့ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်းမေးမြန်းရာ ဝန်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဦးစားပေးအစီအစဉ်အလိုက်စနစ်တကျ ရွေးချယ်စိစစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ကမေးမြန်းသည့်ကတိဝင်မေးခွန်း များကို ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများကွင်းဆင်းပြီး လွှတ်တော်ကိုယ်စားလှယ်ပြော သွားသည့် လေးစားထိုက်သောပုဂ္ဂိ ုလ်များနှင့် အစိုးရအဖွဲ့အားလုံးသုံးသပ်ပြီး ပြည်နယ် အစိုးရအဖွဲ့ Cabinet ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်

(၂)     ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် အောင်ဇေယျကွက်သစ်အား မြေငှားဂရန်ချထားပေးနိုင် ခြင်းရှိ၊မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က သထုံမြို့နယ်အတွင်း မြို့မြေတိုင်းတာ၍ မြေငှားဂရန်ထုတ်ပေးနိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ်တွင်စတင်၍ မြို့မြေတိုင်းတာ ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အောင်ဇေယျကွက်သစ်အား မြို့မြေတိုင်းတာ ဆောင်ရွက်ပြီးဖြစ်သဖြင့် တိုင်းတာပြီးစီးသည့် ဧရိယာများကို မြို့မြေတစ်ကွက်ခြင်းအလိုက် မြေပုံရေးဆွဲခြင်း၊ ရေးဆွဲပြီးမြေပုံများကို မြေပြင်စစ်ဆေးခြင်း၊ ( Ground Check)လုပ်ငန်း များဆောင်ရွက်ခြင်း၊ တိုင်းတာပြီးမြေပုံများအား အတည်ပြုပြီးပါက မြေတစ်ကွက်ချင်း ပိုင်ဆိုင်မှုစာရင်း(Town Land Roll)ကောက်ယူခြင်းလုပ်ငန်းကို မိုးရာသီလုပ်ငန်းအဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး အငြင်းပွားမှုတစ်စုံတစ်ရာမရှိသည့် မြေကွက်များအတွက် ပြည်သူ များမှမြေငှားဂရန်လျှောက်ထားနိုင်ရေးအတွက် မြေစာရင်းပုံစံ(၁၀၅)၊ မြေပုံရေးဆွဲပေးသွား မည်ဖြစ်ပြီး မြေစာရင်းပုံစံ(၁၀၅)ရရှိပြီးပါက မြေငှားဂရန်ရရှိရေး ဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်းဖြေကြားပါသည်။

(၃)     ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော သထုံမြို့နယ်၊ နောင်ကတုတ်ကျေးရွာအုပ်စုအတွင်းရှိ အင်းရွာ(အလက) ကျောင်းအား အထက(ခွဲ)ကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊မရှိသိရှိ လိုသောမေးခွန်းနှင့်စပ်လျဉ်း၍  လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က သထုံမြို့နယ်၊ နောင်ကတုတ်ကျေးရွာအုပ်စုရှိ အလက(အင်းရွာ)သည်  ထက်ဆင့်သင့်ကျောင်းနှင့် (၅)မိုင် ခန့်ဝေးခြင်း၊ လယ်ဆင့်သင့်ကျောင်းသား(၁၃၅)ဦးသာ ရှိသည့်အတွက် ကျောင်းသားဦးရေ အရ ပညာရေးဝန်ကြီးဌာန၏ ပညာရေးဆိုင်ရာစံချိန်/စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီ မှုမရှိသည့်အတွက် ပတ်ဝန်းကျင်မှတက်ရောက်မည့် ထက်ဆင့်သင် ကျောင်းသား အရေအတွက်များရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးမှ သထုံမြို့နယ်၊ ပညာရေးမှူးရုံးသို့ လည်းကောင်း၊ မြို့နယ်ပညာရေးမှူးမှတစ်ဆင့် ပြည်နယ်ပညာရေးမှူးရုံးသို့လည်းကောင်း၊ ကျောင်းအဆင့်တိုးမြှင့်ရန် အမှုတွဲဖြင့်တင်ပြတောင်းခံလာပါက ပြည်နယ်ပညာရေးမှူးရုံးမှ တစ်ဆင့် အခြေခံပညာရေးဦးစီးဌာန၊ နေပြည်တော်သို့ ဆက်လက်တင်ပြတောင်းခံပေးသွား မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၄)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ချောင်းဖျားကျေးရွာနှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်တို့နှင့်ကုန်စည်ဖလှယ်ရန် ချောင်းများတားဆီးထား သောကြောင့် ဆက်သွယ်မှုကောင်းမွန်စေမည့် လမ်း၊ တံတား(၃)စင်းအား ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ချောင်းဖျားကျေးရွာ သည် တနင်္သာရီတိုင်းဒေသကြီးတွင်ပါဝင်ပြီး မွန်ပြည်နယ်အတွင်း ပါဝင်ခြင်းမရှိသဖြင့် လမ်းတံတားလုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ပြည်နယ်/ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများတွင် ထည့်သွင်းလျာထားခြင်း မရှိပါကြောင်းနှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားပါသည်။

(၅)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ မေးမြန်းသော ရေးမြို့နယ်၊ အောင်သပြေ – နှစ်ကရင်လမ်း ဆောင်ရွက်ထားအခြေအနေနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က အောင်သပြေ-နှစ်ကရင်လမ်းလုပ်ငန်း ဆောင်ရွက်ချိန်သည် ၂၀၁၈ ခုနှစ်(ဧပြီလမှစက်တင်ဘာလအထိ)(၆)လ ရန်ပုံငွေတွင်ပါဝင် ပါကြောင်း၊ မိုးတွင်းကာလဖြစ်၍ လုပ်ငန်းဆောင်ရွက်ရန်အချိန်ကာလတိုတောင်းသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ရယူခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၈)ဆုံးဖြတ်ချက်အပိုဒ် (၅၄)အရ  Bedok ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လည်း လိုအပ်သည့်လမ်းအကျယ်ရရှိရန်အတွက် မလွတ်ကင်းသည့်ခြံများအား (၂၄.၂.၂၀၁၈) ရက်နေ့တွင် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးပြီး ခြံပိုင်ရှင်များ ထံမှလည်း သဘောတူညီမှုတစ်ရပ်ရရှိခဲ့ပါကြောင်း ခြံပိုင်ရှင်များမှလည်း ကွန်ကရစ်လမ်း  ဖြစ်ပေါ်လာစေရေးအတွက် တစ်ဧကလျှင် သိန်း(၂၀) ထည့်သွင်းလှူဒါန်းကြပါကြောင်း၊ ပြည်နယ်အစိုးရမှ တစ်ဧကသိန်း(၆၀)၊ ကုမ္ပဏီမှ သိန်း(၂၀)နှုန်းဖြင့် ပြည်သူ၊ အစိုးရ၊  ကုမ္ပဏီတို့ သဘောတူညီစွာဖြင့် မြေယာလျော်ကြေးပေးခြင်းလုပ်ငန်းများအား ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် လက်ရှိတင်ဒါခေါ်ယူခြင်း မဟုတ်ဘဲ (SMD) ကုမ္ပဏီကို Cabinet အစည်းအဝေးဆုံးဖြတ်ချက်နှင့်ဆောင်ရွက်သည့် ကိစ္စသည် ဝန်ကြီးဖြေကြားသွားသလို (၁/၂၀၁၇)တင်ဒါလုပ်ထုံးလုပ်နည်းအပိုဒ်(၆)နှင့် ကိုက်ညီမှုမရှိဘဲ မည်သို့ဆောင်ရွက်ခဲ့ပါသလဲ၊ ခြံပိုင်ရှင်များအနေဖြင့် တစ်ဧကကို ဘယ်လောက်နှုန်းလျော်ကြေးရပါသလဲမေးမြန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်ထောင်စု အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်၏ညွှန်ကြားချက်တွင် Mini Budget အား တင်ဒါ ကင်းလွတ်ခွင့်ရှိသည့်အတွက်ကြောင့် အမြန်လုပ်ရသည့်ကိစ္စရပ်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပြီး၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်မှ ခြံရှင် များအနေဖြင့် တစ်ဧကလျှင် သိန်း(၈၀)ရကြောင်း ပြန်လည်ဖြေကြားပါသည်။

(ခ)     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်းပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ပေးပို့ လာသော ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့်
ပုဂ္ဂိ ုလ်၏အမည်စာရင်းအား လွှတ်တော်သို့တင်သွင်းခြင်း၊ အမည်စာရင်းတင်သွင်းခြင်းနှင့် စပ်လျဉ်း ၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံတွင် (၃.၅.၂၀၁၉)ရက် (သောကြာနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဂ)    အဆို (၁)ခုတင်သွင်းခြင်း

မော်လမြိုင် – သံဖြူဇရပ်(BOT)လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ စိစစ် သုံးသပ်၍ အချိန်မီပြုပြင်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဦးအောင်ကျော်သူ၊  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊  သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းပြီး၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)က လက်ခံ ဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၃.၅.၂၀၁၉)ရက် (သောကြာနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဃ)    မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးချစ်တင်မှ ကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၃.၅.၂၀၁၉)ရက် (သောကြာနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(င)     မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှ ကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၃.၅.၂၀၁၉)ရက် (သောကြာနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

(စ)     မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၈၄၃၊ ၁၂၂၀/ဘဲရမ်းအရှေ့ကွင်း၊ ဦးပိုင် အမှတ်- ၈/၃၊ ၉၊ ၁၀/၂၊ N ၇၄ ရှိ ဆီအုန်းခြံမြေ (၁၀.၃၅)ဧကတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Asia Business Synergy Public Co.;Ltd တို့အကြား ဆောင်ရွက်မည့်ဘတ်စုံသုံးအဝေးပြေးယာဉ် ရပ်နားစခန်းနှင့်လူမှုရေးစင်တာတည်ဆောက်မည့်အစီအစဉ်အား စည်ပင်သာယာရေးနှင့် ဆောက်လုပ် ရေးဝန်ကြီး ဦးမင်းကျော်လွင်  မှတင်ပြခြင်း၊ ဆောင်ရွက်မည့် ဘတ်စုံသုံးအဝေးပြေးယာဉ်ရပ်နားစခန်း နှင့် လူမှုရေးစင်တာ တည်ဆောက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၃.၅.၂၀၁၉)ရက် (သောကြာနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

(ဆ)    အောက်ဖော်ပြပါ ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်း နှင့်အတည်ပြုခြင်း –

(၁)     ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ

(၂)     ဥပဒေပြုရေးဆိုင်ရာကော်မတီ

(၃)     သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ

(၄)     ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ
သုံးသပ်ရေးကော်မတီ

(ဇ)     မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကော်မတီ၏သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့် ပြည်နယ်လွှတ်တော်မှအတည်ပြုခြင်း။

၃။       အစည်းအဝေးကို  နေ့လည် ( ၁၁ း ၅၀ ) နာရီအချိန်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပမည့်ရက်ကို (၆.၅.၂၀၁၉)ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။