4210

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (ပထမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ မေလ ၂ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၈)ဦး တက် ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)    တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်လင်းအောင်အစား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးသက်ခိုင်အား အစားထိုးပြောင်းလဲခဲ့ပြီး ဗိုလ်မှူးသက်ခိုင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၃၊ ပုဒ်မခွဲ (ခ)နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ  ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

(ခ)    ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာနှင့်ဝယ်ရက်ကျေးရွာရှိ အရှည်ပေ (၅၂၀၀)ရှိလမ်းအား ကွန်ကရစ်လမ်းအဖြစ် အမြန်ဆုံးဖြစ်အောင် ကူညီ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာမှ ဝဲရက်ကျေးရွာသို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်း (၁/ဝ)မိုင်အား ကွန်ကရစ် လမ်းအဖြစ် အဆင့့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် လျာထားပြီးဖြစ်ကြောင်းနှင့်ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၂)     ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော (၁၀)မြို့နယ်အတွင်း ဖွဲ့စည်းထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်-၃၂(ဃ)အရ မွန်ပြည်နယ်အတွင်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများအား ပိုမိုထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏(၁၅.၁.၂၀၁၉)ရက်စွဲပါ စာအမှတ်၊ ၃၀၀/၂-၃/အဖရ(မွန်) (၀၀၁၄)ဖြင့် ခရိုင်/မြို့နယ်အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီများအား မြို့နယ်(၁၀)မြို့နယ်တွင် ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်းနှင့်  ယင်းဆပ်ကော်မတီတွင် လုပ်ငန်းတာဝန်(၁၇)ချက်ချမှတ်ထားပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအား ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ၏လုပ်ငန်းတာဝန်များ တိတိကျကျ သတ်မှတ် စေလျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့နယ်အဆင့် ကြီးကြပ်ရေးဆပ်ကော်မတီမှ ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့် ရေးကော်မတီနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် မွန်ပြည်နယ်(၁၀)မြို့နယ်တွင် ဖွဲ့စည်းထားရှိသည့် မြို့နယ်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီမှ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မြို့နယ်တစ်ခုလျှင် ဘယ်နှစ်ကြိမ်ဆောင်ရွက်ခဲ့ပါသလဲ၊ မွန်ပြည်နယ်လွှတ်တော်ရှိ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးကော်မတီနှင့် ဘယ်လိုချိတ်ဆက်ဆောင်ရွက်မလဲမေးမြန်းရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟို ကော်မတီမှ ခရိုင်၊ မြို့နယ်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီများအထိတွေ့ဆုံမှု မရှိသေးပါကြောင်းနှင့် မွန်ပြည်နယ် လွှတ်တော်သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေးကော်မတီမှ အဖွဲ့ဝင်အဖြစ်ပါဝင် လိုသည့်ဆန္ဒရှိပါက ပြည်နယ်အစိုးရအဖွဲ့ထံသို့တင်ပြ၍ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)     ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က အဆိုပါမေးခွန်းအကြောင်းအရာများမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်သက်ဆိုင်နေပါသဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိုလ်နှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) သို့ တင်ပြအတည်ပြုချက်ရယူပြီးမှသာ ပြန်လည်ဖြေကြားပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါ သည်။

(၄)    ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ မေးမြန်းသော မွန်ပြည်နယ်အတွင်းရှိ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သော ကျောက်မိုင်းများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က မွန်ပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ၂၀၁၉ခုနှစ်၊ ဧပြီလအထိ လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုအရေ အတွက်မှာ (၈၁)ဦး ခွင့်ပြုထားရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုခဲ့မှု အပေါ် ထုတ်လုပ်သည့်ကျင်းအရေအတွက် စုစုပေါင်း (၄၇၄၇၁၀) ကျင်းရှိပြီး အခွန်ငွေ စုစုပေါင်း (၁၁၈၆၇၇၅၀၀၀ိ/-) ကောက်ခံရရှိမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း လမ်းခင်းကျောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များတရားမဝင်ဓာတ်သတ္တုတူးဖော်မှုမရှိစေ ရေးနှင့် ထုတ်လုပ်သည့်ကျင်းအရေအတွက် မှန်ကန်မှုရှိစေရေးအတွက် တရားမဝင်ဓာတ် သတ္တုတူးဖော်ထုတ်လုပ်မှုများကို မြို့နယ်တားဆီးရေးကော်မတီမှ နယ်မြေကွင်းဆင်းစဉ် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများအား တရားဝင်ခွင့်ပြုချက်မရရှိသေးသည့် ကာလ အတွင်း ကျောက်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိပါက တားမြစ်သွားရန်၊ လုပ်ငန်းဆောင်ရွက်မှုမရှိစေရေး အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ထူးခြားမှုရှိ ပါက အချိန်နှင့်တပြေးညီသတင်းပေးပို့တင်ပြသွားရန် အသိပေးမှာကြားထားရှိပြီးဖြစ်ပါ ကြောင်း၊ မွန်ပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်းခင်းကျောက်ထုတ် လုပ်ခွင့်လိုင်စင်ခွင့်ပြုထားသည့် လုပ်ငန်းရှင်(၈၁)ဦးတို့မှ ထုတ်လုပ်သည့်လမ်းခင်းကျောက် များကို ပြည်ပသို့တင်ပို့ရောင်းချမှုများမရှိပါကြောင်းနှင့် လိုင်စင်စည်းကမ်းချက်များနှင့် အညီထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုထားသည့် ကျောက်မိုင်း ထုတ်လုပ်များ၏ပိုင်ရှင်အမည်၊ နေရပ်လိပ်စာ၊ ထုတ်လုပ်သည့်ကျင်းအရေအတွက်များအား (၁၀)မြို့နယ်အလိုက်အားသိရှိလိုပါ၍ ၎င်းစာရင်းအချက်အလက်များအားပေးရန်အစီအစဉ် ရှိ၊ မရှိကျောက်မိုင်းထုတ်လုပ်မှုနှင်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ သတင်းပေးပို့ သည့်စနစ်ထက်ပိုမိုကောင်းမွန်သည့် ထိန်းချုပ်သည့်စနစ်ရေးဆွဲဖို့အတွက် အစီအစဉ်ရှိ၊ မရှိ၊ ပြည်ပသို့တရားဝင်တင်ပို့ရောင်းချမှုနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ထားမှုရှိ၊ မရှိ မေးမြန်း ရာ မွန်ပြည်နယ်(၁၀)မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးတွင် ကျောက်ထုတ်လုပ်မှု စာရင်းသေးစိတ်ကို ပြည်နယ်လွှတ်တော်သို့ပေးပို့မည်ဖြစ်ကြောင်း၊ ကျောက်ကျင်း ထုတ်လုပ်မှုမှန်ကန်ရေးနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်၍ ကြီးကြပ်ဆောင်ရွက်ဖြစ်ကြောင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချမှုနှင့်ပတ်သက်၍ လုံးဝရောင်းချမှုမရှိသည့်အတွက် ရောင်းချမှုများရှိက သက်သေနှင့်တကွတင်ပြပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၅)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော သထုံမြို့နယ်အတွင်းရှိ သုဓမ္မဝတီမြို့သစ်နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က သုဓမ္မဝတီ မြို့သစ်သည် ထောင်မှူးကျေးရွာအုပ်စုတွင်ပါဝင်ပြီး ခရိုင်ရုံးစိုက်ရာ မြို့အတွင်း တည်ရှိခြင်း၊ သထုံမြို့နှင့် (၂)မိုင်ခန့်သာကွာဝေးခြင်း၊ မြို့အင်္ဂါရပ်(၂၁)ချက်နှင့် ကိုက်ညီမှု မရှိခြင်း၊ မြို့နယ်စည်ပင်သာယာနယ်နိမိတ်သတ်မှတ်ထားပြီး ဖြစ်ခြင်းတို့ကြောင့် မြို့သစ်စီမံကိန်း အဖြစ်ဆောင်ရွက်ခဲ့သော သုဓမ္မဝတီမြို့သစ်သည် ပြည်ထဲရေးဝန်ကြီးဌာနတွင် မြို့သစ် အဖြစ်အမည်ပေါက်ခြင်းမရှိကြောင်းနှင့် မြို့အမည်ပေါက်ရရှိရေးဆောင်ရွက်မှုမရှိသေးပါ ကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် သုဓမ္မဝတီမြို့၊ မြို့သစ် အဖြစ်စီမံကိန်းချမှတ်ထားခြင်းရှိသည်ဟုသိရှိရပါ၍ ယင်းစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်ရန်ရှိ၊မရှိ မေးမြန်းရာ ဝန်ကြီးမှ ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်း၍ စာဖြင့်ပေးပို့ ဖြေကြားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(ဂ)    အဆို (၁)ခုတင်သွင်းခြင်း

မွန်ပြည်နယ်အတွင်းရှိပြည်သူများ လစဉ်ကြုံတွေ့နေရသည့် မီတာခပေးသွင်းရခြင်းဒုက္ခအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Online (သို့) Mobile App များအသုံးပြုခြင်းဝန်ဆောင်မှုအား ပြောင်းလဲပေးနိုင်ပါရန် တိုက်တွန်းကြောင်းအဆိုကို ဦးအောင်ကျော်သူ၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊  သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းပြီး ဦးဇော်ဇော်ထူး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၂.၅.၂၀၁၉)ရက် (ကြာသပတေးနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဃ)    ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်ကို ဦးဝဏ္ဏကျော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး မှ တင်သွင်းခြင်းနှင့် လျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၂.၅.၂၀၁၉)ရက် (ကြာသပတေးနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။       အစည်းအဝေးကို  နေ့လည် ( ၁၁ း ၂၅ ) နာရီအချိန်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပမည့်ရက်ကို (၃.၅.၂၀၁၉)ရက် (သောကြာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။