ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (သတ္တမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၇ )ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလထိ ရ သုံးခန့်မှန်းခြေငွေစာရင်းခွင့်ပြုချက်ဖြင့် သတ်မှတ်ကာလကျော်လွန်ပြီးဆောင်ရွက်ခဲ့သော လုပ်ငန်းအရေအတွက်နှင့်ဌာနမှဆောင်ရွက်သော လုပ်ငန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် (၅%)ပေးဆောင်ခြင်း ရှိ၊ မရှိကို သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က ၂၀၁၈ခုနှစ်၊ မွန်ပြည်နယ် ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဖြင့်ခွင့်ပြုဆောင်ရွက်ခဲ့သည့် မွန်ပြည်နယ်ဘဏ္ဍာငွေ တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်ကျော်လွန် သုံးစွဲခွင့်ကို ခွင့်ပြုပေးခဲ့သောလုပ်ငန်းများ မရှိပါကြောင်းနှင့် ဌာနအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ပါက ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် စာရင်းစစ်ချုပ်အစီရင်ခံစာတင်ပြချက်အရ တစ်ချို့ဌာနလုပ်ငန်းများသည် ၅၀%နှင့်၉၀%သာပြီးဆုံးသည့်အတွက် စာရင်းစစ်ဆေး နိုင်ခြင်းမရှိခဲ့ကြောင်း၊ ဒါကြောင့်ဒီလိုကိစ္စရပ်မျိုးနောက်နောင်မဖြစ်ပေါ်အောင် သက်ဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်နိုင်ရန်မည်ကဲ့သို့ စီစဉ်ဆောင်ရွက် သွားမည်ကို သိလိုကြောင်းမေးမြန်းရာ ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ကာလကျော်လွန်လုပ်ခွင့်ပြုထားသည့်လုပ်ငန်းမရှိကြောင်း၊ သက်ဆိုင်ရာဌာနများကိုလည်း သတ်မှတ်ကာလကျော်လွန်လုပ်ဆောင်ခွင့်မတင်ရန် ညွှန်ကြားစာထုတ်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေနဲ့သက်ဆိုင်ရာဌာနများကို ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင်နှစ်စဉ်စီမံခန့်ခွဲ သွားမည်ဖြစ်သလို၊ ပြီးစီးခြင်းမရှိလျှင်လဲ သတ်မှတ်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားရန်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၂) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော ကတုံးပေါ်ကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာသို့ ရေရရှိရေးအတွက် မည်သည့်အချိန်ကာလတွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ကော့ပရံကျေးရွာတွင် စက်ရေတွင်းတူးဖော်၍ ကတုံးပေါ်-ဘလောက်ညောင်ဝိုင်းကျေးရွာ များသို့ ရေပေးဝေရေးအတွက် လုပ်ငန်းများအား တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ ကော့ပရံကျေးရွာတွင် စက်ရေတွင်းတူးဖော်ရန် လျာထားပေးထားသော မြေနေရာမှာ ရေချိုရရှိနိုင်သော သုံးသပ်ချက်အရ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း မူလတူးဖော်သည့်နေရာတွင် အနက်ပေ(၄၀၀)ကျော်သည်အထိ ရေမရရှိနိုင်သောကြောင့် နေရာပြောင်းရွှေ့ခဲ့ရပါသည်။ ယခုဆောင်ရွက်ထားသော နေရာမှာ (၃)ကြိမ်မြောက် ပြောင်းရွှေ့တူးဖော်ထားသော နေရာဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုချက်ရန်ပုံငွေဖြင့် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသော ပျဉ်းမကုန်းရေထွက်မှ ကမာအုပ်ကျေးရွာနှင့် ဝဲကလိကျေးရွာများသို့ ရေပေးဝေသည့်စနစ် ဆောင်ရွက်လျက်ရှိရာ ရေအရင်းအမြစ်လုံလောက်မှုရှိပါက ဝဲကလိကျေးရွာမှ (၂/ဝ)မိုင်ခန့် ကွာဝေးသော ဘလောက်-ညောင်ဝိုင်းကျေးရွာသို့ ရေပိုက်လိုင်းစနစ်ဖြင့် သွယ်တန်းနိုင်ရေးကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ထည့်သွင်းထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
(၃) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော မြေယာစီမံခန့်ခွဲမှုကြန့်ကြာနေ၍ ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ် ဆောင်ရွက်မှုအခြအနေကိုသိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေး နှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ဘီးလင်းမြို့ လိုအပ်ချက် ဖြစ်သောယာဉ်ရပ်နားစခန်းမြေနေရာသည် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၃၁၄-S)သောင်ကြီး ကျောက်ဆောင်တောင်ကွင်း၊ ဧရိယာ (၇၁.၂၆) ဧကရှိ ဘီးလင်းသကြားစက်ရုံ အသုံးပြုရန် သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေသိမ်းကော်လိပ်တော်အရာရှိ၏ (၂-၁၂-၁၉၉၃)မြေသိမ်းအမှုတွဲအမှတ်၊ ၄၅၆/၉၁-၉၂ဖြင့် အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ထားသော မြေဧရိယာအတွင်းလျာထား သတ်မှတ်ပါသည်။ ဘော်လုံးကွင်း မြေနေရာသည် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ အကွက်အမှတ်(၄-ခ)၊ မြေကွက်အမှတ်(၁၁၂)ကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဌာန၏ (၁၅-၇-၁၉၇၂)နေ့စွဲပါ ကြော်ငြာစာအမှတ် (၄၄၂)ဖြင့် ဘီးလင်းမြို့ မြို့မြေအဖြစ် သတ်မှတ်သော ဧရိယာ(၂၆.၄၅)ဧကရှိ မြေအတွင်းဖြစ်ပြီး ဘိုးလှကြီးရပ်ကွက်အတွင်းရှိ မြို့မြေအတွင်းလျာထားပါသည်။ စားကျက်မြေပယ်ဖျက်ပေးရန်တင်ပြထားသော (၃၈)ဧက မှာ စက်မှုကုန်ကြမ်းဌာနမှ နိုင်ငံတော်သို့ပြန်လည်အပ်နှံမည့် စားကျက်မြေ(၂၅၄.၉၂)ဧက အတွင်းပါဝင်ပြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈-၁၂-၂၀၁၈)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၈၂၃/၂၀၁၈)ဖြင့် နိုင်ငံတော်ပိုင်မြေ(State Land)အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်းနှင့် စားကျက်မြေပယ်ဖျက်ခွင့် အမှုတွဲတွင် လိုအပ်ချက် များအား ရယူဆောင်ရွက်လျက်ရှိပါသည်။ မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု ကြန့်ကြာခြင်းတို့ကို မြန်ဆန်ပြီးုပြတ်စေရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပြီး မြေယာ ကိစ္စရပ်များ စီမံခန့်ခွဲရာတွင် အဓိကကျသည့်မြေကြီးမြေပုံနှင့် မြေရာဇဝင်စိစစ်ခြင်းလုပ်ငန်း များ ဆောင်ရွက်မှုတွင်လည်း လျင်မြန်မှန်ကန်စွာ စိစစ်ဆောင်ရွက်တင်ပြနိုင်ရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆင်စပ်မေးခွန်းအနေဖြင့် ဘောလုံးကွင်းမြေနေရာ၊ ယာဉ်ရပ်နားစခန်းမြေနေရာ သတ်သတ်မှတ်မှတ်ဖြစ်ရန် မြို့မြေတိုင်းသည့်အခါ တစ်ခါတည်းထည့်ပြီး တိုင်းပေးရန်၊ စီစဉ်ဆောင်ရွက်ပေးဖို့ အတွက် နှင့် ဇုတ်သုတ်စားကျက်မြေထုတ်နုတ်သည့်အခါ သက်ဆိုင်ရာဌာနမှ ကွင်းဆင်းစစ်ဆေးနေသည့်အချက်သည် (၂)လကျော်ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ကို မြန်အောင်တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ပေးရန် မေးမြန်းရာ လက်ရှိဘီးလင်းမြို့ပေါ်ရပ်ကွက်များကို မြို့မြေငှားဂရန်ပေးအပ်ဖို့ ဆောင်ရွက်နေသည့် ကာလတွင် ဒီမြေများကို မြို့မြေအဖြစ်တစ်ခါတည်းသတ်မှတ်ပေးဖို့ လွှတ်တော် အစည်းအဝေးပြီးသည်နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့ခေါ်ပြီး ဆောင်ရွက် ပေးနိုင်ရန်အတွက် မြန်အောင်တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် (၃၈)ဧကသည် စားကျင်မြေအမျိုးအစားဖြစ်နေဆဲဖြစ်ကြောင်း၊ မြို့မြေအမျိုး အစားမဟုတ်ကြောင်း၊ နိုင်ငံတော်မှစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ တစ်ရပ်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ (၃၈)ဧကကို စားကျက်မြေထုတ်နုတ်ခွင့်ရရှိအောင် လိုအပ် အချက်အလက်ဖြင့် ပြည်ထောင်စုသို့ဆက်လက်တင်ပြရန်အတွက် လွှတ်တော်အစည်း အဝေးပြီးသည်နှင့် ခေါ်ယူပြီး အမြန်ဆုံးတွန်းတွန်းတိုက်တိုက် စီမံကြီးကြပ်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(၄) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော မွန်ပြည်နယ်ရှိရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများအား ဟိုတယ်/ခရီး မှစီမံပြီး အနီးကပ်လေ့လာခွင့်၊ မှတ်တမ်းတင်ခွင့် ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးရေး နှင့်ပတ်သက်သည့် မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က ကိုလိုနီခေတ် အဆောက်အဦများဖြစ်သော ပြည်နယ်အစိုးရအဖွဲ့ရုံးမှ နာရီစင်၊ သစ်တောရုံး၊ စတုတ္ထ သမီးတော်အိမ်၊ အစရှိသော အဆောက်အဦများအပါအဝင် အခြားသော ကိုလိုနီခေတ် အဆောက်အဦများကို ခရီးတိုတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားမှုညွှန်ကြားမှုဦးစီးဌာနအား အဆောက်အဦများနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ပြုစုစေပြီး ပြည်နယ်အစိုးရအဖွဲ့ထံသို့တင်ပြ၍ ခွင့်ပြုချက်ရ ယူပြီးမှသာ လည်ပတ်နိုင်သော ခရီးစဉ်ဒေသများအဖြစ် ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မွန်ပြည်နယ်ခရီးသွား လုပ်ငန်းတိုး တက်ချင်တယ်၊ ဝင်ငွေတိုးချင်တယ်ဆိုလျှင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ကြော်ငြာပေးဖို့၊ သိရှိအောင်ဆောင်ရွက်ပေးရန် ရှိ/မရှိ မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ နာရီစင်၊ သစ်တောရုံး၊ စတုတ္ထသမီးတော်အိမ်၊ အစရှိသော အဆောက်အဦများသည် ကန့်သတ်နယ်မြေဖြစ်သည့်အတွက် လည်ပတ်မည်ဆိုလျှင် ဌာနမှ အစိုးရအဖွဲ့သို့ ခွင့်ပြုချက်တင်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မွန်ပြည်နယ်ပြည်သူလူထုအတွက် နိုင်ငံခြားဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်းရစေချင် လျှင် ဒီနေရာကို Open ဖွင့်ပေးရန် ဒီနေရာကတောင်းဆိုပါကြောင်း၊ ဒီနေရာတွေကို ခရီးသွားလုပ်ငန်းမှ ခရီးသွားကုမ္ပဏီများ၊ ခရီးသွားဂိုက်များသိအောင်ကြော်ငြာပေးဖို့ လုပ်ပေးရန်အ စီအစဉ်ရှိ/မရှိမေးမြန်းရာ နာရီစင်၊ သစ်တောရုံး၊ စတုတ္ထ သမီးတော်အိမ်၊ အစရှိသော အဆောက်အဦများသည် ကန့်သတ်ထားသောနေရာများဖြစ်ကြောင်း၊ ကန့်သတ်နေရာများလည်ပတ်ချင်သည့်အတွက် ခွင့်ပြုချက်တောင်းခံရန်လိုအပ်ကြောင်း၊ မိမိတို့အစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။
(၅) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ မေးမြန်းသော ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်ချုပ်ရေးမှူး ကိစ္စနှင့်ပတ်သက်၍ သိရှိ လိုသောမေးခွန်း နှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ (၂-၈-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂၉/၂၀၁၈)၊ ဆုံးဖြတ်ချက်အပိုဒ် (၇၈)အရ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အတည်ပြုသဖြင့် သထုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၁၆-၈-၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၅၀၀/၁-၂၈/ဦး ၁(၃၆၉၁)ဖြင့် ဦးစိုးတင်အား မုတ္တမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုခန့်အပ်ရာ (၂၁-၈-၂၀၁၈)ရက်နေ့မှစ၍ မုတ္တမကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ တာဝန်များထမ်းဆောင်နေပြီ ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ကွင်းဆင်းစစ်ဆေးပေးရန်ရှိ/မရှိ မေးမြန်းရာ သက်သေနှင့်တစ်ကွ တင်ပြပါက ကွင်းဆင်းစစ်ဆေးပြီး အရေးယူဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အမှိုက်ကန် ကိစ္စများတွင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်း၊ လိမ်ညာပြောဆိုခြင်း အချက်အလက်မှတ်တမ်းများဖြင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပါက သက်ဆိုင်ရာ ဝန်ကြီးအနေနဲ့ ကွင်းဆင်းစစ်ဆေးပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းရာ သက်ဆိုင်ရာတစ်ဦး တစ်ယောက်ဖြစ်ဖြစ် အုပ်ချုပ်ရေးမှူးနှင့်ပတ်သက်ပြီး မသမာမှုပြုလုပ် ဆောင်ရွက်ထား သည်ဆိုလျှင် သက်သေအထောက်အထားဖြင့် တင်ပြပေးရန်ပြောထားပါ ကြောင်း၊ ကွင်းဆင်းစစ်ဆေးပြီးမှန်ကန်ပါက ဥပဒေကြောင်းအရပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်းဖြေကြားပါသည်။
(၆) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က အဆောက်အဦအရည်အသွေးအာမခံခြင်းနှင့်ပတ်သက်၍ အဆောက်အဦဆောက်လုပ်ပြီး (၂)နှစ်အတွင်း အဆောက်အဦပျက်စီးမှုများကို သက်ဆိုင်ရာကုမ္ပဏီမှ မိမိစရိတ်ဖြင့် ပြန်လည်ပြုပြင်ပေးပါမည်ဟူသော လုပ်ငန်းသဘောတူစာချုပ် သတ်မှတ်ချက်အရ (၂၄.၃.၂၀၁၉)ရက်နေ့အထိ အကြုံးဝင်နေသေးသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် Lucky New World ကုမ္ပဏီအား ပျက်စီးမှုများကို ပြန်လည်ပြုပြင်ပေးရန် သတိပေးအကြောင်းကြားစာပေးနိုင်သော အကြုံးဝင်ကာလအတွင်း ရှိနေသေးပါကြောင်း နှင့်မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှ Lucky New World ကုမ္ပဏီသို့ (၁၃.၂.၂၀၁၉) ရက်စွဲပါစာအမှတ်၊ ၀၄၃၀/ဆ-ဦ(အင်ယာ)/ မွန် – ကုသ/ ၂၀၁၉ဖြင့် ပျက်စီးမှုများကို လာရောက်ပြုပြင်ပေးပါရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ကုမ္ပဏီတာဝန်ရှိ (၂၂.၂.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ရုံးခန်းသို့ လာရောက်တွေ့ဆုံပြီး ပြုပြင်ရန်လိုအပ်ချက်များအားလုံးကို လာရောက်ပြုပြင်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၇) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ မေးမြန်းသော လူသွားစင်္ကြ ံပလက်ဖောင်းများအပေါ် ကျူးကျော် ရောင်းချနေသည့် ဈေးဆိုင်ခန်းများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က မော်လမြိုင်မြို့ပေါ်နှင့် မြို့နယ်အသီးသီးတွင် လမ်းနယ်နိမိတ်၊ လူသွားစင်္ကြ ံပလက်ဖောင်း များပေါ်တွင် ဈေးဆိုင်ခန်းအချို့မှ ကျူးကျော်ရောင်းချနေသည်များကို တွေ့ရှိရသည့် အခြေအနေများကို စည်ပင်သာယာရေးအဖွဲ့များမှ အောက်ပါအတိုင်း စီမံကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်းဖြေကြားပါသည်။ (က) ကျူးကျော်ဈေးဆိုင်ခန်းများ ရှင်းလင်းရေးကို မြို့နယ် အလိုက်စီမံချက်ချမှတ် ဆောင်ရွက်ခြင်း၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်း၍ ရှင်းလင်းခြင်း၊ (ခ) ကျူးကျော်ဈေးသည်များကို အသိပညာပေးရှင်းလင်းခြင်း၊ ကွင်းဆင်း စစ်ဆေးချက်အရ ဈေးသည်များကို သတ်မှတ်နယ်နိမိတ်အတွင်းသာ ရောင်းချစေရေး ကတိဝန်ခံလက်မှတ်ရေးထိုးစေခြင်း၊ လိုက်နာမှုမရှိပါက စီမံခန့်ခွဲဒဏ်ကြေးငွေများ တပ်ရိုက်၍ အရေးယူခြင်း၊ ဆက်လက်ဖောက်ဖျက်ကျူးလွန်ပါက မွန်ပြည်နယ်စည်ပင် သာယာရေးဥပဒေနှင့်အညီ တရားစွဲဆိုခြင်း၊ (ဂ) ယင်းလုပ်ငန်းစဉ်များ ရေရှည်အောင်မြင် စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ဖွဲ့စည်းပုံနှင့်အညီ စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းများ ထပ်မံတိုးချဲ့ခန့်ထားရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအားကောင်းစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ စဉ်ဆက်မပြက် စိစစ်ကြပ်မတ်ခြင်း၊ မြို့နယ်အလိုက်ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ယခုကျန်ရှိသည့်သက်တမ်း (၂)နှစ်အတွင်းမှာ ဖြစ်ပျက်နေသည့်ကိစ္စကို ဘယ်လောက်ထိ အောင်မြင်အောင် ဘယ်လောက်နှုန်းအောင်မြင်အောင်လုပ်ဆောင်သွားမည်ကို သိချင်ကြောင်းမေးမြန်းရာ ၆၀% ထိ ကြိုးစားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(ခ) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ၏ “မုဒုံမြို့နယ်၊ ကျောက်တစ်လုံး၊ မှန်ဂနိမ်း၊ နိုင်းပြိုင်ကျေးရွာ (၃)ရွာကြား၌ တည်ဆောက်ထားသော ပင်လယ်ပြာစွမ်းအား၊ ဝဥစက်ရုံအား မြေယာပိုင်ဆိုင်မှုအပ်အဝင် ခွင့်ပြုချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့်ဖော်ပြပါအတိုင်းမဆောင်နိုင်မီစပ်ကြား စက်ရုံအား ပိတ်သိမ်းထား ပေးရန်တိုက်တွန်းကြောင်း အဆို ” နှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ထောက်ခံဆွေးနွေးခြင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ အဆိုရှင် ဒေါ်မြသိင်္ဂီမော် ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
(ဂ) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ၏ “မုဒုံမြို့နယ်၊ ကျောက်တစ်လုံး၊ မှန်ဂနိမ်း၊ နိုင်းပြိုင်ကျေးရွာ (၃)ရွာကြား၌ တည်ဆောက်ထားသော ပင်လယ်ပြာစွမ်းအား၊ ဝဥစက်ရုံအား မြေယာပိုင်ဆိုင်မှုအပ်အဝင် ခွင့်ပြုချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့်ဖော်ပြပါအတိုင်းမဆောင်နိုင်မီစပ်ကြား စက်ရုံအား ပိတ်သိမ်းထား ပေးရန်တိုက်တွန်းကြောင်းအဆို ” နှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုနှင့်အတူ ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း။
(ဃ) မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းစစ်ဆေးတွေ့ရှိချက်၊ ဝန်ကြီးဌာနများ၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာနှင့်ပတ်သက်၍ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ဆွေးနွေးခြင်းနှင့် ပြည်နယ်စာရင်း စစ်ချုပ် ဒေါ်သိန်းသိန်းဦးမှ ပြန်လည်ဆွေးနွေးခြင်း။
(င) မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းစစ်ဆေးတွေ့ရှိချက်၊ ဝန်ကြီးဌာနများ၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ်များ ဆွေးနွေးချက်နှင့်အတူ မှတ်တမ်းတင်ခြင်း။
(စ) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစာရင်းပြုလုပ်ပေးမှုအခြေအနေကို သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ အစည်းအဝေး(ဆဋ္ဌမနေ့)မေးခွန်း၏ ဖြေကြားမှုအပေါ် မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၅အရ လျှောက်ထားလာခြင်းကိစ္စတင်ပြခြင်း။
၃။ အစည်းအဝေးကို နေ့လည် ( ၁၂ )နာရီ( ၃၀ ) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကျင်းပမည့်ရက်ကို (၁-၃-၂၀၁၉)ရက် (သောကြာနေ့) နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။





