ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး ( ဆဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၈ )ဦး တက် ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် ဝဲကလိ-ကမာအုပ်ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ် လမ်းခင်းပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မုဒုံမြို့နယ်၊ ဝဲကလိ-ကမာအုပ်လမ်းသည် လက်ရှိတွင် (၁/၄)မိုင်အရှည်ရှိသော ဂဝံမြေသားလမ်းဖြစ်ပါသည်။ အဆိုပါလမ်းအား (၁/၄)မိုင်အရှည်ရှိ ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ခုနှစ် ပြည်နယ်ဘတ်ဂျက်တွင် ဘဏ္ဍာငွေတောင်းခံပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ မုဒုံမြို့အတွင်းရှိ ရွာတွင်းလမ်းများ၊ ရွာချင်းဆက်လမ်း များသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနစသည်ဖြင့် ဌာနအသီးသီးနှင့်ကျေးရွာများမှ ကိုယ်ထူကိုယ်ထ ခင်းထားသော လမ်းများဖြစ်ပြီး လမ်းလွှာဒီဇိုင်းမျိုးစုံဖြစ်သည့်အတွက် ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာဌာနအလိုက်သာ မိမိဆောင်ရွက်ခဲ့သည့် လမ်းခံနိုင်ဝန်အား ဆိုင်းဘုတ်များ စိုက်ထူထားနိုင်မည် ဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် စည်ပင်သာ ယာရေးနယ်မြေမဟုတ်တဲ့လမ်းမြေ ၊ ကိုယ်ထူကိုယ်ထခင်းထားတဲ့လမ်းမြေ များကို လည်း စနစ်တကျဆိုင်းဘုတ်ပြုလုပ်ပေးနိုင်မလား မေးမြန်းရာ ကျေးရွာအုပ်ချုပ်ရေးပေါ်တွင် မူတည်ကြောင်း၊ တားသည့်မောင်းတံဖြစ်ဖြစ်လုပ်ပါက အဆင်ပြေကြောင်း၊ အနည်းဆုံး (၁၃)တန်ကားများကိုသာ ဖြတ်ခွင့်ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ် ရေးမှူးဆုံးဖြတ်ချက်နှင့် စည်းလုံးညီညွတ်မှုဖြစ် ဆောင်ရွက်ပါကအဆင်ပြေသွားမည်
ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(၂) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော ZCD Engineering & Services Co.,Ltd တို့ နှစ်ဦးသဘောတူ လုပ်ငန်းအပ်နှံခြင်းစာချုပ်နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး (ပူးတွဲတာဝန်) ဦးဝဏ္ဏကျော် က ZCD Engineering & Services Co.,Ltd မှ ကွန်ကရစ်ဖျော်စက်အသုံးပြု၍ ကွန်ကရစ်ဖျော်စပ်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပါရန် (၁-၆-၂၀၁၇)ရက်စွဲပါစာဖြင့် တင်ပြလာမှုအပေါ် (၇.၆.၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၇)ဆုံးဖြတ်ချက်အပိုဒ်(၇၀)အရ သဘောတူခဲ့ပြီး ZCD Engineering & Services Co.,Ltd နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ (၂၅-၇-၂၀၁၇)ရက်နေ့တွင် နှစ်ဦးးသဘောတူလုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုခဲ့ရာတွင် စာချုပ်စည်း ကမ်းချက်အရ လုပ်ငန်းကာလမှာ စာချုပ်ချုပ်ဆိုပြီး စတင်လက်မှတ်ထိုးသည့်နေ့မှ တစ်နှစ်တိတိဖြစ်ပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ရန်အတွက် နှစ်စဉ်ထပ်မံချုပ်ဆိုမည် ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ ZCD Engineering & Services Co.,Ltd အနေဖြင့် ယနေ့အချိန်ထိ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မြေအသုံးချမှု အကျိုးအမြတ်ခွဲဝေမှုများကို လာရောက်ပေးသွင်းခြင်း၊ လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အစီအမံများ တင်ပြဆောင်ရွက်ခြင်းမရှိပါကြောင်း ဖြေကြားခဲ့ပြီး စာချုပ်ပါစည်းကမ်း ချက်မလိုက်နာခြင်း၊ မြေအသုံးချမှု၊ အကျိုးအမြတ်ခွဲဝေမှုမရှိသည့်အတွက် စာချုပ်ဖျက်သိမ်း ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့ဆုံးဖြတ်ချက်နှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆက်လက်မလုပ်ဆောင်ခဲ့လျှင်စာချုပ်သည် အလိုအလျောက်ဖျက်သိမ်းသွားမည့်အနေအထားရှိကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစာရင်းပြုလုပ်ပေးမှု အခြေအနေကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ကလေးမွေးစာရင်းပြုလုပ်ပေးရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့မှ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ထားသော မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းလမ်းညွှန်ပါ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။ မွေးစာရင်းပြုလုပ်ရာတွင် ကလေးအသက်(၁၀)နှစ်ထိ လိုအပ်သောအထောက်အထား တင်ပြနိုင်မှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။ မွေးစာရင်းပြုလုပ်ရာတွင် မွေးစာရင်းပုံစံ(၁၀၁)အပြင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ မွေးဖွားကြောင်း အထောက်အထားလက်မှတ်၊ ကလေးမိဘများ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ အရှင်မွေးလက်မှတ်ကို ထုတ်ယူခဲ့ခြင်းမရှိသည်မှာ မှန်ကန်ကြောင်း ဝန်ခံကတိ၊ နယ်မြေသားဖွားဆရာမ၏ ထောက်ခံချက်စာရွက်စာတမ်းများအား စိစစ်၍ မြို့နယ်ဖွား/သေ တာဝန်ခံအရာရှိ (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန) မှ စိစစ်ထုန်ပေးလျက်ရှိကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ပုဂ္ဂလိကဆေးရုံးနှင့်အခြားမြို့နယ်တွင် သွားရောက်မွေးဖွားသောကလေးများ မွေးစာရင်းလုပ်ပေးရန် ဘယ်လိုဆောင်ရွက် ပေးမည်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရခဲ့သည့်မိခင်များသည် ဖခင်နာမည် ပြောနိုင်ပေမဲ့ မှတ်ပုံတင်မိတ္တူမရပါက မွေးစာရင်းမရရှိကြောင်း၊ အဲဒီအတွက် ဘယ်လို ဆောင်ရွက်ပေးမလဲ၊ ဖြေလျော့နိုင်မည့်နည်းလမ်းများရှိပါက ဖြေလျော့ပေးရန် တောင်းဆို မေးမြန်းရာ မွေးဖွားမိဘများသည် ရပ်ကွက်နေထိုင်ကြောင်း၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက် မွေးစာရင်းလုပ်ပေးရမည်ဖြစ်ကြောင်း၊ ပတ်သက် သည့် အကြောင်းအရာမှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်အရာရှိထံမိခင် (သို့) ဖခင်(သို့) မွေးဖွားမှုဖြစ်ပေါ်ရာအိမ်(သို့)အဆောက်အဦတစ်ခုတွင် နေထိုင်သူ(သို့) မွေးရာတွင်ရှိသော သူ(သို့) ကလေးကို တာဝန်ယူစောင့်ရှောက်သူမှလည်း တိုင်ကြားနိုင်ကြောင်း၊ လုပ်ထုံးလုပ်နည်းတွင်မပါသည့်အတွက်ကြောင့် သက်ဆိုင်ရာဝန်ကြီးသို့ပြန်လည်တင်ပြပြီး ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၄) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော ဘီးလင်းမြို့နယ်၊ မြို့မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေကို သိရှလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မြို့မြေတိုင်းတာခြင်းလုပ်ငန်းမပြီးသေးသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် မြို့မြေသတ်မှတ်ပြီးသော မြေကွက်များအားမြေငှားဂရန်ထုတ်ပေးရန် လျှောက်ထားသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်ရပ်ကွက်ဂရန်ထုတ်ပေးမှု (၇)ခု၊ ကျေးလက်ဂရန် ထုတ်ပေးမှု(၁၂၆)ခု၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်ရပ်ကွက်ဂရန်ထုတ်ပေးမှု (၄)ခု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်ရပ်ကွက်ဂရန်ထုတ်ပေးရန်(၆)မှုမှာ စိစစ်ဆဲဖြစ်ပါသည်။ မြေတိုင်းတာခြင်းလုပ်ငန်းပြီးစီးရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ကြီးကြပ်ခြင်း၊ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်နေသည့်မြို့မြေတိုင်းတာခြင်း လုပ်ငန်း(၂၀%)ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်တွင် မြေပုံအချောထုတ်ပြီးသည် အထိ အပြီးသတ်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းတာပြီးသော မြေကွက်များအား မြေငှားဂရန်ထုတ်ပေးရန်အတွက် စီမံချက်ဖြင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီးဆက်စပ်မေးခွန်းအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်တွင် မြေပုံအချောထုတ်ပြီးသည် အထိ အပြီးသတ်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည့်အတွက် အမှန်တကယ်ပြီးပြတ်အောင် လုပ်ပေးရန်လိုပြီး ဂရန်ထုတ်ပေး နိုင်ရေး အတွက် ဂရန်ထုတ်ပေးမည့်အချိန်၊ ဘယ်ရပ်ကွက်ကိုဦးစာပေး ဆောင်ရွက်မည် ဆိုသည့်ပါတဲ့ စီမံချက်အမြန်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် ညွှန်ကြားပေးဖို့မေးမြန်းရာ အသေးစိတ်စီမံချက်သည် ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားတစ်ခုကိုလည်း သက်ဆိုင်ရာကိုယ်စားလှယ်နှင့်ပူးပေါင်းညှိနှိုင်းပြီး စီမံချက်ရေးဆွဲပြီးဆက်လက် အကောင်အထည်ဖော်သွားပေးမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။
(၅) ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်/ကျေး စာရေးဝန်ထမ်းများ ဖြည့်စွက်ခန့်ထားရန် အစီအစဉ် ရှိ၊ မရှိ သိရှိ လိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး(ရပ်/ကျေး)(၃)ဦးအား ဖြည့်စွက်ခန့်ထား နိုင်ရေးနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၈-၁၂-၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၁/၁-၃(၂၃၁၇)/ ရေး ၁(အထဥ)ဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းအသစ်ထပ်မံခန့်ထား နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုနိုင်ရေးအတွက် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ပေးပို့တင်ပြထားဆဲ ဖြစ်ပါကြောင်း ခန့်ထားခြင်းမပြုမီ ကာလအတွင်းသက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ လုပ်ငန်းအဆင်ပြေစေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပေါ်ရှိ စာရေးဝန်ထမ်းအား တာဝန်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
(၆) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာရှိ ပဒုမ္မာဆပ်ပြာစက်ရုံနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မွန်ပြည်နယ်အစိုးရ အဖွဲ့မှ (၄-၂-၂၀၁၉)ရက်စွဲပါစာအမှတ်၊ ၃၀၀/၂-၁/အဖရ(မွန်)(၀၀၃၆)ဖြင့် စက်ရုံမှူး၊ ပဒုမ္မာစက်ရုံသို့ မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အကြံပြုချက်များ အား သိရှိလိုက်နာဆောင်ရွက်သွားရန် အကြောင်းကြားထားပြီဖြစ်ပါသည်။ စက်ရုံအနေဖြင့် လိုက်နာဆောင်ရွက်မှုရှိ၊ မရှိကို စီမံကိန်းလုပ်ငန်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် ဖွဲ့စည်းထားသည့် စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးအဖွဲ့ြုဖင့် ဆက်လက်စစ်ဆေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
(၇) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော မော်လမြိုင်တက္ကသိုလ် သတ်မှတ်နယ်မြေအတွင်း တားမြစ်ချက်များနှင့် ဆန့်ကျင်သည့်လုပ်ငန်းများ ဆောင်ရွက်နေသူများအား မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က မော်လမြိုင်တက္က သိုလ်နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီးနယ်မြေအတွင်း လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ (ဒေသန္တရအမိန့်)ထုတ်ပြန်နိုင်ရန်အတွက် ဒေသန္တရအမိန့် မူကြမ်းအား လိုအပ်သည် များပြင်ဆင်ဖြည့်စွက်ညွှန်ကြားပေးနိုင်ပါရန် မော်လမြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ (၂၀-၉-၂၀၁၈)ရက်စွဲပါစာအမှတ် ၊ ၂/၃-၅/ဦး ၁(၄၂၈၄)ဖြင့် မွန်ပြည်နယ် ဥပဒေချုပ်ရုံးသို့ တင်ပြခဲ့ခြင်းအပေါ် မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြင်ဆင်ဖြည့်စွက် ထုတ်ပြန်ရမည့် ဒေသန္တရအမိန့် မူကြမ်းအား ပြုစုရေးသားလျက် မွန်ပြည်နယ်ဥပဒေချုပ်ရုံး၏ (၂၁-၉-၂၀၁၈)ရက်စွဲပါစာအမှတ် ၊ ၁၀(၄)/၆/၂(၁၄၀၆)ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းအပေါ် ဒေသန္တရအမိန့်အား အတည်ပြုပေးနိုင်ပါရန် ဤရုံး၏(၂၇-၉-၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၂/၅-၁၈၀(၁)/အထဥ (၇၆၅၇)ဖြင့် လိုအပ်သလို လမ်းညွှန်မှု ပြုနိုင်ပါရန် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ (၁၀-၁၀-၂၀၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်သော မွန်ပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ်(၄၀/၂၀၁၈)၊ ဆုံးဖြတ်ချက် အပိုဒ်(၂၈) အရ ဒေသန္တရအမိန့်(မူကြမ်း)အား ပြန်လည်စိစစ်ပေးရန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ (၁၇-၁၀-၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၄၀၀/၁-၂၆/အဖရ (မွန်)(၂၀၅၀)ဖြင့် မွန်ပြည်နယ် ဥပဒေချုပ်ရုံးသို့ ညှိနှိုင်းခဲ့ရာ အဆိုပါရုံးမှ (၂၂-၁၀-၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၁၀(၁)/ ၁/၂(၁၆၃၅)ဖြင့် ပြန်ကြားလာခဲ့ပါသည်။ အဆိုပါ အကြံပြုချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ညှိနှိုင်းချက်အရ ရာဇသတ်ကြီးဥပဒေ၊ အထူးဥပဒေ၊ တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်သည့် ကိစ္စများအများဆုံးပါဝင်နေသဖြင့် မလိုလား အပ်သော ဆိုးကျိုးများ တန်ပြန်ရရှိနိုင် သောကြောင့် ဒေသန္တရအမိန့်ထုတ်ပြန်ရန်အတွက် ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ မော်လမြိုင်တက္ကသိုလ် အနီးတစ်ဝိုက် ဆက်စပ်နယ်မြေများရှိ စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်(KTV) များအား သတ်မှတ်လုပ်ငန်းလိုင်စင် စည်းကမ်းချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပါက ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည့်တန်ဆာ မှုမျာ၊ မူးယစ်ဆေးဝါး များအားလည်း အရှိန်အဟန်မြှင့် တိုးမြှင့်ဖမ်းဆီးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။
(ခ) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တင်သွင်းသော “တရုတ်ချေးငွေ (ခေါ်) China Exim Bank ချေးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ပြည်သူများထိခိုက်နစ်နာမှုရှိလာခြင်းကြောင့် အကောင်အထည်ဖော်သည့်နည်းလမ်းများကို ပြန်လည်ပြုပြင်တည့်မတ်ပေးရန် မွန်ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆို “ ကို အမည်စာရင်းတင်သွင်းထားသော ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်ခင်မျိုးမြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တို့မှ ထောက်ခံဆွေးနွေးပြီး စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်မှ ချေးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ပြည်နာ်လွှတ်တော်ကိုယ်စားလှယ်ပါဝင်သော ပြည်နယ်အထူး စုံစမ်းလေ့လာသုံးသပ်ရေးအဖွဲ့ဖွဲ့စည်း ဆောင်ရွက်ပေးပါက အဆိုအား မှတ်တမ်းတင်ခြင်းကို လက်ခံကြောင်းထပ်မံဆွေးနွေးရာဝန်ကြီးမှ အမြန်ဆုံး(၁)လ အတွင်းဖွဲ့စည်းပေးရေး ပြည်နယ် အစိုးရအဖွဲ့သို့တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခြင်း၊
(ဂ) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တင်သွင်းသော “တရုတ်ချေးငွေ (ခေါ်) China Exim Bank ချေးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ပြည်သူများထိခိုက်နစ်နာမှုရှိလာခြင်းကြောင့် အကောင်အထည်ဖော်သည့်နည်းလမ်းများကို ပြန်လည်ပြုပြင်တည့်မတ်ပေးရန် မွန်ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆို “ နှင့်စပ်လျဉ်း၍ ဝန်ကြီးမှကတိပေးသောအချက်အလက်များနှင့်အတူ လွှတ်တာ်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊
၃။ အစည်းအဝေးကို နေ့လည် ( )နာရီတွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကျင်းပမည့်ရက်ကို (၂၈.၂.၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။





