4065

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)

၁။       ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက်    ( ၂၇ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် မီးဘေးအန္တရာယ်နှင့်သက်ဆိုင်သည့်မေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးနေထွဋ်ဦး က  မွန်ပြည်နယ်မီးသတ် ဦးစီးဌာနအနေဖြင့် မြို့နယ်အဆင့်များကို အခြေခံ၍ မီးဘေးလုံခြုံရေးစီမံချက်ပါအဆင့် များကို အဆင့်သုံးဆင့်ခွဲခြားဆောင်ရွက်လျက်ရှိပါသည်။ မီးသတိမူရေးလုပ်ငန်းအဆင့်၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းအဆင့်နှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းအဆင့်များကို လုပ်ငန်းအစီအမံအတိုင်း အသေးစိတ် အကောင်အထည်ဖော်လျက်ရှိပါသည်။ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုအများဆုံး  ဖြစ်ပွားခဲ့သည့်အကြောင်းအရာ များကို မျက်ခြေ မပြတ်ဆန်းစစ်၍ ပြည်သူလူထုအသိပညာပေး ( Public Awareness) လုပ်ငန်း များအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ မြို့ပြ/ကျေးလက်ဒေသ မီးဘေးလုံခြုံရေးနှင့် လူနေ ထူထပ်သော နေရာများ၊ ဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၂)    ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော လောင်းကစားများ၊ တရားမဝင်ရောင်းချနေသော အရက်၊ ဘီယာဆိုင်များ နှင့်တကွ မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိစ္စများအား စီမံချက်ချ၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော  မေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးနေထွဋ်ဦး က တရားမဝင်ရောင်းချနေသော အရက်/ ဘီယာများကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတို့ ပါဝင်သော တရားမဝင်ယစ်မျိုးဖမ်းဆီးအရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Task Force) ဖြင့် ခွင့်ပြုချက်လိုင်စင်မရှိဘဲ ယစ်မျိုးပစ္စည်း များရောင်းချခြင်း၊ လိုင်စင်စည်းကမ်းနှင့် ညီညွတ်မှု မရှိသော ယစ်မျိုးသက်ဝင်ပစ္စည်းများ၊ ရောင်းချနေခြင်းတို့ကို လစဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ တွေ့ရှိပါက ယစ်မျိုးဥပဒေ ပုဒ်မ -၃၀(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။  မွန်ပြည်နယ် ရဲတပ်ဖွဲ့ နယ်မြေအတွင်းရှိ လောင်းကစား၊ မူးယစ်ဆေးဝါး တားဆီးရေးနှိမ်နင်းရေးလုပ်ငန်းများနှင့် တရားမဝင်ရောင်းချနေသော အရက်/ဘီယာ ဆိုင်များအား ဖမ်းဆီးရမိရေးအတွက် အထက်ဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ  ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် လက်အောက် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များအား အနီးကပ်ကြပ်မတ် တွန်းအားပေးတိုးမြှင့်ဖမ်းဆီး ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် လောင်းကစား၊ မူးယစ်ဆေးဝါး တားဆီးရေးနှိမ်နင်းရေးလုပ်ငန်းများနှင့် တရားမဝင် ရောင်းချနေသော အရက်/ဘီယာ ဆိုင်များကို လင်းယုန်စီမံချက်ကဲ့သို့ စီမံချက်ချပြီး အမြန်ဆုံးဆောင်ရွက်ပေးရန်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် စတင်အကောင်အထည်ဖော်မည်ကို သိရှိလိုကြောင်းမေးမြန်းရာ မူးယစ်ဆေးဝါးနှင့်ပတ် သက်သည့်စီမံချက်ရေးဆွဲစီမံချက်ကို ထားတာရှိပါကြောင်း၊ လင်းယုန်စီမံချက်ကဲ့သို့ ချပြမည်ဆိုလျှင် လုံခြုံရေးအရသော်လည်းကောင်း၊ ဖမ်းဆီးရာတွင်တိကျစွာမိရန်အတွက် ပေါက်ကြားမှုအရလည်းကောင်း၊ သတင်းတင်လိုက်သည့်အခါတကယ်ရောင်းသည့် အဓိက နေရာကို ရရှိရေးအတွက်အခက်အခဲများစွာလက်ရှိတွင် ဖြစ်ပေါ်နေတာရှိပါကြောင်း၊ လက်ရှိအနေအထားထက်ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည့်အနေ အထားတစ်ရပ်နဲ့ ဆောင်ရွက်လို့ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော မွန်ုပြည်နယ်ရှိ အပန်းဖြေစခန်းများ၊ သဘာဝရေပူစမ်းစခန်းများ၊  ရေတံခွန်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ဖွင့်လှစ်ထားသည့်စာရင်းနှင့် တည်ဆဲ ဥပဒေအတိုင်း မှတ်ပုံတင်ဖြင့်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က သစ်တောဦးစီးဌာန၊ မွန်ပြည်နယ်တွင် မှတ်ပုံတင်၍ ဆောင်ရွက်ရန် အတွက် လျှောက်ထားသည့် အပန်းဖြေစခန်း(၄)ခုစာရင်းအား အောက်ပါ အတိုင်းဖော်ပြ အပ်ပါသည်။(၁)မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် Neo-More Myanmar Co; Ltd အပန်းဖြေ စခန်းနှင့်ကလေးကစားကွင်း၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် Water World Mawlamyine အပန်းဖြေစခန်း၊  မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် အပန်းဖြေစခန်းနှင့် မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် 21  Paradise သဘာဝရေပူစခန်း ဖြစ်ပါကြောင်း၊ အပန်းဖြေစခန်းတည်ထောင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားသော အပန်းဖြေစခန်း များအား သက်ဆိုင်ရာမြို့နယ်ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးစေပြီး ကော်မတီမှ တဆင့်  ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် တည်ထောင်ခွင့် လုပ်ငန်း လိုင်စင်များ ထုတ်ပေးသွားပါမည်။ ဖွင့်လှစ်မည့် (သို့မဟုတ်) ဖွင့်လှစ်ထားသည့် အပန်းဖြေ စခန်းများအားလုံး လုပ်ငန်းလိုင်စင်လျှောက်ထားစေရေးအတွက် မြို့နယ်ကြီး ကြပ်ရေး အဖွဲ့များသို့ ဆက်လက်ညွှန်ကြားသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီးဆက်စပ်မေးခွန်း အနေဖြင့် သစ်တောဦးစီးဌာန၊ မွန်ပြည်နယ်တွင် မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် လျှောက်ထားသည့် အပန်းဖြေစခန်း(၄)ခုစာရင်းတွင်ရှိသည့်၂၊ ၃၊ ၄တို့ကို မြို့နယ်ကြီးကြပ် ရေးကော်မတီအဖွဲ့က ဘယ်နေ့ကကွင်းဆင်းဆောင်ရွက်ခဲ့ပါသလဲ၊ ဥပဒေနှင့်အညီ ဖွင့်လှစ် ထားခြင်းမရှိသည့်အတွက်ကြောင့် ပြဋ္ဌာန်းဥပဒေနှင့်အညီမည်သို့မည်ပုံအရေးယူ ဆောင် ရွက်မလဲသိရှိလိုကြောင်း မေးမြန်းရာ Water Worldက ၁၀-၁၂-၂၀၁၈နေ့စွဲဖြင့် သစ်တောဦးစီးဌာန မွန်ပြည်နယ်သို့လျှောက်ထားခဲ့ကြောင်း၊ လျှောက်ထားချက်ကို ၁၁-၁၂-၂၀၁၈ ရက်စွဲဖြင့်သက်ဆိုင်ရာမြို့နယ်ကြီးကြပ်ရေးသို့ ကွင်းဆင်းစစ်ဆေးဖို့ ညွှန်ကြား ခဲ့ပါကြောင်း၊ သီရိမြိုင်ရပ်ကွက်၊ သရက်ကုန်းရပ်၊ ဥယျာဉ်ခြံတွင်ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်းနှင့်ပတ်သက်ပြီး ၂၀၁၈-၁၁-၃ရက်နေ့တွင် ဒေါ်နန်းရိုစလင်း လျှောက်ထား ခဲ့ကြောင်း၊ လျှောက်ထားချက်ကို အချက်အလက်ပြည့်စုံအောင် တင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာကြီးကြပ်မှုအဖွဲ့ကို ၆-၁၁-၂၀၁၈ ရက်နေ့တွင် ညွှန်ကြားခဲ့ပါကြောင်း၊ 21  Paradise သဘာဝရေပူစခန်းကပြီးခဲ့တဲ့ ၁၃-၂-၂၀၁၉မှ လျှောက်ထားလာပါကြောင်း၊ ၁၅-၂-၂၀၁၉ တွင် သက်ဆိုင်ရာမြို့နယ်ကြီးကြပ်ရေးအဖွဲ့ကို ကွင်းဆင်းစစ်ဆေးဖို့ညွှန်ကြား ထားပါကြောင်း၊ ဖွင့်လှစ်ပြီးသာအပန်းဖြေစခန်းများဥပဒေနှင့်အညီ လိုက်နာဆောင်ရွက် စေရေးအတွက် မွန်ပြည်နယ်ဦးစီးဌာနမှ ၁၃-၃-၂၀၁၈ရက်နေ့တွင် ၂၀-၈-၂၀၁၈ရက်နေ့တွင် အပန်းဖြေစခန်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်ကြီးကြပ်မှုများကို စိစစ်ပြီးလိုင်စင်ရယူ ရေးအတွက် ဆောင်ရွက်ထားပါကြောင်း၊ လုပ်ငန်းရှင်အနေနဲ့ပြဋ္ဌာန်းပြီးသာဥပဒေ(၃၅)အရ ဖွင့်လှစ်ထားမှုကို ပြစ်ဒဏ်အနေနဲ့ပုဒ်မ(၃၈)အရ ထောင်ဒဏ်(၆)လနှင့်ငွေဒဏ်(၅)သိန်း ရှိကြောင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်များကို ရှင်းလင်းထားပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

(၄)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော မုဒုံမြို့နယ်အတွင်း ကျေးရွာပိုင်မြေများ၌ စိုက်ထူထားသော MPT ကုမ္ပဏီတာဝါတိုင်များနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က နိုင်ငံပိုင်အစိုးရမြေများမှအပ ပိုင်ဆိုင်မှုအထောက်အထားပြည့်စုံစွာ တင်ပြနိုင်သည့် မြေများအားလုံး ငှားရမ်းခတောင်းခံ လာပါက ပေးချေလျက်ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းစီမံကိန်း စတင်သည့်ကာလ၌ နိုင်ငံတော်စီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာန အချင်းချင်းညှိနှိုင်း၍လည်းကောင်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စီမံကိန်းလုပ်ငန်းများတင်ပြ၍ လည်းကောင်း ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာမြို့နယ်အလိုက် ဌာနဆိုင်ရာများပါဝင်သော  GSM Mobile တိုးချဲ့တပ်ဆင်ရေး မြေနေရာကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ သင့်လျော်သည့်မြေနေရာများရှာဖွေ၍ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရရှိပြီးမှသာ စတင် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ပုဂ္ဂလိကမြေပိုင်ဆိုင်သူများနှင့် စာချုပ်ချုပ်ဆိုငှားရမ်းမှု စတင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုဥပဒေချုပ်ရုံးတို့မှ လမ်းညွှန်သည့် ဥပဒေနှင့်အညီ ချုပ်ဆိုငှားရမ်းခဲ့ခြင်းဖြစ်ပြီး ဌာနအနေဖြင့် ကျေးရွာဒေသ ဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်ခဲ့ပါကြောင်း ဖြေကြားခဲ့ပြီး ကျေးရွာဒေသ ဖွံ့ဖြိုးရေးဆိုတာ ဘယ်ရွာတွေကို ဘယ်လိုပုံစံနဲ့ဘာတွေကို ဖွံ့ဖြိုးရေးလုပ်ပေးခဲ့သလဲ ဆိုတာကို သိရှိလိုကြောင်း၊ မြေပိုင်ဆိုင်သူများစာချုပ်ချုပ်ဆို ငှားရမ်းမှုစတင်ဆောင်ရွက်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုဥပဒေချုပ်ရုံးတို့မှ လမ်းညွှန်သည့် ဥပဒေနှင့် အညီ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ပြောထားပါကြောင်း၊ မေးခွန်းနံပါတ်(၂)ဖြေကြား ထားခြင်း မရှိသေးပါကြောင်း၊ ဒါကြောင့် စာချုပ်နှင့်တကွစာချုပ်ပါအချက်အလက်များကို အသေးစိတ် သိရှိလိုသည့်အတွက် ပေးနိုင်ခြင်းရှိ/မရှိမေးမြန်းရာ အသေးစိတ်အချက်အလက်များကို ပေးလို့ရ/မရ ဖြစ်သင့်တာကတော့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာ၊ နေပြည်တော်ကို တင်ပြပြီး ဥပဒေနှင့်ညီ/မညီ၊ လုပ်ထုံးလုပ်နည်းပြန်ကြည့်ပြီး ပေးသင့်တယ်ဆိုရင် ပေးလို့ရမည်ဖြစ်ကြောင်း၊ ဒေသကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဆက်သွယ်ရေးလုပ်ငန်း MPT အနေနဲ့ လုပ်ငန်းဆောင်ရွက်သည့်နေရာမှာ စာရင်းအတိအကျပါမလာကြောင်း၊ စာရင်းအတိအကျပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။

(၅)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော မြစ်ရေကြီးခြင်းကြောင့် ပျက်စီးသွားသော တံတား(၃)စင်းအား အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က  ချောင်းတောင် ကျေးရွာတောင်ဘက်ကမ်း ချောင်းတံတားအား ဘေလီတံတားထိုးပေးရန် ရုံးချုပ်သို့ သဘာဝဘေးအန္တရာယ် ရန်ပုံငွေတင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ အစင်စံပြကျေးရွာမှ ဆိပ်ကလေးရွာ ပင်လယ်ဝသို့သွားသော လမ်းပေါ်ရှိ သစ်သားတံတားအား (၃၀)ပေအရှည်ရှိ သံကူကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးမည်ဆိုပါက ကျပ်သန်း(၆၀)ခန့်ကုန်ကျ မည်ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ပြည်နယ်ရန်ပုံငွေတွင်  တင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ဟံဂံကျေးရွာအထက်တန်းကျောင်းသို့ သွားသော လမ်းပေါ်ရှိတံတားအား (၃၀)ပေ အရှည်ရှိ သံကူကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးမည်ဆိုပါက ကျပ်သန်း(၆၀)ခန့် ကုန်ကျမည်ဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် ဘဏ္ဍာငွေတင်ပြတောင်းခံပေးသွားမည် ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ် မေးခွန်းအနေဖြင့် ချောင်းတောင်တံတားသည် ၂၀၁၈၊ ဇူလိုင်လကတည်းက ပျက်စီး နေတာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ရန်ပုံငွေအမြန်ဆုံးတောင်းခံပေးရန်ရှိ/မရှိ၊ အစင်စံပြကျေးရွာမှ သစ်သားတံတားကို သဘာဝဘေးအန္တရာယ်ရန်ပုံငွေအမြန်ဆုံး တောင်းခံပေးရန်ရှိ/မရှိနှင့်ဟံဂံကျေးရွာရှိသစ်သားတံတားကို အမြန်ဆုံးပြန်လည်ပြုပြင် ပေးရန် ရှိ/မရှိ မေးမြန်းရာ သဘာဝဘေးဒဏ်ကိုလည်းတောင်းထားပါကြောင်း၊ ပြည်ထောင်စုနှင့်ပြည်နယ်ကိုလည်း တင်းပြတောင်းခံထားပါကြောင်း၊ ရရှိပါကအမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၆)    ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ မေးမြန်းသော ကျိုက်မရောမြို့နယ် ပင်မကျေးရွာအုပ်စုတွင် ရွာခွဲများပါဝင် နေခြင်း အား ကျေးရွာအုပ်စုခွဲထွက်ရန်  အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးနေထွဋ်ဦး ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာအုပ်စုအတွင်းရှိ ရွာ(၁၁)ရွာအနက် ကြံတောကျေးရွာနှင့် ရဲမွန်ကျေးရွာကို ကဒါကျေးရွာအုပ်စုမှ ခွဲထွက်၍ ကြံတောကျေးရွာအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဆိုပါက မြေပြင် အနေအထားအရ ကြံတောကျေးရွာနှင့်ရဲမွန်ကျေးရွာတို့ကို ထည့်သွင်းပြင်ဆင် ဖွဲ့စည်းရ မည်ဖြစ်သဖြင့် ဒေသခံပြည်သူများ၏ သဘောတူညီချက်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံချက်တို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လတ်တလောအခြေအနေတွင် ရဲမွန် ကျေးရွာနေ ဒေသခံပြည်သူအချို့မှ ခွဲထွက်ရန်ဆန္ဒမရှိဘဲ သဘောထားကွဲလွဲနေသည့် အတွက် ကဒါကျေးရွာအုပ်စုမှ ကြံတောကျေးရွာအုပ်စုအဖြစ် ခွဲထွက်နိုင်ရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ကိုယ်စားလှယ်နှင့်ပူးပေါင်းပြီး မြေပြင်စိစစ်ကွင်းဆင်းကြည့်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှတစ်ဆင့် ကွင်းဆင်းစစ်ဆေးပြီး အထောက် အထားပြည့်ပြည့်စုံစုံ ရရှိပြီးအစိုးရအဖွဲ့သို့တင်ပြမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ပြည်ထောင်စုသို့ တင်ပြပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၇)    ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော            သောင်နုမြေများခွဲဝေပေးရေးနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်း စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က  မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုအချိန်ထိသောင်နုမြေများကို မည်သည့်အဖွဲ့အစည်း များကိုမှ တရားဝင်ချထားပေးခြင်း မရှိသေးပါကြောင်း၊ ပေါင်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးမှုအနေဖြင့် ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေနုကျွန်းနှင့် အနီးကပ်ဆုံးဖြစ်သည့် ထန်းပင်ချောင်ကြီးနှင့်သဲကုန်းကျေးရွာများရှိ စီးပွားရေးစစ်တမ်းများ အရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်းအားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့်ညှိနှိုင်း၍ တန်းစီ ဇယားကို အခိုင်အမာစိစစ်ဆောင်ရွက်နေပြီး လုပ်ပိုင်ခွင့်ချထားပေးရန် ဥပဒေနှင့်အညီ အမြန်ပြီးပြတ်စေရန်ကြပ်မတ်ညွှန်ကြားပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

 (ခ)   အဆို (၁)ခုတင်သွင်းခြင်း

” မုဒုံမြို့နယ်၊ ကျောက်တစ်လုံး၊ မှန်ဂနိမ်း၊ နိုင်းပြိုင်ကျေးရွာ (၃)ရွာကြား၌ တည်ဆောက်ထားသော ပင်လယ်ပြာစွမ်းအား၊ ဝဥစက်ရုံအား မြေယာပိုင်ဆိုင်မှုအပ်အဝင် ခွင့်ပြုချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့်ဖော်ပြပါအတိုင်းမဆောင်နိုင်မီစပ်ကြား စက်ရုံအား ပိတ်သိမ်းထားပေးရန်တိုက်တွန်းကြောင်းအဆို “ကို ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မုဒုံုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က တင်သွင်းပြီး    ဦးချစ်တင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊    မြို့နယ်မဲဆန္ဒနယ်အမှတ် ( ၂) က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၂၅ -၂-၂၀၁၉) ရက် (တနင်္လာနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

 (ဂ)   ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၏ “မွန်ပြည်နယ်အတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း( CBT) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁)၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ မှ ဆွေးနွေးခြင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ အဆိုရှင် ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။

(ဃ)   ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၏ “မွန်ပြည်နယ်အတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း( CBT) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်တိုက်တွန်းကြောင်း”အဆိုကို လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးမှုနှင့်အတူ ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း၊

(င)    မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့်စပ်လျဉ်းသည့် ကနဦးအစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းတို့မှ ထောက်ခံဆွေးနွေးပြီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးမှ ပြန်လည်ဆွေးနွေးခြင်း။

(စ)    မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းကာကွယ်ရေးနှင့်စပ်လျဉ်းသည့် ကနဦးအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြီးပြုချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်း။

၃။       အစည်းအဝေးကို  နေ့လည် ( ၁၃ )နာရီ( ၁၀ ) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပမည့်ရက်ကို (၂၆-၂-၂၀၁၉)ရက် (အင်္ဂါနေ့) နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။