3826

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)

၁။       ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် (၂၇ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

 (က)  ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မော်လမြိုင်မြို့နယ်၊ ရေပိုင်းကျေးရွာအုပ်စုများ ဖြစ်သော ကော့တွန်၊ ကော့ပေါက်၊ ကော့စိန်ကျေးရွာတို့နှင့် မရမ်းကွင်း၊ မရမ်းရွာ၊ ဇွယ်ရကျွန်း၊ ရွာတန်းရှည်၊ ကြံရုံကျေးရွာများကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်မြေသားလမ်းများအား အမြန်ဆုံးတိုးချဲ့ဖောက်လုပ်ပေးပါရန်နှင့် လိုအပ်နေသော လမ်းများကို ကွန်ကရစ်လမ်းများ ခင်းပေးသွားရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်း နှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မော်လမြိုင်မြို့နယ်၊ ရေပိုင်းကျေးရွာအုပ်စုများဖြစ်သော ကော့တွန်၊ ကော့ပေါက်၊ ကော့စိန်ကျေးရွာတို့နှင့် မရမ်းကွင်း၊ မရမ်းရွာ၊ ဇွယ်ရကျွန်း၊ ရွာတန်းရှည်၊ ကြံရုံကျေးရွာများကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်မြေသားလမ်းများသည် ၂၀၁၈ -၂၀၁၉ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားမှုတွင် ပါဝင်ခြင်းမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ဖြည့်စွက် ဖြေကြားချက်အနေဖြင့် စက်ယန္တရားများအား ပြန်လည်စိစစ်ပြီး ပိုလျှံပါက ပို့ဆောင်ပေး မည်ဖြစ်ပြီး ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေရရှိပါက တစ်ပိုင်းချင်းတစ်ပိုင်း ချင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၂)    ဦးချစ်တင် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ရေးမြို့နယ်၊ ပလိုင်ကီးကျေးရွာနှင့်ဘာယာကုန်းကျေးရွာ ကျေးရွာချင်း ဆက်လမ်းကို ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ရေးမြို့နယ်၊ ရွှေပြည်သာရွာမှ ပလိုင်ကီးကျေးရွာအထိသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စီမံခန့်ခွဲသည့် နယ်မြေဖြစ်၍ သာယာကုန်းကျေးရွာသည် စီမံခန့်ခွဲမှုမှလွတ်ကင်းသည့် နယ်မြေဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွှေပြည်သာ-သာယာကုန်းကျေးရွာချင်းဆက်လမ်းသည် ကျေးရွာလမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စာရင်းတွင်ပါဝင်ခြင်းမရှိသောကြောင့် ရန်ပုံငွေ လျာ ထားခြင်းမရှိပါ။ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် နယ်မြေအပိုင်းကို လာမည် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် လမ်းပိုင်းများကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး ဖွံ့ဖြိုးရေးရန်ပုံငွေရရှိပါက အဆင့်လိုက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားပါ သည်။

(၃)    ဒေါက်တာခင်နိုင်ဦး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဆောင်ရွက်ရန် မြေနေရာစီစဉ်ဆောင်ရွက်နေမှုအခြေအနေကို သိရှိလို သောမေးခွန်နှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၆၇)အတွင်းရှိ စားကျက်မြေ ဧကစုစုပေါင်းစားကျက်မြေ ဧရိယာ (၆၆၇)ဧကကြောင့် အမှတ်(၂) စက်မှုဝန်ကြီး ဌာနမှ ရော်ဘာစိုက်ပျိုးထားသည့် ကွင်းအမှတ် (၂၆၇)အတွင်းရှိ စုစုပေါင်း (၂၅၅)ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန် ဆောင်ရွက်လျက်ရှိပါသည်။ ဇုတ်သုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သဘောထားမှတ်ချက်တောင်းခံခြင်းအပေါ် အုပ်ချုပ်ရေးမှူး အပြောင်းအလဲရှိနေ၍ သဘောထားပြန်လည်ပေးပို့နိုင်ခြင်း မရှိသေးပါကြောင်း လတ်တလောဆောင်ရွက်ထားမှု အခြေအနေအား ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ထုတ် နုတ်ခွင့်မြေနေရာအတွက် အမြန်ဆုံးဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ အမြန်ဆုံးပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး၊  ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရန် ညွှန်ကြားပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

 (၄)   ဒေါ်ခိုင်ခိုင်လဲ့ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော သထုံမြို့မဈေးနှင့်ပတ်သက်၍ သိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က သထုံမြို့နယ်၊ မြို့မဈေးနှင့် သုဝဏ္ဏဈေးသည် သထုံမြို့လယ်ရှိ အဓိကလမ်းမကြီးဖြစ်သော မင်းလမ်းဘေး တွင်တည်ရှိပြီး ဧရိယာအားဖြင့် စုစုပေါင်း (၆.၄၈၄)ဧက ကျယ်ဝန်းကြောင်း၊ ဈေးအဆင့်မြှင့် တင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် စိတ်ပါဝင်စားသူ (Developer) ကို ပွင့်လင်းမြင်သာစွာ အဆိုပြုလွှာ ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ တင်ပြထားသော အဆိုပြု လွှာများသည် လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ ဒေသဖွံ့ဖြိုးရေးကို ရှေ့တန်းမတင်ဘဲ ကိုယ်ကျိုးစီးပွားအတွက်သာ ဦးတည်ခြင်းစသည့် အဆိုပြုလွှာများဖြစ်ပါက စိစစ်ရွေးချယ်မည်မဟုတ်ပါကြောင်း ဖြေကြား ခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မြေပြင်အနေအထားနဲ့ကွဲလွဲပြီး ကိုက်ညီမှုမရှိတဲ့ အဆိုပြုလွှာအပေါ်မှာ မွန်ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုမျိုးတာဝန်ခံဖြေရှင်းပေးဖို့ ရှိသလဲ၊ ဘာကြောင့်လဲဆိုတော့ ဒီအဆိုပြုလွှာအတည်ပြုချက်အရဆိုရင် ဒီမြို့မဈေးလို့ နာမည်တပ်ပြီး ဧရိယာ ကွဲလွဲနေပါတယ်။ ဒီအတွက်ကြောင့် ဈေးသူ/ဈေးသားတွေအနေနဲ့ အင်မတန်စိတ်သောကရောက်ရပါတယ်။ ဘယ်ဈေးမှန်းလဲ မသိဘူး၊ ဘာအကြောင်းပြချက် မှန်းလဲမသိဘူး၊ ဧရိယာလဲမတူညီဘူး၊ ဈေးသူ/ဈေးသား များဘဲ မဟုတ်ပါဘူး၊ Developer တွေအနေနဲ့ ဒီအပေါ်မှာ ဝိဝါဒကွဲပြားပြီးတော့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေမှားယွင်းနိုင်ပါတယ်။ (၂)အချက်က ဈေးသူဈေးသားတွေရဲ့ မတူညီတဲ့အခန်းဖွဲ့စည်းပုံ၊ အနေအထားနှင့် ယခုလက်ရှိ ဈေးသူ/ဈေးသားတွေရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်တွေအရ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်မယ်လို့စိုးရိမ်စိတ်တွေအရ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး မြေပြင်ကွင်းဆင်းဖို့ အစီအစဉ် ရှိ/မရှိ သိချင်ပါတယ်။ နောက်ဆုံးအနေဖြင့် တကယ်လို့ဈေးဆောက်လုပ်ခဲ့သည်ရှိသော် ဈေးသူ/ဈေးသားများနစ်နာမှု မရှိစေရန် အတွက် ယာယီဈေးသော်လည်းကောင်း၊ ဆောက်မည့်ကြာချိန်သော် လည်းကောင်း၊ အတိအကျသိချင်ပါကြောင်း မေးမြန်းရာ Developer အချင်းချင်း ယှဉ်ပြိုင်ပြီးတော့ အကောင်းဆုံးဖြစ်တဲ့ပုံစံကိုသာ ရွေးချယ်ပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်  လမ်းရှိတယ်၊ မရှိဘူး ဆိုတာ Line out ပေးထားပြီး ဖြစ်ပါတယ်။ ဒီလိုအသံထွက် နေတဲ့အတွက် Developer တွေမရှိသေးပါဘူး၊ ထပ်ဆင့်ရက်တိုးရမည့် အစီအစဉ် တွေရှိပါတယ်။ ဈေးသူ/ဈေးသား များရဲ့ မတူညီတဲ့ အခန်းအနေအထား အကုန်သိပါတယ် Servey ကောက်ပြီး အကုန်သိပါတယ်။  Developer ဆိုတာ နိုင်ငံတကာအကုန် လှည့်လည်ပြီး သွားနေတာ၊ ဈေးဘယ်လို ဆောက်ရမယ်၊ အခန်းအနေအထားကအစ မတူညီသည့်အခန်းအနေအထားကို သင့်လျော်သည့် အခန်းအဆင့်အလိုက် Developer များက ပြည်နယ်အစိုးရအဖွဲ့သို့တြင်ပပြီး ရွေးချယ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှု    အတွက် စည်ပင်သာယာရေးက ဈေးသူ/ဈေးသားများက အပိုင်ဝယ် ထားခြင်း မရှိသည့်အတွက် နစ်နားဆုံးရှုံးမှုနည်းပါးမည်ဖြစ်ကြောင်း၊ ဈေးဆောက်မည် ဆိုပါက ယာယီဈေးရှာဖွေထားပြီးဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး  ထပ်ဆင့်ဆက်စပ်အနေဖြင့် မှားယွင်းဖော်ပြထားသည့် အဆိုပြုလွှာကိုမည်သို့ဆောင်ရွက်ပေးမည်၊ စိုးရိမ်ပူပန်မှု ခံစားနေရသည့် ဈေးသူ/ဈေးသားနစ်နာမှု အစိုးရအဖွဲ့အနေဖြင့် နားထောင်ပေးရန်၊ ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ မြို့မဈေးနှင့် သုဝဏ္ဏဈေးဟူ၍ ပေါင်းပြီးဖော်ပြပြီးဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ အသံနား ထောင်ပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့က မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ဖြည့်စွက်ဖြေကြားချက် အနေဖြင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ မွန်ပြည်နယ်တွင် မော်လမြိုင်ခရိုင် နှင့်သထုံခရိုင်ဆိုပြီး ခရိုင် (၂)ခုရှိကြောင်း၊ သထုံခရိုင်၏မြို့သည် သထုံမြို့ဖြစ်ပါကြောင်း၊ သထုံခရိုင်၏စီးပွားရေး၊ ကူသန်းရောင်းဝယ်ရေးအားလုံး၏ အဓိကမျက်နှာစာသည် သထုံဈေးဖြစ်ပါတယ်။ အဒီကအချက်သည် သထုံခရိုင်တွင်ရှိတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးပြဿနာ၊ သူတို့၏လယ်ယာကဏ္ဍထုတ်ကုန်၊ စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်၊ စက်မှုလက်မှုပိုင်း ဆိုင်ရာထုတ်ကုန်၊ အိမ်တွင်းစက်မှုလုပ်ငန်းမှအစ ထုတ်ကုန်များ အားလုံးသည် သထုံဈေးကို ရောက်ကြောင်း၊ ခရိုင်မြို့တစ်မြို့၏ဈေးသည်မြင်သည့်အတိုင်း ကြည့်ပါ။ တကယ့်တကယ်ဆောက်လုပ်မယ်ဆိုလျှင် နစ်နာဆုံးရှုံးမှု မရှိအောင် ဆောက်လုပ် မှာပါ။လုပ်ငန်းစဉ်ကအင်မတန်ကို ရှည်လျားထွေးပြားပါတယ်။ အခုချိန်ထိ Developer ဆိုပြီးတစ်ဦး တစ်ယောက်မျှ မရှိသေးပါဘူး။ ဘယ်သူမှ သိန်းသောင်းချီပြီး စွန့်စားဖို့ အင်မတန်ခက်ခဲပါတယ်။ ဒီလိုမျိုး အန္တရာယ်များလှတဲ့ မြို့လည်ခေါင်မှာဗုဒ္ဓသမိုင်းဝင် ရွှေစာရံဘေးမှာ ရှိတဲ့ ဈေးကြီးဟာ အဆင့်အတန်းမမီ အဆင့်အတန်းနိမ့်ပြီး ကျန်းမာရေးလဲမညီ ဘက်ပေါင်းစုံကကြည့်လို့ မသင့်တော်တဲ့ ဒီအတိုင်းထားခဲ့တော့မလား၊ အဲဒါနောက်ကွယ်မှာ ရှိနေတဲ့ ကုန်စည် ကူးသန်းရောင်းဝယ်ရေးဌာန၏ အဓိကကျတဲ့ ဈေးနောက်ကွယ်မှာရှိတဲ့ စီးပွားရေးကဏ္ဍ ကိုရော မစဉ်စားကြတော့ဘူးလား၊ ဘာကြောင့် မလုပ်ရဲရမှာလဲ၊ အပြောင်း အလဲရှိရင် နာကျင်မှုတော့ရှိရမှာဘဲ၊ မိမိပုဂ္ဂိုလ်ဆုံးရှုံမှုကို ရှေ့ တန်းတင်နေသော ပြည်သူတွေမျက်နှာ မထောက်ထားသော သထုံခရိုင်မှာရှိတဲ့စီးပွားရေး လုပ်ငန်းရှင်ရဲ့ မျက်နှာထောက်ထားပြီး ဈေးဆောက်တဲ့ကိစ္စမှာ ဈေးသူ/ဈေးသားဘဲ ဆိုင်တာမဟုတ်ပါဘူး၊ တစ်ခရိုင်လုံးဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကို ကောင်းစွာနားလည် သဘောပေါက်ပြီး ဒီကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်ခြင်း၊ ဆွေးနွေးခြင်းအားလုံးကို လက်ခံနိုင်တယ်။ အပြုသဘော ဝေဖန်ပါ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဈေးသူ/ဈေးသား တစ်ဦးတစ်ယောက်ရဲ့ ထိခိုက် နစ်နာမှုတစ်ခု ထဲကိုဘဲကြည့်မယ်အစား ခရိုင်တစ်ခု လုံးမှာရှိတဲ့ ပြည်သူလူထုနှင့် အဲဒီပြည်သူလူထုရဲ့ စီးပွားရေးအခြေအနေ၊ စားဝတ်နေရေး အခြေအနေကို ဦးစားပေး ရှေ့ရှုပေးဖို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် တောင်းပန်အပ်ပါတယ်။

(၅)    ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော အများပြည်သူပိုင်၊ နိုင်ငံတော်ပိုင်မြေနေရာများရောင်းချခြင်း၊ ပေါင်နှံခြင်း များကို မည်သည့်ဥပဒေ၊ နည်းဥပဒေဖြင့် ပြုလုပ်နေသည်ကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုး မွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက  မွန်ပြည်နယ်အတွင်း၌ သမဝါယမအသင်းပေါင်း (၉၉၂)သင်းရှိပြီး သမဝါယမ အသင်းအဆင့်ဆင့်တွင် မြေပိုင် ဆိုင်မှုအရေအတွက် (၁၄၇)ခုနှင့် အဆောက်အဦ ပိုင်ဆိုင်မှုအနေဖြင့် (၁၅၈)ခု ရှိပါသည်။ သမဝါယမအသင်းများက ပိုင်ဆိုင်သော မြေနှင့် အဆောက်အဦများအား စီမံခန့်ခွဲရာတွင် သမဝါယမအသင်းများ၏ အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်နှင့် သက်ဆိုင်ရာ အသင်း၏အရပ်ရပ်ဆိုင်ရာ အစည်း အဝေးဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပါသည်။ သမဝါယမ အသင်းများက ပိုင်ဆိုင်သောမြေ၊ အဆောက်အဦများသည် နိုင်ငံပိုင်မဟုတ်ဘဲ သက်ဆိုင်ရာ သမဝါယမအသင်းများ၏ အသင်းသားများက စုပေါင်းပိုင်ဆိုင်သော ပစ္စည်း များဖြစ်ပါသည်။၂၀၁၃ခုနှစ်၊ သမဝါယမအသင်းနည်းဥပဒေ ပုဒ်မ(၇၀)၊ ပုဒ်မခွဲ (က)တွင် အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် သမဝါယအသင်း၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ ကိစ္စအ၀၀ကို အပြီးသတ် ဆုံးဖြတ်နိုင်ခွင့် ရှိသည်ဆိုသည့် နည်းဥပဒေအတိုင်း အိတ်ဖွင့်လေလံစနစ်ဖြင့် ပွင့်လင်းမြင် သာစွာ ရောင်းချခဲ့ပြီး အသင်းဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်း ဆောင်ရွက်မှုများမှ ရရှိလာသောအကျိုးခံစားခွင့်များသည် သက်ဆိုင်ရာသမဝါယမ အသင်းသား၊ သမဝါယမအသင်းဝင်အသင်းများနှင့်သာသက်ဆိုင်ခြင်း ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့်  ပေါင်မြို့နယ်တွင် သမဝါယမ အသင်းဘယ်နှသင်းရှိပြီး၊ မြေနေရာကို ဘယ်အသင်းပိုင်ဆိုင်သလဲ၊ ဒီအသင်းကို ဘယ်နှခုနှစ်မှာ ဘယ်သူတွေတည်ထောင်ပြီး၊ လက်ရှိဘယ်သူတွေပိုင်ဆိုင်နေသလဲ မေးမြန်းရာ သက်ဆိုင်ရာသမဝါယမအသင်းရဲ့ အသေးစိတ်အချက်အလက်များကို သတ်မှတ်ရက်အတွင်း ပြည်နယ်လွှတ်တော်ထံ ပြန်လည်ပေးပို့ တင်ပြသွားမည် ဖြစ်ကြောင်းပြန်လည်ဖြေကြားရာ ထပ်ဆင့်ဆက်စပ်မေးခွန်းအနေဖြင့်  လွှတ်တော်ဆိုင် ရာဥပဒေ၊ နည်းဥပဒေအရ မေးခွန်းပြောင်းလဲခြင်းမဟုတ်ကြောင်း၊ စာဖြင့်ဖြေဆိုမည်ဆိုပါက ဒီအချက်နှင့်ပတ်သက်ပြီး နောက်ထပ် သိရှိလိုသည့် မေးခွန်းမျိုးထပ်မံ မေးမြန်းရန် အခွင့်အရေးမရှိတော့ဘူး ဖြစ်ပါကြောင်း၊ လွှတ်တော်ဥပဒေအရ မေးခွန်းနှင့် မသက်ဆိုင်သည့်မေးခွန်းမေးမှသာလျှင် စာဖြင့် ဖြေကြားရမည်ဟု ဖော်ပြထား ပါကြောင်း၊ ဒါကြောင့် ဒီမေးခွန်းကို ဖြေကြားစေလိုကြောင်းမေးမြန်းရာ သက်ဆိုင်ရာ အသင်းရဲ့ အသေးစိတ်အချက်အလက်၊ အသင်းဝင်ဦးရေ၊ အရေအတွက်များ ဆုံးဖြတ်ဆောင်ရွက် ထားတဲ့ အချက်အလက်၊ အသေးစိတ်ဆွေးနွေးထားသည့် အချက်၊ နည်းဥပဒေ၊ ဥပဒေနှင့်အညီ၊ ညွှန်ကြားချက်နှင့်အညီ အသေးစိတ်ပြန်လည်ဖြေကြားရမည်ဖြစ် ပါကြောင်း၊ အချက်အလက်များ လုံလောက်မှုမရှိမှာ စိုးရိမ်ရသည့်အတွက် သတ်မှတ် ကာလအတွင်း ပြည်နယ်လွှတ်တော်သို့ စာဖြင့်ပြန်လည်ပေးပို့သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(ခ)    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ တင်သွင်းခြင်း  ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်အစီရင်ခံစာကို  ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ သထုံမဲဆန္ဒနယ်အမှတ်(၁) ဖတ်ကြားတင်ပြခြင်း၊  ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင်(၁၈-၉-၂၀၁၈)ရက် (အင်္ဂါနေ့) ရုံးချိန်အတွင်း  နောက်ဆုံးထား၍ အမည် စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဂ)    ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို  စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးဝဏ္ဏကျော်မှ တင်သွင်းခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်အစီရင်ခံစာကို ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမဲဆန္ဒနယ်အမှတ်(၁)မှ ဖတ်ကြားတင်ပြခြင်း၊  ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင်(၁၈-၉-၂၀၁၈)ရက် (အင်္ဂါနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဃ)   မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၀ အရလွှတ်တော်လုပ်ငန်း ဆိုင်ရာကိစ္စရပ်များအတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ လျာထားချက်အား လွှတ်တော်သို့ အသိပေးတင်ပြခြင်း၊

(င)    မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစားထိုးပြင်ဆင်ဖွဲ့စည်းရေးကိစ္စ တင်ပြခြင်းနှင့် အတည်ပြုခြင်း

(စ)    မွန်ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးချစ်တင်မှကော်မတီ၏ ဆောင်ရွက်ချက် အစီရင်ခံစာတင်ပြခြင်း၊

၃။       အစည်းအဝေးကို  နေ့လည် (၁၁)နာရီ (၄၅) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပမည့်ရက်ကို (၁၉-၉-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။