ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ ဇွန်လ ၇ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ ဇွန်လ ၇ ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင် ရွက်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁) ဦးအနက် (၂၈ )ဦးတက်ရောက် ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း( ၅ )ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့ရွေးချယ်မှုနှင့် ဘဏ္ဍာငွေကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ သာသနာရေး ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာများအရ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ဝင်အဖြစ် (၁၅) ဦး အားခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး၊ အတည်ပြုထားသောဂေါပကအဖွဲ့စည်းမျဉ်းသစ်အရ ဂေါပကအဖွဲ့အသစ်ကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ရန်အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၀)ရက်နေ့အထိ ဘဏ်၌အပ်နှံထားသော အလှူငွေစာရင်း မှာ ကျပ် ၉၁၇၁၀၂၆၂၂၂.၇၈ ဖြစ်ပြီး ဘဏ်တိုးရငွေမှာ ကျပ် ၄၄၀၇၇၄၁၆၂.၃၅ ဖြစ်ပြီး၊ ဂေါပကအဖွဲ့စည်းမျဉ်းစာအုပ်၏ အပိုဒ် (၆၅)အရ ဂေါပကအဖွဲ့သည် ဘဏ္ဍာရေးကိစ္စ နှင့်စပ်လျဉ်း၍ ငွေကြေးသုံးစွဲရာတွင် ဝန်ထမ်းလစာများမှအပ ကျပ် (၁၀)သိန်းအထိကို ဂေါပကအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ ကျပ်(၁၀)သိန်းကျော်ပါက မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လည်းကောင်း၊ ကျပ်သိန်း (၅၀)ကျော်ပါက နာယကအဖွဲ့သို့ လည်းကောင်း အတည်ပြုချက်ရယူ၍သုံးစွဲရမည်ဟုပြဋ္ဌာန်းထားပြီး၊ ပြဋ္ဌာန်းချက်နှင့်အညီ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ လိုက်နာကျင့်သုံးလျက်ရှိကြောင်းနှင့် ဂေါပကအဖွဲ့စည်းမျဉ်းပါသတ်မှတ်ချက်များအရလည်းကောင်း၊ ဥပဒေ၊ ညွှန်ကြားချက်များ အရ လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပါ၍ ပေးပို့ရန်မရှိပါကြောင်းနှင့် လစဉ်ငွေ စာရင်းရှင်းတမ်းများကို သာသနာရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သာသနာ ရေးမှူးရုံးများသို့ပေးပို့လျက်ရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဂေါပက အဖွဲ့ကို မည်သည့်လတွင်ရွေးချယ်မည်သိချင်ကြောင်းနှင့် လွှတ်တော်သို့ လစဉ်ငွေစာရင်း ရှင်းတမ်း(၂)ကြိမ် ပေးပို့နိုင်ရေး အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ ဂေါပကအဖွဲ့ဖွဲ့စည်းနိုင်ရေးသည် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ သာသနာရေးဦးစီးဌာန၏ ခွင့်ပြုရရှိပြီးဖြစ်ကြောင်း၊ သီတင်းကျွတ်တောင်ဖွင့်ပွဲမတိုင်မီ ဂေါပကအဖွဲ့စည်းမျဉ်းသစ်သတ်မှတ်ချက်နှင့်အညီ အပြီးသတ်ရွေးချယ်မည် ဖြစ်ပါကြောင်း နှင့် ရွေးချယ်မည့်လကို အတိအကျသတ်မှတ်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြား ပါသည်။
(၂) ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်သာသနာမှူးအနေနဲ့ မိမိရဲ့တာဝန်လုပ်ပိုင်ခွင့်နှင့်အညီ မြို့နယ်အဆင့်တွင် တာဝန်ပေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ အမိန့်စာဖြင့် တာဝန်ပေးခြင်းခံရသူအား မည်သို့မည်ပုံလမ်းညွှန်ဆောင်ရွက်စေသည်ကို သိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ ကျိုက်မရောမြို့နယ် သာသနာရေးမှူးရုံးတွင် တာဝန်ပေးအပ်ခြင်းခံရသူ ဒေါ်နုနုထွေးမှာ ကျိုက်မရောမြို့နယ် သာသနာရေးမှူးရုံးမြေနေရာရရှိရေးနှင့် ပတ်သက်သည့်ကိစ္စအ၀၀အား ဆောင်ရွက် နိုင်ရန် ခန့်အပ်ထားခြင်းဖြစ်သည်။ သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ရဟန်း သံဃာတော်များနှင့်ပြောဆိုဆက်ဆံရာတွင် အမျိုးသမီးများကိုတာဝန်ချထားရန် မသင့် လျော်သဖြင့် သာသနာရေးနှင့်ဝန်ကြီးဌာနမှ ရုံးအမိန့်အမှတ် ၃၆၂/၂၀၁၆ဖြင့် ကျိုက်မရော မြို့နယ်သာသနာရေးမှူးရုံးမှ ဒေါ်နုနုထွေးကိုမွန်ပြည်နယ်သာသနာရေးမှူးရုံး တွဲဖက်အဖြစ် တာဝန်ချထားပေးရခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ကျိုက်မရော မြို့နယ်သို့တာဝန်ကျသည့် သာသနာရေးမှူးသည် မည်သည့်နေရာတွင် တာဝန်ထမ်း ဆောင်နေသည်ကိုသိလိုကြောင်းမေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်၊ ခန့်ထားပိုင်ခွင့်မရှိပါကြောင်း၊ ပြည်ထောင်စုကသာ ခန့်အပ်ခြင်းဖြစ်ကြောင်းနှင့် ဦးစီးမှူး သည် မော်လမြိုင်ဒေသခံဖြစ်သည့်အတွက် မွန်ပြည်နယ်သာသနာရေးမှူးရုံးတွင် တွဲဖက် အဖြစ် တာဝန်ချထားပေးရခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပြီး ဆက်စပ်မေးခွန်း အပေါ်ထပ်ဆင့်အနေဖြင့် ကျိုက်မရောမြို့နယ်သာသနာရေးမှူးရုံးတွင် တာဝန်ကျသည့် သာသနာရေးမှူးကိုမည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းဆက်လက်မေးမြန်းရာ ကျိုက်မရောမြို့နယ်သာသနာရေးမှူးနှင့်ပတ်သက်သည့်ကိစ္စအား စုံစမ်းပြီး အစိုးရအဖွဲ့သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒ နယ်အမှတ် (၁)မှ မူလတန်းအဆင့်အခြေခံပညာရေးနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ မွန်ပြည်နယ်ပညာရေးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့၏ ညွှန်ကြားချက်၊ ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုများဖြင့် မွန်ပြည်နယ်ရှိအခြေခံပညာကျောင်းများနယ်မြေတွင် အခမဲ့ မသင်မနေရမူလတန်းပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူမှုရေးဝန်ကြီးမှ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကြီးကြပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အပတ်စဉ်ကျင်းပ ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးများတွင် တင်ပြဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ အခမဲ့ပညာရေးစနစ်အကောင်အထည်ဖော်ရာတွင် ပညာရေး ဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍မအောင်မြင်နိုင်ပါကြောင်း၊ မိဘအုပ်ထိန်းသူများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ နှင့် ရပ်ကွက်ကျေးရွာလူထုများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်က သတ်မှတ်ထားသည့်အခမဲ့မသင်မနေရ ပညာရေးကို သင်ကြားပေးနိုင်ရေး အတွက် မိဘအုပ်ထိန်းသူများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်ကျေးရွာလူထုများမှ ကူညီဆောင်ရွက် ပေးကြရန် ပြဋ္ဌာန်းထားပြီး အမျိုးသားပညာရေးဥပဒေအခန်း (၈)ပါ ပြဋ္ဌာန်းချက်ကို အဆင့်ဆင့်တာဝန်ယူပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း ကျောင်းအုပ်၊ ဆရာ/ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးသိရှိလိုက်နာမည့်အချက်များကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ မိဘပြည်သူများ ထံသို့လည်း မေတ္တာရပ်ခံချက်ထုတ်ပြန်ထားပြီး အားလုံးသိရှိ လိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မွန်ပြည်နယ်အစိုးရအနေဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား တာဝန်မှရပ်စဲခြင်း၊ ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေနှင့်အညီ စီစဉ်ဆောင် ရွက်ထားသောအခြေအနေများကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်ရန်ညွှန်ကြားချက်အရ ရပ်ကွက်/ ကျေးရွာအုပ်စု (၄၇၀)ခုတွင် တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းပြီးနှင့်အသစ် ထပ်မံရွေးချယ်ခြင်း မပြုမီကြားကာလအတွင်းတတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုုပ်ရေးမှူး (၂၉)ဦးအား ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ရွေးချယ်ပြီးစီးခဲ့ကြောင်း၊ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ဥပဒေနှင့် အညီဆောင်ရွက်ခြင်းမရှိ၍ ပြည်သူများမှ တင်ပြတိုင်ကြားလာပါက လိုအပ်သောစုံစမ်း စစ်ဆေးမှုများကိုဆောင်ရွက်စေပြီး စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုတင်ပြချက် များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့နယ်မှ (၂)ဦး၊ ကျိုက်မရောမြို့နယ်မှ(၃)ဦး၊ သံဖြူဇရပ်မြို့နယ်မှ (၁)ဦး၊ ရေးမြို့နယ်မှ(၆)ဦး၊ စုစုပေါင်း(၁၂)ဦးတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တာဝန် မှရပ်စဲခဲ့ပါကြောင်းနှင့် လစ်လပ်သွားသောအုပ်ချုပ်ရေးမှူးနေရာများတွင် အစားထိုးရွေးချယ် ခြင်းများ၊ ဆောင်ရွက်ရစဉ်ကာလအတွင်း ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၆(ဂ)အရ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်၍ အုပ်ချုပ်ရေးမှူး တစ်ဦးကို ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအား တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် တရနာကျေးရွာအုပ်ချုပ်ရေးမှူးအား ရပ်စဲပြီး လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျုံကကျောက်မိုင်းနဲ့ပတ်သက်ပြီး ကျုံကကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်းမပြုသည့်ကိစ္စအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် နောက်နောင်မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းရာ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တရနာကျေးရွာအုပ်ချုပ်ရေးမှူး၊ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျုံကကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ဆက်စပ်အမှုတွဲများကို စိစစ်ပြီးဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဗိုလ်မှူးဇော်လင်းအောင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှ ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာအုပ်စုရှိ လယ်မြေများအားချောင်း/မြောင်းများပိတ်၍ လယ်မစိုက်နိုင် အောင် ပြုလုပ်နေမှုများနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးထွန်းဌေးမှ ကျိုက်မရော မြို့နယ်အတွင်း နွေရာသီတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် သော်လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းအဖြစ်သော်လည်းကောင်း၊ အချို့ချောင်း/မြောင်းများကို နွေရာသီ တွင်ပိတ်ဆို့ထားတတ်ကြပါသည်။ မိုးရာသီကျရောက်သည့် အချိန်တွင် ချောင်း/မြောင်းများ ပိတ်ဆို့ထားသောနေရာများအား ကွင်းဆင်းစစ်ဆေး၍ ရေစီးရေလာကိုအဟန့်အတား ဖြစ်၊မဖြစ် စူးစမ်းလေ့လာပြီး အဟန့်အတားဖြစ်ပါက ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငါးခူတောင်-ကျုံဝမ်းမြောင်းနှင့် အလယ်တောင်ကျုံဝမ်း မြောင်း၊ နှစ်မြောင်းကြားတွင် နွေစပါးစိုက်ပျိုးလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်တွင် နွေစပါးဧက (၅၀၀)ကျော်စိုက်ပျိုးနိုင်ရန်အတွက် လက်ရှိအခြေအနေတွင်ရှှိသော မြောင်း အတိမ်အနက်အရ ရေစီးရေလာကောင်းနေပါ၍ နွေရာသီတွင် ရေချိုဝင်ရောက်ပြီး စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ခရုံငူလမ်းဆုံမှ ”ကြံ” စီမံကိန်းများသို့ သွားလာသော တံတား(၃)စင်းနှင့် မိုးရာသီသွားလာနိုင်သော လမ်းအဖြစ်ဆောင်ရွက်ပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်းမရှိပါ။ ကုမ္ပဏီမှ ပြန်လည် ပြုပြင်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများအား ကွင်းဆင်းစိစစ်စေပြီး ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြစေမည်ဖြစ်ကြောင်းနှင့် ၁၉၉၈-၁၉၉၉ခုနှစ်၊ လှပ်မြေဖော်ထုတ်စိုက်ပျိုးမှုအတွက် ခရုံဂူဒေသရှိကျေးရွာ(၃)ရွာဖြစ်သော ခရုံ၊ ဘာဘူကုန်း၊ ကျုံဝမ်းကျေးရွာအုပ်စုများတွင် ဌာနဆိုင်ရာနှင့် တပ်ရင်း/တပ်ဖွဲ့များမှာ စိုက်ပျိုးလုပ်ကိုင် နိုင်ရန်အတွက် ပြည်နယ်(ပယက)အစီအစဉ်ဖြင့် မြေနေရာချထားပေးခဲ့ရာ တပ်ရင်း/တပ်ဖွဲ့၊ ဌာနဆိုင်ရာ(၃၅)ခုတို့အား ဧရိယာ(၁၉၂၇)ဧကကို ချထားပေးခဲ့ပါကြောင်း စိစစ်တွေ့ရှိရပြီး၊ ၎င်းချထားပေးသော မြေအတွင်းမှတပ်ရင်း/တပ်ဖွဲ့နှင့်ဌာနဆိုင်ရာ(၁၂)ခုမှ ပုံစံ(၇)ရရှိပြီး ဧရိယာမှာ (၁၁၂၇)ဧကဖြစ်ပြီး၊ ၎င်းဧရိယာတွင် အမှန်တကယ် နှစ်စဉ်စပါးစိုက်ပျိုးလျက် ရှိသော ဧရိယာမှာ(၆၇၅)ဧကရှိပါကြောင်း၊ ၎င်းဧရိယာအား ချန်လှပ်ပြီးနှစ်ပေါင်းများစွာ စိုက်ပျိုးမှုမရှိသော လှပ်မြေဧရိယာများတွင် စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံလိုသော တောင်သူများနှင့်ကုမ္ပဏီများမှ လာရောက်လုပ်ကိုင်လိုပါက သက်ဆိုင်ရာမြေချထားခြင်း ခံရသော တပ်ရင်း/တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်နိုင်ကြောင်း ဖြေကြား ခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် နဂိုအတိုင်းဖြစ်ပေါ်နေသော ချောင်း/မြောင်း လုပ်ပေးဖို့ အစီအစဉ်ရှိ/မရှိနှင့်မြေဆီလွှာဓာတ်ခွဲခန်းဖွင့်လှစ်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ မေးမြန်းရာ သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်စိုက်ပျိုးရေးရုံးတွင် မြေဆီလွှာသုတေသနနှင့်ပတ်သက်ပြီး ဆောင်ရွက်၍ ရပါကြောင်းနှင့် ပြုလုပ်မည်ဆိုပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၅.၆.၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၂၀၀/၅-၃/အဖရ(မွန်) (၀၀၆၇)ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် တရားဝင်လက်ရှိအသုံးပြုလျက်ရှိသော မွန်ပြည်နယ်ကိုယ်စားပြုအလံ သတ်မှတ်နိုင်ရေးကိစ္စတင်ပြခြင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ဒေါက်တာမင်းကြည်ဝင်း၊ ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ ဦးမင်းထင်အောင်ဟန်၊ ဦးအောင်ကျော်သူ၊ ဒေါ်ခိုင်ခိုင်လဲ့၊ ဦးထွန်းမင်းအောင်၊ ဒေါ်ခင်မျိုးမြင့်တို့မှ ဆွေးနွေးခြင်း၊
(ဂ) ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက် တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ ဦးအောင်ကျော်သူ၊ ဦးထွန်းမင်းအောင်၊ ဒေါ်မြသိင်္ဂ ီမော်တို့မှ ဆွေးနွေးခြင်းနှင့် စီမံကိန်း၊ ဘဏ္ဍာ ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြန်လည်ဆွေးနွေးခြင်း၊
(ဃ) ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက် တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏အကြံပြုချက်များနှင့်အတူ အတည်ပြုခြင်း၊
၃။ အစည်းအဝေးကို မွန်းလွဲ (၁၃)နာရီ ( ၁၀ )မိနစ်တွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကျင်းပမည့်ရက်ကို (၈-၆-၂၀၁၈)ရက် (သောကြာနေ့) နံနက်(၁၀) နာရီတွင် ဆောင်ရွက်ပါမည်။





