ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ မိမိအနေဖြင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ် မြောက်ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်အနှစ်ချုပ်ကို တင်ပြပါမယ်ရှင်။
ည်း အစအဝေး(ပထမနေ့)တွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ “ကျားဖောင်/ ငါးဖမ်းလုပ်ငန်းခွင်များအတွင်း ရေလုပ်သားများနှင့်ဆက်စပ်သည့် လူကုန်ကူးခံရမှု/ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမျာစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ဆောင်ရွက်သွားရန်တိုက်တွန်းကြောင်းအဆို’’ တင်သွင်းခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လပတ်အစီရင်ခံစာတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(ဒုတိယနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၉–၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်အား တင်သွင်းခြင်း၊ မွန်ပြည်နယ် စာကြည့်တိုက်များဥပဒေကြမ်းတင်သွင်းခြင်း၊ မွန်ပြည်နယ်စာကြည့်တိုက်များဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြု ရေးဆိုင်ရာကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာဖတ်ကြားတင်ပြခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် အစားထိုးဖွဲ့စည်းရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်စိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင် အစားထိုးဖွဲ့စည်း ရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(တတိယနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)က တင်သွင်းခဲ့သော ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ “ကျားဖောင်/ငါးဖမ်းလုပ်ငန်းခွင်များအတွင်း ရေလုပ်သားများနှင့်ဆက်စပ်သည့် လူကုန်ကူး ခံရမှု/ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမျာစနစ်တကျ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံဆောင်ရွက်သွားရန်တိုက်တွန်းကြောင်းအဆို’’ နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်အစားထိုးဖွဲ့စည်းခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါတယ်။
အစည်းအဝေး(စတုတ္ထနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)က တင်ပြခဲ့သော မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လပတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(ပဉ္စမနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အစည်းအဝေး(ဒုတိယနေ့)က တင်သွင်းခဲ့သော မွန်ပြည်နယ်၏ ၂၀၁၉–၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး များအရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(ဆဋ္ဌမနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အစည်းအဝေး(စတုတ္ထနေ့)က တင်ပြခဲ့သော မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးကော်မတီ၏ ဆောင်ရွက် ချက်အစီရင်ခံစာတင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်အစားထိုးဖွဲ့စည်းခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(သတ္တမနေ့)တွင် မေးခွန်း(၃)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ အစည်းအဝေး (တတိယနေ့)က တင်ပြခဲ့သော မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်စိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေး ခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(အဋ္ဌမနေ့)တွင် မေးခွန်း(၃)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ “ကျားဖောင်/ငါးဖမ်းလုပ်ငန်းခွင် များအတွင်း ရေလုပ်သားများနှင့်ဆက်စပ်သည့် လူကုန်ကူးခံရမှု/ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမျာစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်သွားရန်တိုက်တွန်းကြောင်း အဆို ’’ အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးကော်မတီ၏ ဆောင်ရွက်ချက် အစီရင်ခံစာနှင့် မွန်ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာကို ဆွေးနွေးခြင်းနှင့်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါတယ်။
ယနေ့ အစည်းအဝေး(နဝမနေ့)တွင် မေးခွန်း(၃)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အစည်းအဝေး(ဒုတိယနေ့)က တင်သွင်းခဲ့သော မွန်ပြည်နယ်စာကြည့်တိုက်များဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း၊ မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာအား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးခွန်းစုစုပေါင်း(၄၅)ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ရပ်အတည်ပြုခြင်း၊ လျာထားချက်တစ်ရပ်အတည်ပြုခြင်း၊ အဆို(၁)ခု အတည်ပြုခြင်းနှင့် ရေးရာကော်မတီများ၏ ဆောင်ရွက်ချက်အစီရင်ခံစာ(၄)ရပ် မှတ်တမ်းတင်ခြင်း၊ ရေးရာကော်မတီ (၄)ခုအစားထိုးဖွဲ့စည်းခြင်းနှင့် ရေးရာကော်မတီ(၁)ခု သက်တမ်းတိုးပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ် ရှင်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းဝေး (ပထမနေ့)တွင် ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် မေးမြန်းခဲ့သော PPTT ကျောင်းဆင်းဆရာ/ ဆရာမများ ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ ဆက်စပ်မေးခွန်း မေးမြန်းရာတွင် “ ကရင်တော ’’ ဟူသည့်စကားလုံးကို မတော်တဆမှားယွင်းစွာသုံးနှုန်းခဲ့မိပါသဖြင့် မွန်ပြည်နယ် လွှတ်တော် နည်းဥပဒေအပိုဒ် ၁၀၅ မေးခွန်းနှင့်စပ်လျဉ်းသည့်စည်းကမ်းချက်များ၊ အပိုဒ်ခွဲ (ဃ)တွင် ဖော်ပြပါရှိ သော “ မဆီလျော်သောအသုံးအနှုန်း ’’ ဖြစ်သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်နှင့်အညီ မှတ်တမ်း တင်ခြင်းမှ ပယ်ဖျက်ပေးပါရန်နှင့် ယင်းစကားလုံးအစား “ ဝေးလံခေါင်ဖျားသောကရင်တိုင်းရင်းသားကျေးရွာ ’’ ဟု အစားထိုးမှတ်တမ်းတင်ခွင့်ပြုနိုင်ပါရန် မေးခွန်းရှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် တင်ပြခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ် မြောက် ပုံမှန်အစည်းဝေးမှတ်တမ်းစာအုပ်တွင် “ ကရင်တော ’’ ဟူသည့်စကားလုံးအစား “ ဝေးလံခေါင်ဖျားသော ကရင်တိုင်းရင်းသားကျေးရွာ’’ ဟုပြင်ဆင်သုံးစွဲမည်ဖြစ်ကြောင်း လွှတ်တော်သို့အသိပေးအပ်ပါတယ်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင် ၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းဝေး (ပဉ္စမနေ့)တွင် မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန် မှ မေးမြန်းခဲ့သော မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတင်ဒါကိစ္စများ၏ ရွေးချယ်မှုမူဝါဒ၊ အစီအမံများကိုသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ မေးခွန်းမေးမြန်း ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၏ ကနဦးပြောဆိုချက်များသည် မွန်ပြည်နယ် လွှတ်တော်နည်းဥပဒေ ၁၀၅ ပုဒ်မခွဲ(ဃ)နှင့် ပုဒ်မခွဲ(ည)ပါ ပြဌာန်းချက်တို့အရ မကိုက်ညီသည့်အတွက် အဆိုပါ ကနဦး ပြောဆိုချက်များအား လွှတ်တော်မှတ်တမ်း(လုံးကောက်)မှ ပယ်ဖျက်ပေးပါရန် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်မင်းအောင်မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ(၁၃) ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခဲ့ပါတယ်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အသံဖိုင်တွင်ပါရှိသော ပြောဆိုချက်များကို လွှတ်တော် ဥက္ကဋ္ဌမှနားထောင်ပြီး နည်းဥပဒေ ၁၀၅ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည်များကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအပ်ပါတယ်။ ၎င်းအပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် မေးခဲ့သည့်မေးခွန်းကို စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး ဖြေဆိုသွားသည့်နေရာမှာ ဒေါ်မြသိင်္ဂီမော်အား နောင်တွင် ဒီလိုမေးခွန်းမျိုးမဖြစ်ပေါ်လာစေရန် သတိပေးသည်ဟူသော စကားလုံးကိုလည်း ကျွန်မအနေနဲ့လုံးကောက်မှ ပယ်ဖျက်မှာဖြစ်ပါကြောင်းကိုလည်း အသိပေးအပ်ပါတယ်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းဝေးသို့ တက်ရောက်လေ့လာသူ စုစုပေါင်း (၁၁၂) ဦးရှိပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ ကျွန်မတို့ မွန်ပြည်နယ်လွှတ်တော်ဟာဆိုလို့ရှိရင် ပုံမှန် အစည်းအဝေးများကို မွန်ပြည်နယ်ရဲ့ဘတ်ဂျက်ခွဲဝေသုံးစွဲမှုပေါ်မူတည်ပြီးမှ ဘတ်ဂျက်ခွဲဝေသုံးစွဲသည့်အချိန်မှာ အတည် ပြုပေးရမယ်ဆိုတော့ ကျွန်မတို့တစ်နှစ်ကို (၄)ကြိမ် ပုံမှန်အစည်းအဝေးကျင်းပပါတယ်။ ဒီကနေ့ဟာဆိုလို့ရှိရင်လည်း (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဖြည့်စွက်ရန်ပုံငွေလျာထားချက် တင်သွင်း သည့်အချိန်ကာလဖြစ်ပါတယ်။ ဖြည့်စွက်လျာထားချက်အတည်ပြုပေးခြင်းနှင့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပါတယ်။ ကျင်းပသည့်အခါမှာ မေးခွန်းတွေကို ကျွန်မတို့ ဇန်နဝါရီ(၂၀)ရက်နေ့မှာ အပြီးသတ်ယူပါတယ်။ ဇန်နဝါရီ(၂၄)ရက်နေ့မှာ ကျွန်မတို့ အစိုးရအဖွဲ့ကိုပေးပို့ပါတယ်။ ကျွန်မတို့ ပုံမှန်က တစ်နေ့ကို မေးခွန်း(၆)ခုထည့်ရင် အစည်းအဝေး(၈)ရက်နဲ့ ပြီးနိုင်ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့က ဖြေကြားမည်ဆိုတဲ့မေးခွန်းကိုလိုက်ပြီးတော့မှ အစီအစဉ်ရေးဆွဲရခြင်းဖြစ်လို့ ကျွန်မတို့အခုလိုမျိုး အစည်းအဝေး(၉)ရက် ဖြစ်သွားပါတယ်။ ဒါကိုလည်း ကျွန်မ လွှတ်တော်ကို အသိပေးပါတယ်။ ကျွန်မတို့ မွန်ပြည်နယ်လွှတ်တော်ဟာဆိုလို့ရှိရင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၃ ခုနှစ် မွန်ပြည်နယ် ပြည်နယ်နှင့်တိုင်းဒေသကြီးဆိုင်ရာလွှတ်တော်ဥပဒေ ဒီဥပဒေက ၂၀၁၃ ခုနှစ် ပြည်ထောင်စုဥပဒေအမှတ် – ၂၂ ကနေ ဆင်းသက်လာတာပါ။ ဒီဥပဒေရယ် မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေနဲ့ ကိုယ်စားလှယ်တွေသည် လွှတ်တော်၏တာဝန်ကြီး (၃)ရပ်ဖြစ်သော ဥပဒေပြုရေး၊ အစိုးရကိုထိန်းကျောင်းခြင်းဆိုသော (Oversight) လုပ်ခြင်းနှင့် ပြည်သူ့အသံကိုနားထောင်ခြင်းဆိုသော အကြီးစားတာဝန်ကြီး(၃)ရပ်ကို ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လေးစားလိုက်နာဆောင်ရွက်နေသောလွှတ်တော်ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပုံမှန်အစည်းအဝေးတွေမှာ ပြည်သူအတွက်လိုအပ်ချက်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မေးခွန်းတွေမေးပါတယ်။ မေးခွန်းတွေမေးသည့်နေရာမှာ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟဆိုသော အဂတိကင်းစင်းခြင်းမှ ကျွန်မတို့မေးခွန်းတွေမေးပါတယ်။ ကျွန်မတို့ ကိုယ်စားလှယ်တွေသည် မြေပြင်ကိုကြည့်ပြီးမှ မြေပြင်ရဲ့အဂတိထင်ဟပ်စေသောမေးခွန်းများကို လွှတ်တော်တွင် မေးမြန်းပါတယ်။ မေးခွန်းမေးမြန်းခြင်း အစည်းအဝေးမစခင်လည်း အစိုးရအဖွဲ့ကို (၂)ပတ်လောက်ကြိုပြီး ပေးပို့ပါတယ်။ အဲတော့ ကျွန်မတို့လွှတ်တော်ဟာ သိက္ခာရှိသော၊ ဥပဒေနှင့်အညီဆောင်ရွက်နေသော မွန်ပြည်နယ်ရဲ့လွှတ်တော်လို့ ကျွန်မသိက္ခာရှိရှိနဲ့ရပ်တည်ချင်ပါတယ်။ ကျွန်မတို့က ပါတီစုံဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ (၅)နှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်ရပါတယ်။ ကျွန်မခဏခဏပြောပါတယ်။ ဒီမိုကရေစီစနစ်ဆိုကတည်းက ရွေးကောက်ပွဲရယ်၊ လွှတ်တော်ရယ်ကပ်လျက်ပါလာပါတယ်။ မကြာခင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်မတို့လည်း ဒုတိယအကြိမ်တာဝန် ကပြီးစီးတော့မှာ ဖြစ်ပါတယ်။ ကျွန်မတို့(၁၁)လ ကျန်ပါသေးတယ်။ ကျွန်မတို့ အခြေခံဥဒေပုဒ်မ ၁၁(က) (ခ) အရ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဆိုပြီး (၃)ရပ်ရှိတဲ့နေရာမှာ ဝင်ရောက်စွက်ဖက် ခြင်းမပြုဘဲနဲ့ စောင့်ကြည့်ထိန်းကျောင်းတယ်၊ ဥပဒေပြဋ္ဌာန်းတယ်။ လွှတ်တော်ဟာဆိုလို့ရှိရင်လည်း စောစောက ကျွန်မ ပြောခဲ့သလိုပဲ တာဝန်ကြီး(၃)ရပ်ကို ကျွန်မတို့ဆောင်ရွက်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ အုပ်ချုပ်ရေးအပိုင်းကို လုံး၀၀င်မစွက်ဖက်ဘူး၊ တရားစီရင်ရေးအပိုင်းကိုလည်း ဝင်မစွက်ဖက်ဘဲ ကျွန်မတို့ ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်တယ်။ မေးခွန်းတွေမေးတယ်၊ အဆိုတွေတင်သွင်းတယ်၊ အစီရင်ခံစာတွေ တင်သွင်းတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသည် မကြာခင်ပြီးဆုံးမှာဖြစ်ပါတယ်။ ကျွန်မတို့ လွှတ်တော်သည် ဥပဒေနှင့်အညီ ပြည်သူ့အကျိုး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအကျိုးကို အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရင်းနဲ့ ကျွန်မတို့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ကျွန်မတို့အရွေးချယ်ခံကိုယ်စားလှယ်တွေပါတယ်၊ ဝန်ကြီးတွေပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကျွန်မတို့လေးစားစွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

