5164

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် ( ၂၆ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပထမမေးခွန်းအနေဖြင့် ချောင်းဆုံမြို့နယ်၊ ဝယ်ကူး-တော်ပေါင်း-ထန်းပင်ကုန်း လမ်းပေါ်ရှိ တံတားအမှတ်(၁)နှင့် တံတားအမှတ်(၂)အား ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ် ရေးဝန်ကြီးဦးမင်းကျော်လွင် က ဝယ်ကူး- တော်ပေါင်း- ထန်းပင်ကုန်းလမ်းပေါ်ရှိ တံတား အမှတ် (၁)နှင့် တံတားအမှတ် (၂)တို့အား ဆောက်လုပ်ပေးရန်အတွက် သင့်တော်သည့် ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံပြီးရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တင်ပြခဲ့သည့်အချက်အလက်များအရ ယခုချက်ချင်းဆောင်ရွက်ရမည့် တံတားဖြစ်သည့် အတွက် တွက်ချက်တင်ပြတောင်းခံပြီး အမြန်ဆုံးဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက် နေပါကြောင်း ဖြေကြားပါသည်။

(၂)     ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ မေးမြန်းသော မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာရှိ မိဘမှခွဲဝေပေးခဲ့သောမြေယာကိစ္စ၊ သိမ်းဆည်းခံမြေများကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး ကယင်းမြေယာကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့မှ (၃)ကြိမ်တိုင်တိုင် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိပါ သဖြင့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန်သာ လမ်းညွှန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မုဒုံမြို့နယ်အတွင်း  လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် ပြည်သူနှင့်တွေ့ဆုံပွဲများတွင် နယ်မြေခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အားဖိတ်ကြားမှု၊ ပူးပေါင်းဆောင်ရွက်မှုမရှိဟု ကိုယ်စားလှယ်မှတင်ပြခြင်း အပေါ် မြို့နယ်အတွင်း ကော်မတီသို့ တင်ပြစာ(၁၀)စောင်သာရရှိခဲ့ပြီး  အဆိုပါ တင်ပြစာများအပေါ်၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးပြတ်ဆောင်ရွက် ထားရှိပြီးဖြစ်ပါ သဖြင့်   သိမ်းဆည်းခံမြေနှင့်ပတ်သက်၍ ထပ်မံစစ်ဆေးရန်မရှိသည့်အတွက် ဖိတ်ကြားခြင်း မရှိခဲ့ပါကြောင်း၊ နောင်စိစစ်ရန်ရှိပါက ဖိတ်ကြားသွားမည် ဖြစ်ပါကြောင်း၊ (၁၉-၁၀-၂၀၁၉) ရက်နေ့၊ မုဒုံမြို့နယ် ရွှေဟင်္သာခန်းမတွင် ကျင်းပပြုလုပ်သော ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်သူများတွေ့ဆုံပွဲတွင် ဖိတ်ကြားရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများကိုသာ တာဝန်ယူဖိတ်ကြားပေးရန် ညှိနှိုင်းချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်း အနေဖြင့် မြေနေရာများအား တိတိကျကျတိုင်းတာပေးရန် အစီအစဉ်ရှိ/မရှိ ၊ ပူးပေါင်းဆောင်ရွက်မှု မရှိသည့်မြို့နယ်အုပ်ချုပ်ရေးမှူးအား အစိုးရအဖွဲ့မှအရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ မြေကွက်နှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်၍ မရသည့်အတွက် သက်ဆိုင်ရာတရားရုံးသွားရန်မှာ လုပ်ထုံးလုပ်နည်းမှန်ကန်ကြောင်းနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးအား အရေးယူရန်တိကျခိုင်လုံသော အထောက်အထားများဖြင့် တင်ပြပေးရန်လို ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(၃)    ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်များ အတွင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သော မော်လမြိုင်မြို့ပေါ် ရပ်ကွက်များရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ ဘဲကုန်းကုန်စိမ်းဈေးနှင့် ကမ်းနားလမ်း ရှိငါးဈေး၊ ဈေးကြို(ကညန)အဝိုင်း တည်ဆောက်ရေးလုပ်ငန်းများ၏ စာရင်းစစ်အတည်ပြု ထားပြီးသော အသေးစိတ်တွက်ချက်မှုများစာရင်းကို သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မွန်ပြည်နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့်လုပ်ငန်းများကို မွန်ပြည်နယ်လွှတ်တော်သို့ နှစ်စဉ်ဒေသန္တရဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၊ နောက်ထပ် ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ဖြင့် အတည်ပြုချက်ရယူပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက်စာရင်းစစ်ချုပ်ဦးဆောင်မှုဖြင့် စစ်ဆေးမှုခံယူကာ စာရင်းစစ်ချုပ် အစီရင်ခံစာကိုလွှတ်တော်သို့ တင်ပြအတည်ပြုထားပြီးဖြစ်ပါကြောင်းနှင့် ပြည်သူများ သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးရုံးနှင့် စည်ပင်သာယာရေးအဖွဲ့ရုံး တွင် မေးမြန်းနိုင်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်အနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများ၏ အသေးစိတ်တွက်ချက်မှုစာရင်းကို လွှတ်တော်သို့ အမြန်ဆုံးပေးပို့ပေးရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းရာ အစိုးရအဖွဲ့သို့ စာဖြင့်တင်ပြပါက cabinet မှ ဆုံးဖြတ်ရယူပြီး ပေးပို့သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

(ခ)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တင်သွင်းသော “ကျားဖောင်ငါးလုပ်ငန်းခွင်များအတွင်း ရေလုပ်သားများနှင့်ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်သွားရန် ”တိုက်တွန်းကြောင်းအဆိုအား ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း၊

(ဂ)     မွန်ပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ’’ အား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊

(ဃ)    မွန်ပြည်နယ်လွှတ်တော်၊ ပြည်နယ် အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ’’ နှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထား သည့် ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊  သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ(၁)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊  သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ တို့မှဆွေးနွေးခဲ့ကြပြီး၊ အစီရင်ခံစာအပေါ် ကော်မတီဥက္ကဋ္ဌဦးချစ်တင် မှ ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာ ခြင်း၊

၃။       အစည်းအဝေးကို နံနက်(၁၂း၁၀)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့) ကျင်းပမည့်ရက်ကို (၁၉.၂.၂၀၂၀)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။