ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် (၃၀)ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် Noval Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ကူးစက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က Noval Coronavirus နှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဟိုတယ်၊ မိုတယ်၊ ဆေးရုံဆေးခန်းများတွင် သံသယလူနာများတွေ့ရှိပါက သတင်း ပို့ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက် များကို ထပ်ဆင့်ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ပြီးစီးမှုကို အဆင့်ဆင့် သတင်းပို့လျက်ရှိကြောင်း၊ ရောဂါနှင့်ပတ်သက်ပြီး လက်ကမ်းစာစောင်များနှင့် Surgical Mask များဝေငှပြီး အသိပညာပေးလျက်ရှိကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများအား ပြင်ဆင် ထားရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများလည်း အဆင်သင့်ပြင်ဆင်ထားရှိပါကြောင်းနှင့် သံသယလူနာများမတွေ့ရှိသေးကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အခြား ကျန်ရှိသောမြို့နယ်များတွင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ၊ N 95 Mask ကို လုံလောက်အောင်ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မုဒုံမြို့နယ်တွင် သံသယလူနာရှိသည်ဟု ကြားသိရပြီး ဟုတ်၊ မဟုတ် ပြန်လည်ဖြေကြား ပေးပါရန် မေးမြန်းခဲ့ရာ ဝန်ကြီး ကောလဟာလသတင်းများကိုမယုံကြည်စေချင်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးက အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးလျက်ရှိသော သတင်းများကိုသာ ယုံကြည် စေချင်ကြောင်း၊ N 95 Mask များရရှိနိုင်ရေး ပြည်ထောင်စုသို့ တင်ပြထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၂) ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်
အမှတ်(၁)မှ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့်ကွမ်ကျိုက်လမ်း၀ (ရန်ကုန်-မြိတ်) အဝေးပြေးလမ်းမကြီးကို ဆက်သွယ်ဖောက်လုပ်ထားသော မြေသားလမ်း အား ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ယင်းကိစ္စနှင့်ပတ်သက်ပြီး သင့်လျော်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော စားသုံးကုန်ပစ္စည်းများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဆိုင်ရာလုပ်ငန်းများကိုမည်သို့ စစ်ဆေး ထိန်းကျောင်းနေသည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း ကစားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါး အစရှိသည်များကို ဈေးကွက်မတင်မီနှင့် ဈေးကွက်တင်ပြီးနောက် ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်း၊ နှီးနွယ်ကော်မတီများနှင့် ပူးပေါင်း၍ ပြဋ္ဌာန်းထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်မကိုက်ညီသော ဆေးဝါး၊ စားသောက်ဆိုင်များကို စစ်ဆေးခြင်း၊ ကျန်းမာရေးစံနှုန်းနှင့်ညီညွတ်အောင်အသိပညာပေး ဆောင်ရွက်ခြင်းတို့ကို ဗဟိုကြီးကြပ်မှုကော်မတီလမ်းညွှန်ချက်ဖြင့်စစ်ဆေးပြီး တွေ့ရှိပါက သတိပေးခြင်း၊ ပိတ်သိမ်းစေခြင်း၊ တရားစွဲဆိုခြင်း စသည့် အဆင့်ဆင့်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှုန်၊ အနည်အနှစ်များပါဝင်သော လ-၁၀ အမှတ်တံဆိပ် သောက်ရေသန့်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူခဲ့ပြီး တာဝန်ရှိသူများအား စိစစ် လျက်ရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် လ-၁၀ သောက်ရေသန့်ကိစ္စကို မည်ကဲ့သို့တိတိကျကျအရေးယူမည်နည်းနှင့် မွန်ပြည်နယ်တွင်ရှိသော အစားအသောက် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ကျန်းမာရေးနှင့်ညီညွတ်အောင်မည်ကဲ့သို့ ထိန်းကျောင်းပေးမည်နည်းဟု မေးမြန်းရာ ဝန်ကြီးက ရေသန့်စက်ရုံမှာ နေပြည်တော်ရုံးချုပ် မှခွင့်ပြုချက်ရရှိထားသော စက်ရုံဖြစ်ပြီး စံချိန်မီထုတ်လုပ်နိုင်ရေး ပထမအကြိမ်ဖြင့် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခဲ့ပါကြောင်း၊ ယင်းနောက် ထပ်မံဖြစ်ပွားပါက ပြင်းထန်းစွာ သတိပေးခြင်းနှင့် လုပ်ငန်းပိတ်သိမ်းခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အစား အသောက်များအား ပိုးသတ်ဆေးပေါင်းသတ်ဆေးများပါဝင်ပါက စားသုံးသူဥပဒေ၊ နည်းဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၄) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ပေါင်မြို့နယ်အတွင်းရှိ မြေပြိုနိုင်သည့်နေရာများကို မည်သည့်အချိန်တွင် ရှင်းလင်းဆောင်ရွက်ပေးမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာ ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ဘူမိဗေဒပညာရှင်အဖွဲ့မှ အကြံပြုခဲ့သည့်အတိုင်း ထပ်မံဖြစ်ပေါ်ရန်အလားအလာရှိပါ၍ မြေစာပုံများအား ရှင်းလင်း ခြင်းမပြုရန်၊ ကျောက်တုံးများအားခွဲခြမ်းခြင်းမပြုရန် အကြံပြုခဲ့ပြီး ထပ်မံမဖြစ်ပေါ်စေရေး သစ်ပင်များစိုက်ပျိုးခြင်း၊ မြေထိန်းနံရံများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုခဲ့ပါသဖြင့် စီမံချက်များ ရေးဆွဲပြီးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ယခု မိုးမရောက်မီအချိန်အတွင်း စီမံချက်ပါအတိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ဝန်ကြီးက ယခုကာလမှာ စောင့်ကြည့်ထိန်းသိမ်းနေသောကာလဖြစ်ပြီး မိုးရာသီမရောက်ခင် သစ်ပင်များစိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ချောင်းဆုံမြို့နယ်အဝင် လမ်းဘေးမီးတိုင်များ ပျက်စီးချို့ယွင်းနေမှုကို ပြင်ဆင်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ စည်ပင်သာယာ ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က လမ်းဘေးမီးတိုင်(၁၀)တိုင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့်မီးတိုင်များအား သင့်လျော်သည့် ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၆) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်-ဝယ်ကူး-တော်ပွန်လမ်းပေါ်ရှိ တံတား အမှတ်(၄)အား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ယင်းကိစ္စနှင့်ပတ်သက်ပြီး သင့်လျော်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(ခ) “မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာ’’နှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)တို့မှဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးချက်များအပေါ် ဦးခင်မောင်ကြီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်မှ ရှင်းလင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်း၊
(ဂ) “ မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာ ’’ အား ဒေါ်ခိုင်ခိုင်လဲ့၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ တွင် (၁၄.၂.၂၀၂၀)ရက် (သောကြာနေ့) တွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
(ဃ) “ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာ’’ အား ဦးချစ်တင်၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌမှတင်ပြခြင်း၊ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ထံတွင် (၁၄.၂.၂၀၂၀)ရက် (သောကြာနေ့) တွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
(င) “ မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်အစားထိုးဖွဲ့စည်းခြင်းနှင့်အတည်ပြုခြင်း၊
၃။ အစည်းအဝေးကို မွန်းလွဲ(၁၂း၄၅)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့) ကျင်းပမည့်ရက်ကို (၁၇.၂.၂၀၂၀)ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။


