4872

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၈ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက် (၂၆)ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)  ကြယ်ပွင့်ပြမေးခွန်း(၈)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပထမမေးခွန်းအနေဖြင့်  ကေလာသတောင် သဘာဝနယ်မြေတွင် ဘိုးဘွား စဉ်ဆက်စိုက်ပျိုးလုပ်ကိုင်ခဲ့သော တောင်သူများ၏ လူမှုအကျိုးစီးပွားတိုးတက်ရေးအတွက် ၎င်းတို့လုပ်ကိုင်လျက်ရှိသောမြေကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (သို့မဟုတ်) နှစ်ရှည်မြေငှားစာချုပ်ဖြင့် တရားဝင်လုပ်ကိုင်ခွင့်ရရှိရေးကို မည်သို့ကူညီဆောင်ရွက်ပေးမည် ကို  သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ကေလာသတောင်ဘေးမဲ့တောရှိ ဥယျာဉ်ခြံ လုပ်ကိုင်နေသည့် တောင်သူများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဘေးမဲ့တောထဲမှာ ကြားခံနယ်မြေကို နည်းဥပဒေပြဌာန်းပြီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ထားသည့် ကြားခံနယ်မြေမှာ ဤသို့အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ အတည်ပြုပြဌာန်းပြီးနောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကေလာသတောင် တောရဲတိရစ္ဆာန်ဘေးမဲ့တောအတွင်းမှ ကျေးရွာနယ်မြေနယ်နိမိတ်များ စိစစ်ရာတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ရသည့်အတွက်ကြောင့် အထက်ဌာန သို့တင်ပြပြီးမှ ရန်ပုံငွေရရှိပါက နယ်နိမိတ်ဘုတ်များကို စနစ်တကျ စိုက်ထူပေးသွားမည် ဖြစ်ကြောင်း၊ ဘေးမဲ့တောအတွင်းမှာ ပယ်ဖျက်ပေးခဲ့သည့် စာရင်းနှင့်ပတ်သက်ပြီး ပယ်ဖျက် မြေစုစုပေါင်း (၄၉၉.၅၂၇)ဧကကို ပယ်ဖျက်ခဲ့ပါကြောင်း၊ ကျေးရွာဒေသအကျိုးဌာ ဘေးမဲ့ တောဧရိယာ မဖြစ်မနေပယ်ဖျက်ရန် လိုအပ်မည်ဆိုပါက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့(သို့မဟုတ်) နိုင်ငံတော်သမ္မတထံ ပယ်ဖျက် ခွင့်ရရှိရန် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၂)     ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ မော်လမြိုင်မြို့တွင် တည်ဆောက်မည့် သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းအတွက် အသုံးပြုဆောင်ရွက်မည့် ဂိုဒေါင်(၂)လုံးနှင့် ဆိုင်ကလုံး Shelterများအစား မြို့အတွက် အမှန်တကယ်လိုအပ်သော မြေနုတ်မြောင်းများနှင့် တံတား ကျဉ်းအတွက်ပြောင်းလဲအသုံးပြုရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မော်လမြိုင်မြို့တွင် ဂိုဒေါင်(၁၃)လုံးရှိသော်လည်း ၎င်းဂိုဒေါင်များသည် ဝန်ထမ်းများနေထိုင်နေခြင်း၊ ကုမ္ပဏီများ ထံ ဌားရမ်းထားခြင်း၊ လူအများနေထိုင်ရန် ကျန်းမာရေးကဏ္ဍအရ သင့်လျော်မှုမရှိခြင်း၊ ကြံ့ခိုင်ကောင်းမွန်မှုမရှိ၍ ပြန်လည်ပြုပြင်သုံးစွဲမည်ဆိုပါက ပြင်ဆင်ရန်အတွက် ကုန်ကျ စရိတ်ရှိလာနိုင်ခြင်း၊ ဝန်ကြီးဌာနများဖြစ်သည့်အတွက် လိုအပ်သည့်အခါ အလွယ်တကူ သုံးစွဲနိုင်ရန် အဆင်ပြေမှုမရှိခြင်း၊ ဂိုဒေါင်အဆောက်အဦတစ်ချို့မှာ နှစ်ကာလကြာမြင့်သည့် အတွက် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပြည်သူများလုံခြုံစိတ်ချစွာ နေထိုင် နိုင်မည်မဟုတ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ပြည်သူများအသက်အိုးအိမ်လုံခြုံ အေးချမ်းစွာ နားခိုနိုင်ရေးလိုအပ်သဖြင့် မော်လမြိုင်မြို့နယ်တွင် ဆိုင်ကလုန်း Shelter တစ်လုံးနှင့် ဂိုဒေါင်(၁)လုံးဆောက်လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းဖြေကြားပါသည်။

(၃)     ဦးအောင်ကျော်သူ၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ကျုံးပတ်လမ်းရှိ ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်သည့် မြို့ရိုးအားခြံစည်းရိုးကာရံ၍ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းသွားရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍  လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်အတွင်းရှိ မြို့ရိုးဟောင်းနေရာသည် မြို့ပြဧရိယာ လူနေ ရပ်ကွက်အတွင်းကျရောက်နေခြင်း၊ တစ်ချို့မှာ အိမ်ခြံဝင်းအတွင်းကျရောက်နေခြင်း၊ လူနေ အိမ်များ ဆောက်လုပ်နေထိုင်ကြခြင်း၊ အခြားနည်းအသုံးချမှုအခြေအနေများ ရှိနေခြင်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်ဦးစီးဌာန မော်လမြိုင်ဌာနခွဲအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဖြေရှင်း ဆောင်ရွက်ပြီးပါက သထုံမြို့၊ ကျုံးပတ်လမ်းရှိ မြို့ရိုးအကြွင်းအကျန်အား ခြံစည်းရိုးကာရံ၍ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းသွားရန် ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန နေပြည်တော်သို့ ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။

(၄)     ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အင်းဖုန်းကြီး ရွာဟောင်းကျေးရွာ တိုးချဲ့ခြင်းလုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍  သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအတွင်းတွင် နေထိုင်သူ ဒေသခံလူဦးရေ တိုးပွားလာခြင်း၊ ရွှေ့ပြောင်းလုပ်သားမိသားစုများ များပြား လာခြင်း၊ ကျေးရွာပလှပ်မြေများမရှိခြင်း၊ ဒေသခံမိသားစုတွေကို သက်သာသည့်ဈေးနှုန်းဖြင့် အိမ်ခြံမြေရရှိနိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ ဒီစီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရဘက်နှင့်ပုဂ္ဂလိကဘက်တို့၏ နှစ်ဘက်သဘောတူစာချုပ်ပါ သဘောထားညှိနှိုင်း ချက်များမှာ ပေ(၈၀)၊ ပေ(၆၀) ၊ ပေ(၄၀)လမ်းများ၊ စာသင်ကျောင်း၊ ပန်းခြံ၊ ဈေး၊ အမှိုက် ကျင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာမြေများအား ဖယ်ပြီးကျန်ရှိသည့်မြေ(၄၀%)ခန့်အား ပုဂ္ဂလိက နှင့်အစိုးရ(၅၀%)စီ အချိုးကျခွဲဝေစီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အား သတ်မှတ်ကာလအတွင်း ပထမဦးစားပေးရောင်းချပြီး အကြိုက်တူနေသည့် မြေကွက် တွေကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းပါဆောင်ရွက်ရမည့် Infra နှင့်ပတ်သက်ပြီး မြေယာရှင်းလင်းခြင်း၊ မြေညှိခြင်း၊ ပေ(၄၀×၆၀)အကွက်တွေ ဖော်ထုတ်ခြင်း၊ ပေ(၄၀×၆၀×၈၀)လမ်းတွေ၊ မြို့ပတ်လမ်းတွေဖောက်လုပ်ခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်း၊ မြေသားလမ်းဖောက်လုပ်ခြင်း၊ လိုအပ်သည့်နေရာများတွင်ရေနုတ်မြောင်း များတူးဖော်ခြင်းနှင့် စီမံကိန်းပြီးဆုံးမည့်ကာလက ၂၀၂၀ ခုနှစ်၊ မတ်လကုန်ဟု ခန့်မှန်း ထားရှိပါကြောင်း၊ လက်ရှိမှာတော့ အဆိုပါမြေရောင်းချရငွေနှင့် လမ်းများကို ဆောင်ရွက် ထားရှိပါကြောင်း၊ မြေကွက်တွေကို မြေကွက်ဝယ်ယူမည့်သူ၏ လက်ဝယ်ကို ပေးအပ်ထား ပြီးတော့ မြေငှားဂရန်ရရှိရေးကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြည်နယ်အစိုးရမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။

(၅)    ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ မော်လမြိုင်မြို့ အတ္ထရံ ရေပေးဝေရေးစီမံကိန်းမှ မော်လမြိုင်ဘူတာကြီးသို့ သွယ်တန်းထားသော ရေပိုက်လိုင်းအား ဇေယျာမြိုင်ရပ်ကွက်နှင့် မောင်နှံခုနှစ်ဖော်ရပ်ကွက် များသို့ ရေပေးဝေရေးအတွက် သုံးစွဲနိုင်ရေးဆောင်ရွက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဦးမင်းကျော်လွင် က ၂၀၁၇ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစ၍ အတ္ထရံရေပေးဝေရေးစီမံကိန်းအား စတင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သောက်သုံးရေပေးဝေနိုင်မှုစီစဉ်ဆောင်ရွက်ထားလျက် ရှိကြောင်း၊ ဘူတာကြီးအနီးဝန်းကျင်ရှိ မြေနီကုန်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ သာယာ ရေးရပ်ကွက်များသည် မြို့ပေါ်ရေပေးဝေရေးစီမံကိန်းတွင် ပါဝင်ပါသဖြင့် စီမံကိန်းပြီးစီးပါက ရေပေးဝေနိုင်မည်ဖြစ်ကြောင်းဖြေကြားပါသည်။

(၆)    ဦးအောင်ကျော်သူ၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ်အတွင်းရှိလူငယ်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရန်ပုံငွေသုံးစွဲသွားရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်က မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်များ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေသုံးစွဲသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် လူငယ်ရေးရာ ကော်မတီနှင့်ပတ်သက်၍ ကျွန်တော့်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်နယ် လွှတ်တော်သို့စာဖြင့် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။

(၇)     ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်ရှိ ဘောလုံးကွင်းမြေနေရာနှင့် ပတ်သက် ၍ စက်မှုဝန်ကြီးဌာန၏ ဖြေကြားထားမှုနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိ လိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ပြည်နယ်အစိုးရအဖွဲ့သို့ မြေပြင်ဆိုင်ရာအထောက်အထားများနှင့်တစ်ကွ ဒုတိယအကြိမ်ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်တင်ပြသည့်အခါတွင် မြေပြင်ဆိုင်ရာအချက်အလက်၊ ကောင်းကင်ဓာတ်ပုံ၊ မြေပြင်ပုံကြမ်းတွေကအစ သေချာပြုစု ပြီးအစိုးရအဖွဲ့သို့တင်ပြ၍ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ရရှိမည်ဆိုပါက ပြည်ထောင်စု ဝန်ကြီးဌာနထံသို့ အနည်းဆုံးလိုအပ်သည့်ပမာဏနှင့်ရသင့်ရထိုက်အောင် ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။

(၈)     ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက် အခွန်လွတ်ဈေးအနီးရှိ ရေမြောင်းများ အား ပြန်လည်တိုးချဲ့ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း ၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မော်လမြိုင်မြို့တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့တွင်းအဓိကရေမြောင်းမကြီးများအား ဆယ်ယူရေး လုပ်ငန်းများစီမံချက်ရေးဆွဲထားပြီးဖြစ်ပါ၍ အဆိုပါ ထားဝယ်စုချောင်းဆယ်ယူရေးသည် စီမံချက်တွင်ပါဝင်ပြီးဖြစ်ပါသဖြင့် စီမံချက်အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းဖြေကြားပါသည်။

၃။       အစည်းအဝေးကို  နံနက်( ၁၁း၂၀ ) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့) ကျင်းပမည့်ရက်ကို (၉.၁၀.၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။