4221

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (တတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ မေလ ၆ ရက်)

၁။       ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၉)ဦး တက် ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)  ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော ဘီးလင်းမြို့နယ်အတွင်းရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများကို မည်သို့စစ်ဆေးဆောင်ရွက်နေသည်ကို သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ကတင်ဒါအောင်မြင်သောကုမ္ပဏီအဖွဲ့အစည်းသည် မိမိအားလုပ်ငန်းအပ်နှံသော ဌာန၊ အဖွဲ့အစည်းမှတစ်ဆင့် လုပ်ငန်း၏ပြီးစီးမှုပမာဏအပေါ်မူတည်၍ စာချုပ်ပါစည်းကမ်းချက် နှင့်အညီ ငွေထုတ်ယူခွင့်ပြုရန် သက်ဆိုင်ရာဌာနမှတင်ပြလာသည့်အခါ တန်ဖိုးကျပ်(၅၀)သန်း နှင့်အောက် လုပ်ငန်းဖြစ်ပါက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်း ပြီးစီးမှုစိစစ်ထောက်ခံချက်၊ ကျပ်သန်း(၅၀)အထက်၊ ကျပ်သန်း(၁၀၀)နှင့်အောက် လုပ်ငန်းဖြစ် ပါက ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းပြီးစီးမှုစိစစ်ထောက်ခံချက်၊ ငွေကျပ်(၁၀၀)သန်းအထက် လုပ်ငန်းဖြစ်ပါက ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းပြီးစီးမှုစိစစ်ထောက်ခံချက်ကိုပါ ပါရှိရမည်ဟုဆုံးဖြတ်ထားရှိ ပါကြောင်း၊ ဌာန၊ အဖွဲ့အစည်းများက အပ်နှံသည့်လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးခြင်း၊ မပြီးစီးခြင်း၊ စံချိန်စံညွှန်းနှင့်အရည်အသွေးပြည့်မီမှုရှိခြင်း၊ မရှိခြင်းကို ဌာနအကြီးအကဲ ကတာဝန်ယူရမည်ဖြစ်ကြောင်း၊ ငွေကျပ်(၁၀)သန်းနှင့်အောက် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနက ဖွဲ့စည်းသောကော်မတီတစ်ရပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပြီး  ပြည်နယ်အဆင့်ဌာနအကြီးအကဲများက တာဝန်ယူဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းစတင်ဆောင်ရွက်မှုအခြေအနေ၊ ပြီးစီးမှုရာခိုင်နှုန်းတို့အား သက်ဆိုင်ရာဌာနသို့တင်ပြ၍ သက်ဆိုင်ရာဌာနမှတစ်ဆင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီသို့ ဓာတ်ပုံမှတ်တမ်း၊ ပြီးစီးမှုရာခိုင်နှုန်း တို့အားတင်ပြလာပါက မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် ခန့်မှန်းခြေတွက်ချက်မှုစာရင်း(BQ/Drawing)အတိုင်းဆောင်ရွက် ထားခြင်းရှိ၊ မရှိစစ်ဆေးပြီး စာချုပ်ပါအတိုင်း ရာခိုင်နှုန်းအလိုက် ငွေထုတ်ယူခွင့်ရရှိရေး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီမှ စိစစ်ကောက်ခံပေးလျက် ရှိကြောင်းနှင့် (BQ/ Drawing)အတိုင်း သတ်မှတ်ချိန်စံချိန်ညွှန်းနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာခိုင်နှုန်းအလိုက် ငွေထုတ်ယူခွင့်အား ထောက်ခံချက်မပေးဘဲ (BQ/Drawing)အတိုင်း ပြန်လည်ဆောင်ရွက်ပြီးမှသာ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ စိစစ်ထောက်ခံပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် မြို့နယ်တည်ကော် အနေဖြင့် လုပ်ငန်းစိစစ်သည့်အခါ အရည်အသွေးပိုင်းကို ဘယ်လိုစိစစ်ပါသလဲ၊ မြို့နယ်တည်ကော်ရဲ့တာဝန်နှင့်လုပ်ပိုင်ခွင့်ကို တိတိကျကျသိလိုပါကြောင်းမေးမြန်းရာ ဝန်ကြီးက အရည်အသွေးပိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်သည့်လုပ်ငန်းတာဝန်ခံံ အင်ဂျင်နီယာ၊ Note Book, Check List/ Check List တွင် သံချောင်း၊ ကွန်ကရစ်၊ သဲ၊ ကျောက် ဘယ်လိုစစ်ရမလဲ ပါပါတယ်။ လုပ်ငန်းတစ်ခုကိုဆောင်ရွက်တိုင်း တာဝန်ခံ အင်ဂျင်နီယာက အရည်အသွေးပြည့်မီရေးရှိ၊ မရှိစစ်ဆေးတဲ့အထောက်အထားရှိရပါ ကြောင်း၊ ဒီ System ထဲဝင်အောင်အစိုးရအဖွဲ့မှ ဆောင်ရွက်ဖို့အစီအစဉ်ရှိတဲ့အကြောင်း၊ ဒီအရည်အသွေးနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားမှာဖြစ်ကြောင်း၊ မြို့နယ်တည်ကော်ရဲ့ လုပ်ပိုင်ခွင့်သည် ရန်ပုံငွေ (၅၀၀)အောက်ဆိုရင်စစ်လို့ရကြောင်း၊ မြို့နယ်တည်ကော်သည်   ရန်ပုံငွေ (၅၀၀)အောက်၊ (၅၀၀)အထက်၊ (၁၀၀၀)အထက်အားလုံးသည် မြို့နယ် တည်ကော်ရဲ့Base မပါဘဲ ပြည်နယ်တည်ကော်မှ အတည်ပြုချက်မပေးကြောင်း ပြန်လည် ဖြေကြားပါသည်။

(၂)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော အစင်စံပြကျေးရွာနှင့် မြို့ဟောင်းကုန်းရပ်ကွက်ကို ဆက်သွယ်ထားသော တံတားအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ကအစင်စံပြကျေးရွာနှင့် မြို့ဟောင်းကုန်းကို ဆက်သွယ်ထားသော ကွန်ကရစ်တံတားပေါ်တွင် အပေါက်ဖြစ်နေမှုအား ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ (၂၅.၄.၂၀၁၉)ရက်နေ့ ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်တွင် အဆိုပါတံတားအား အင်ဂျင်နီယာနည်းပညာဖြင့် ပြန်လည်ပြုပြင်ရန်နှင့် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ ကျေးလက် လမ်းဖွံ့ဖြိုးဦးစီးဌာနအနေဖြင့် အဆိုပါတံတားအား ပြုပြင်နိုင်ရန်အတွက် တံတားကြီးများ ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ဆောင်ရွက်နေသည့် နည်းပညာကျွမ်းကျင်မှုကုမ္ပဏီနှင့်ချိတ်ဆက်၍ ပြန်လည်ပြုပြင်ရမည့် အခြေအနေ၊ ကုန်ကျစရိတ်များအားတွက်ချက်ပြီး အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားပေးမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၃)     ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက်  Shelter Home  များတည်ဆောက်သည့်ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်း ကပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့ လာပါက လုံခြုံစိတ်ချရသောနေရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် Shelter Home  များကို ဘီးလင်းမြို့နယ်တွင် လူ(၅၀၀)ဆံ့ (၂)လုံးနှင့် ချောင်းဆုံမြို့နယ်တွင် (၃)လုံးတည် ဆောက်ရန်လျာထားစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ Shelter Home များ တည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၊ နည်ဥပဒေခွဲ (ခ)တို့ပါ ထိလွယ်ရှလွယ်သောအုပ်စုအတွက် အဆင်ပြေချောမွေ့စွာသွားလာမှုလွယ်ကူစေ ရန် ဆင်ခြေလျောများထည့်သွင်းတည်ဆောက်နိုင်ရေးအတွက် တင်ဒါအောင်ကုမ္ပဏီများ အား ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်တွေ့ကြုံလာရင်သော်လည်းကောင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ရာတွင် လည်းကောင်း၊ ထိခိုက်လွယ်သောအုပ်စုဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အို များ၊ မသန်စွမ်းသူများနှင့်အမျိုးသမီးများအား ဦးစားပေးကူညီစောင့်ရှောက်မှုများထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ထိလွယ်ရှလွယ်သော  Group ကြီးတစ်ခုလုံးအတွက် Structure ပိုင်း၊ အဆောက်အဦပုံစံ ပိုင်းကို တတ်နိုင်လို့ရှိရင် တင်ဒါအောင်ကုမ္ပဏီတစ်ခုတည်းအတွက်မဟုတ်ဘဲ ပုံစံစထုတ် ကတည်းက ဒီလိုအမျိုးအစားအတွက် တကယ့်ကိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ဖို့အစီအစဉ်ရှိ၊ မရှိ၊ တင်ဒါအောင်ကုမ္ပဏီနှင့်ညှိနိှုင်းတာမျိုးမဟုတ်ဘဲ ပုံသဏ္ဍာန် စင်္ပြီးထုတ်ကတည်းက သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ပေးဖို့အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့အတိုင်း တင်ဒါအောင်ကုမ္ပဏီနှင့်မညှိနှိုင်းခင် ပုံစံရေးဆွဲသည့်အခါ ထိခိုက်လွယ်သောမျကိမမြင်အုပ်စုနှင့်နားမကြားသည့်အုပ်စုအတွက် ထည့်သွင်းဆောင်ရွက်သွားမည်ဆိုတဲ့အကြောင်း ပြန်လည်ဖြေကြားပါသည်။

(၄)    ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ မေးမြန်းသော ပေါင်မြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်း၊ စားကျက်မြေများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ပေါင်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူနိုင်သော မြေလွတ်မြေရိုင်းမရှိပါကြောင်း နှင့်စားကျက်မြေတည်ရှိသည့်ကျေးရွာအုပ်စု(၂၃)အုပ်စုတွင် မူလစားကျက်မြေ၊ ဧရိယာ (၅၅၄၈.၀၃)ဧကရှိသည့်အနက် ဧရိယာ(၅၅၅၁၅)ဧကအား ထုတ်နုတ်ပြီးဖြစ်ပါကြောင်း၊ စားကျက်မြေအဖြစ် (၄၉၉၂.၈၈)ဧက ကျန်ရှိပါကြောင်း၊ စားကျက်မြေနှင့်ပတ်သက်၍ စိုက်ပျိုးလုပ်ကိုင်လိုသူ ကျေးရွာနေပြည်သူများအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ကိုင်လိုသူအစုအဖွဲ့၊ ကုမ္ပဏီများမှလည်းကောင်း သတ်မှတ်ချက်များနှင့်အညီ စားကျက်မြေပယ်ဖျက်ခွင့်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့လျှောက်ထားနိုင်ပါကြောင်း၊မြေလွတ်မြေလပ်မြေရိုင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသ နေတောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် မြေဧရိယာ(၅၀)ဧကထက်မပိုပါက သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် လျှောက်လွှာပုံစံများအခမဲ့ရယူ လျှောက်ထားနိုင်ပါကြောင်း၊  စားကျက်မြေပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူလုပ်ကိုင်လိုသောပြည်သူများမှ မိမိလိုအပ်သည့်အတိုင်းအတာဖြင့့် လျှောက်ထား တင်ပြနိုင်ပြီး ဧရိယာပမာဏ သတ်မှတ်ထားခြင်းမရှိပါကြောင်းဖြေကြားပါသည်။ ဆက်စပ် မေးခွန်းအနေဖြင့် ကျေးရွာတစ်ရွာချင်းအလိုက် စားကျက်မြေဧရိယာပမာဏစာရင်းကို အသေးစိတ်သိရှိလိုကြောင်း၊ စားကျက်မြေပယ်ဖျက်ခွင့်ကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှလျှောက်ရမှာလား၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစပြီး လျှောက်ရမှာ လား၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလျှောက်ရမှာလားသိရှိလိုကြောင်း၊ စားကျက် မြေကို တောင်သူများလျှောက်ထားလာပါက ရွှေငွေထွန်းကုမ္ပဏီက ဦးထိန်လင်းကဲ့သို့ ခရိုင်၊ မြို့နယ်တွေကို အမှုတွဲတည်ဆောက်ပေးဖို့ညွှန်ကြားပေးဖို့ အစီအစဉ်ရှိ၊ မရှိ သိရှိလို ကြောင်းမေးမြန်းရာ ဝန်ကြီးက ပေါင်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု(၂၃)စုမှ စားကျက်မြေ စာရင်းအား တပါတည်းပေးအပ်သွားမှာဖြစ်ကြောင်း၊ စားကျက်မြေလျှောက်ထားပါက ပြည်နယ်အစိုးရအဖွဲ့ကိုလိပ်မူပြီး တင်ပြလျှောက်ထားစေချင်ကြောင်း၊ သို့မှသာ ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သင့်တော်သည်၊ မသင့်တော်သည်အနေအထားကို ပြန်လည်သုံးသပ်နိုင်ဖို့ အတွက် အဆင့်ဆင့်ပြန်ပြီး ဆောင်ရွက်သွားနိုင်ဖို့ သုံးသပ်ဆုံးဖြတ်ပေးရမှာဖြစ်၍ ပြည်နယ် အစိုးရအဖွဲ့ကိုပဲလိမ်မူပြီး တင်ပြလျှောက်ထားစေချင်ပါကြောင်း၊ တစ်ဦးချင်းတစ်ယောက် ချင်းတင်ပြလျှောက်ထားပါက နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် တင်ပြလျှောက်ထားခွင့်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ကနေပြီး သုံးသပ်ဆုံးဖြတ်ပေးရမည့်ကိစ္စ ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(ခ)     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်းပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှပေးပို့ လာသော ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးလှထွန်းအား ခန့်အပ်တာဝန်ပေးမည့်အပေါ် ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်း၊

(ဂ)     ဦးအောင်ကျော်သူ၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊  သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသော မွန်ပြည်နယ်အတွင်းရှိပြည်သူများ လစဉ်ကြုံတွေ့နေရသည့် မီတာခပေးသွင်းရခြင်း ဒုက္ခအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Online (သို့) Mobile App များအသုံးပြုခြင်းဝန်ဆောင်မှု အား ပြောင်းလဲပေးနိုင်ပါရန် တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်း ထားသော ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တို့မှဆွေးနွေးခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ သဘောထားရှင်းလင်းတင်ပြခြင်းနှင့် အဆိုရှင်မှ ဆွေးနွေးခြင်း၊

(ဃ)    ဦးအောင်ကျော်သူ၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊  သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသော မွန်ပြည်နယ်အတွင်းရှိပြည်သူများ လစဉ်ကြုံတွေ့နေရသည့် မီတာခပေးသွင်း ရခြင်းဒုက္ခအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Online (သို့) Mobile App များအသုံးပြုခြင်း ဝန်ဆောင်မှုအား ပြောင်းလဲပေးနိုင်ပါရန် တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်မှအတည်ပြုကြောင်းကြေညာခြင်း၊

(င)     မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ၂၀၁၈ ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာ အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးမှတင်ပြခြင်း၊ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၆.၅.၂၀၁၉)ရက် (တနင်္လာနေ့) ညနေ (၄)နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊

(စ)     မွန်ပြည်နယ်လွှတ်တော်မွန်ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်း ထားသော ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် ကော်မတီဥက္ကဋ္ဌတို့မှဆွေးနွေးခြင်း၊

(ဆ)    မွန်ပြည်နယ်လွှတ်တော်မွန်ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ဆွေးနွေး အကြံပြုချက်များနှင့်အတူ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ပါကြောင်းနှင့် ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်နိုင်ရန်ပေးပို့သွားမည်ဖြစ်ပါကြောင်း ကြေညာခြင်း၊

၃။       အစည်းအဝေးကို  နေ့လည် (၁၂း၄၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပမည့်ရက်ကို (၇.၅.၂၀၁၉)ရက် (အင်္ဂါနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။