4058

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (တတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)

၁။       ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက်    ( ၂၈ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် စည်ပင်သာယာရေးနယ်မြေများအတွင်း စည်းကမ်းမဲ့ဈေးဆိုင်များ၊ ပလက်ဖောင်းကို ကျူးကျော်ရောင်းချနေသောဆိုင်များ၊ ခွင့်ပြုချက်မဲ့ဆောက်လုပ်နေသော အဆောက်အဦများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က  ဈေးပတ်ဝန်းကျင်တစ်လျှောက်တွင် စည်းကမ်းမဲ့စွာ ဈေးဆိုင်များ ခင်းကျင်းရောင်းချခြင်းမရှိစေရေးအတွက် ဈေးဌာနစိတ်ဝန်ထမ်းများနှင့်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ကျူးကျော်ရှင်းလင်းခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျးကျော်ရောင်းချမှုများမရှိစေရေးအတွက် အကြောင်းကြားစာများ ထုတ်ပြန်ထားရှိပြီး လိုက်နာဆောင်ရွက်မှုမရှိသော ဆိုင်များကို စည်ပင်သာယာရေးဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်အတွင်း လမ်းဘေးကျူးကျော်ဆိုင်(၁၁)ဆိုင်အား ဖယ်ရှားရှင်းလင်းခဲ့ပါသည်။ ညဆက်လက်ပြီး ကျူးကျော်တဲများ၊ ကျူးကျော်ဆိုင်များအား ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သထုံမြို့နယ် စည်ပင်သာယာဧရိယာ အတွင်းခွင့်ပြုချက်မဲ့ဆောက်လုပ်နေသော အဆောက်အအုံများကို တားမြစ်စာထုတ်၍ တားမြစ်ဆောင်ရွက်လျက်ရှိပါသည်။ လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် အောက်ပါအတိုင်း ဆောင်ရွက် ထားပါကြောင်း ဖြေကြားပါသည်- (က) ခွင့်ပြုအဆောက်အဦ (၁၈၁)အိမ်၊ (ခ) တားမြစ် စာထုတ်ပြီး (၁၀)အိမ်၊ (ဂ) လျှောက်ထားဆဲ (၁၀)အိမ်၊ (ဃ) တရားဆွဲရန်ဆောင်ရွက်ဆဲ (၁)အိမ်။

(၂)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မုဒုံမြို့နယ်၊ ကင်းချောင်းရွာလယ်တံတားအား အသစ်ပြန်လည်တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ ရွာလယ်တံတားသည် လက်ရှိ(၈၀’ x ၁၅’ x ၁၅’) အတိုင်းအတာ ရှိသော တံတားဖြစ်ပါသည်။ ၎င်းတံတားအား(၁၂၀’ x ၂၀’ x ၁၅’)ရှိ သံကူကွန်ကရစ် တံတားအဖြစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ခုနှစ် ပြည်နယ်ရန်ပုံငွေတွင် ဘဏ္ဍာငွေတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)    ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော မော်လမြိုင်မြို့၊ စမ်းကြီး၊ ဂွေးကုန်း၊ နောင်ခရီရပ်ကွက်များ၊ ကြာအင်းကျေးရွာနှင့် ဖားအောက်ကျေးရွာများကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်လမ်းအား ကတ္တရာလမ်းနှင့်ကွန်ကရစ်လမ်းများ ဆက်လက်ဖြည့်တင်း ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍  စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က စမ်းကြီး- ဂွေးကုန်း- နောင်ခရီ- ရခိုင်ကုန်းအထိ လမ်းပိုင်း (၁/၄.၈၂)မိုင်သည် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှစီမံခန့်ခွဲ သောအပိုင်းဖြစ်ပြီး ရခိုင်ကုန်းမှ ရိုးဂိုးကျေးရွာအထိ (၃/၅)မိုင်အရှည်ရှိသော လမ်းပိုင်းမှာ ကျေးရွာလမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းပိုင်းဖြစ်ပါ သည်။ကျေးရွာ လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်သည့် (၃/၅)မိုင်အနက် (၁/ဝ.၅)မိုင်မှာ ကတ္တရာလမ်းခင်းထားပြီး ဖြစ်ပါသည်။ ကော့ကလုတ် – ကြာအင်း ကျေးရွာချင်းဆက်လမ်း (ဝ/၆.၄၄)မိုင်နှင့် ကော့ခမယ် – ဖော်ကုန်းကျေးရွာချင်း ဆက်လမ်း (ဝ/၁.၅)မိုင်အား ကတ္တရာလမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ကြာအင်း-ခရွန်း-ဇော်ကုန်းကြားရှိ ကျန်မြေသားလမ်း (၁/၄.၅၆)မိုင်အား ကတ္တရာလမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ဘဏ္ဍာငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၄)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော စက်မှုဝန်ကြီးဌာနအမှတ်(၂)၊ အကြီးစားစက်မှုလုပ်ငန်းအမှတ်(၂၇) စက်မှုကုန်ကြမ်းဌာနများနှင့် အကျိုးတူရာဘာစိုက်ပျိုးထုတ်လုပ်မှု MOU လက်မှတ်ရေးထိုးပြီး စာချုပ်ပါလုပ်ငန်းအာမခံငွေများ ပေးသွင်းထားခြင်းမရှိသည်ကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး(ပူးတွဲတာဝန်)ဦးဝဏ္ဏကျော် က လုပ်ငန်းရှင်ဦးစိုင်းမျိုးဝင်း ( Jade King & Queen Gem & Jewellery Co., Ltd ) အနေဖြင့် ဝန်ထမ်းလစာနှင့်စရိတ်များ၊ ထုတ်လုပ်မှုလုပ်ငန်းစရိတ်များ ကျခံဆောင်ရွက်နေသော်လည်း လုပ်ငန်းအာမခံကြေး များပေးသွင်းခြင်းမရှိသေးပါသဖြင့် ကုမ္ပဏီသို့ လုပ်ငန်းအာမခံကြေး များပေးသွင်းနိုင်ပါရန် အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာန(ကျိုက်ထို) အနေဖြင့် သော်လည်းကောင်း၊ လုပ်ငန်းရုံချုပ် (အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း) အနေဖြင့် သော်လည်းကောင်း အကြိမ်ကြိမ် ဆက်သွယ်အကြောင်းကြား ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရုံချုပ် (အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း)အနေဖြင့် အကြိမ်ကြိမ် စာဖြင့်ဆက်သွယ်၍ အကြောင်းကြား ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံးအကြိမ်စာဖြင့် (၇.၂.၂၀၁၉)ရက်နေ့၊ ထွက်စာအမှတ်၊ ၁၅၀၃/၁/စမ/၁၇၅/၂၀၁၉ ဖြင့် အမြန်ဆုံး ပေးသွင်းရန် ထပ်မံအကြောင်းကြားခဲ့ကာ အမြန်ဆုံးပေးသွင်းနိုင်ရေးကို ဌာနအနေဖြင့် ဆက်သွယ်ညှိနှိုင်း၍ လုပ်ငန်းရုံးချုပ်သို့ တင်ပြ၍ ပေးသွင်းနိုင်ခြင်းမရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းရုံးချုပ်( အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းမှ) ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

(၅)    ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော မော်လမြိုင်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးနှင့် အခြားသော မြို့နယ်များရှိ ဆေးရုံများတွင် ဆေးရုံမှဝန်ဆောင်မှုပေးနေသည့်ကိစ္စနှင့်ပတ်သက်၍ သိရှိလို သောမေးခွန်း နှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက  မော်လမြိုင်မြို့၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီးနှင့်တကွ အခြားသော မြို့နယ်များရှိဆေးရုံများတွင် ဆေးရုံမှဝန်ဆောင် မှုပေးနေသည့်ကိစ္စများနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ပွင့်လင်းမြင်သာစွာ ရေးချထားပေး ခြင်းအစီအစဉ်ရှိပါတယ်။ ဥပမာ(၁) ရရှိနိုင်သော အခမဲ့ဆေးဝါးအမျိုးအမည်နှင့် အရေ အတွက်တို့ကိုဖော်ပြထားခြင်း၊ (၂) အခမဲ့စစ်ဆေးပေးနိုင်သည့် ဓာတ်ခွဲအမျိုးအစား များအား ဖော်ပြထားခြင်း၊ ပြည်နယ်ကုသရေးဦးစီးဌာနအနေဖြင့် Social Media များမှ တစ်ဆင့် ထုတ်ပြန်ပေးလိုသော အကြောင်းအရာများရှိပါက ကျန်းမာရေးအားကစား ဝန်ကြီး ဌာန၏ Website တွင်ဖော်ပြရန် Hardcopy, Softcopy တို့နှင့်တကွ နေပြည်တော် ရုံးချုပ်သို့ပေးပို့ရန် စာအမှတ်၊ ကုသရေး/ထွေ-၂/၂၀၁၉/၂၀၇ ဖြင့်ညွှန်ကြားထားပါသည်။ နေပြည်တော်ရုံးချုပ်မှစိစစ်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ Website တွင် ဖော်ပြပေးပါသည်။ ကျန်းမာရေးလူထုတွေ့ဆုံပွဲများ၊ Advocacy ပွဲများ ပြုလုပ်သည့် အခါတိုင်း Media များအား ဖိတ်ကြားပြီး Interview လုပ်သည့်အချိန်တိုင်း သတင်းအချက် အလက်များကို အချိန်နှင့်တပြေးညီ ဖြေကြားပေးပါကြောင်း၊ ထို့အပြင် Social Media များမှ Social Media စာမျက်နှာပေါ်တွင် ဖော်ပြရန်အတွက် သိလိုသောအချက်အလက်များ မေးမြန်းလာပါက ဖြေကြားပေးလျက်ရှိပါကြောင်းဖြေကြားခဲ့ပြီး ပွင့်လင်းမြင်သာစွာရေးချ ထားပေးခြင်း၊ Social Media နှင့် Facebook မှတစ်ဆင့်ထုတ်ပြန်ပေးသွားရန် အစီအစဉ်ရှိ/မရှိထပ်ဆင့်သိလိုပါကြောင်း မေးမြန်းရာ ဆေးရုံဝန်ဆောင်မှုပေးသည့်ကဏ္ဍနှင့် ပတ်သက်ပြီး ဗွီနိုင်းဖြစ်ပွင့်လင်းမြင်သာစွာရေးသားပေးခြင်းကို လည်းကောင်း၊ Social Media များမှ ထုတ်ပြန်ပေးသွားရန်လည်းကောင်း ပြန်လည်ဖြေကြားပါသည်။

(၆)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော ရေးမြို့နယ်၊ အစင်စံပြကျေးရွာပိုင် သြော်ကြီးချောင်း ရေငန်တားတမံအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍  စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက  ရေးမြို့နယ်၊ အစင်စံပြ ကျေးရွာ၊ ကွင်းအမှတ်(၆၂-က)ရှိ သြော်ကြီးချောင်း ရေငန်တားတမံ ပြင်ဆင်ခြင်းလုပ်ငန်း နှင့်ရေထုတ်ပေါက်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အသေးစိတ်ကွင်း ဆင်း တိုင်းတာခြင်း၊ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်းရေးဆွဲခြင်းများ၊ လုပ်ငန်း များဆောင်ရွက်ပြီး လာမည့်ဘဏ္ဍာရေးနှစ်များ၌ ပြည်နယ်အစိုးရ အဖွဲ့ ရန်ပုံငွေစာရင်းတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြေကြား ပါသည်။

(၇)    ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော နိုင်ငံသားစိစစ်ရေးကတ်နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က  အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား၊ (CZN သက်သေခံလက်မှတ်) ကိုင်ဆောင်သူများတွင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြောင်း မှတ်ပုံတင်ထားသူများသာ ဖြစ်သောကြောင့် (၁၀/ခဆန(နိုင်) နိုင်ငံသားစိစစ်ရေးကတ်ပြားပြောင်းလဲကိုင်ဆောင်ခွင့် တစ်နည်း လဲလှယ်ထုတ်ပေးခွင့်မရှိဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြားကို လျှောက်ထား ရပါမည်။ လျှောက်ထားသူအား မြန်မာနိုင်ငံသားဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားအရည်အချင်းရှိသူ ဟုတ်၊ မဟုတ်  စစ်ဆေးရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ၎င်းကိုင်ဆောင်ထားသော အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားသည် မြန်မာနိုင်ငံ တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း အထောက်အထားဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားဥပဒေနှင့်ညီညွတ်သူများကိုသာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး ခြင်း၊ ယခင်ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်သက်သေခံ လက်မှတ်ပြန်လည် အပ်နှံခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ မိဘတစ်ပါး (သို့မဟုတ်)နှစ်ပါးစလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိဘဲ အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားသာ ကိုင်ဆောင်ကာ သေဆုံးသွားကြသူများအတွက် မိဘနှစ်ပါး နိုင်ငံသားအရည်အချင်းရှိ၊ မရှိကို အထက်ပါနိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတိုင်း စိစစ်ရ ပါသည်။ ထိုသို့စိစစ်ရာတွင် ၎င်းတို့၏ မိဘများနှင့်မွေးချင်းများ၏ ကိုင်ဆောင်လက်မှတ် အထောက်အထားများအား အကိုးအကားအဖြစ်ရူ၍ စိစစ်ပြီး ဥပဒေနှင့်ညီညွတ်မှုရှိပါက သားသမီးများအား ပုဒ်မ-၇(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ပါသည်။ အထောက်အထားစုံလင်သည့် နေ့မှစ အများဆုံး(၂၈)ရက်အတွင်း ထုတ်ပေးရန် ညွှန်ကြား ထားပါသည်။ တစ်နိုင်ငံလုံးနှင့်ခြုံပြီး ညွှန်ကြားထားတာဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအနေဖြင့် လက်ရှိအများဆုံုး(၇)ရက်အတွင်း ထုတ်ပေးနိုင်ကြပါကြောင်း တင်ပြအပ်ပါသည်။ လျှောက်ထားသူများတင်ပြလာသော အထောက်အထားများ ပြည့်စုံမှုမရှိ၍ မည်သို့မျှလည်း ရှာဖွေရရှိနိုင်ခြင်းမရှိသဖြင့် ပြည်နယ်ဦးစီးမှူးမှ နိုင်ငံသားအရည်အချင်စိစစ်နိုင်ခြင်းမရှိသောသူများအား မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၆၅ အရ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဗဟိုအဖွဲ့ထံသို့လျှောက်ထားသူသည် မည်သည့် နိုင်ငံသားဖြစ်သည်ကို အဆုံးအဖြတ်ခံယူရန် တင်ပြရပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခြင်းသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည် နှင့်အညီ နိုင်ငံတော်လုံခြုံရေးအတွက်လည်း အရေးကြီးသဖြင့် နိုင်ငံသားအရည်အချင်း မပြည့်မီခြင်းမရှိသူတစ်ဦးအား နိုင်ငံသားအဖြစ်ခွင့်ပြုခဲ့ပါက နိုင်ငံတော်အတွက် ရည်ရှည်တွင် အန္တရာယ်များနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များသိရှိပြီးဖြစ်ပါသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးရာ၌ ဥပဒေပြဋ္ဌာန်းချက်များအား မထိခိုက်ဘဲ အတတ်နိုင်ဆုံး ဖြေလျှော့မှုများဖြင့် အဂတိတရား ကင်းရှင်းစွာဆောင်ရွက်ရန် ကြိုးစားအားထုတ်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ် မေးခွန်းအနေဖြင့် နိုင်ငံသားများနှင့်သွေးနှောများအတွက် နိုင်ငံသားစိစစ်ရေးကဒ် လျှောက်ထားရာတွင် ပြည်သူများသိရှိအောင်လိုအပ်သော အချက်အလက်များကို မွန်ပြည်နယ်(၁၀)မြို့နယ်တွင်ရှိသည့် (လ.ဝ.က)ရုံးတိုင်း ကြေညာဘုတ်တွင် ကပ်ထားပေး ရန်အစီအစဉ် ရှိ/မရှိနှင့် နိုင်ငံသားများနှင့် သွေးနှောများ နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ် ရာတွင် သက်ဆိုင်ရာဝန်ထမ်းများအား ဂါရဝပြုခြင်းမှ ကင်းဝေးအောင် မည်သို့စီစဉ် ဆောင်ရွက်ပေးမည် မေးမြန်းရာလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး လက်ရှိတွင်ကပ်ထားပေးခြင်း မရှိပါကြောင်း၊ နောင်တွင်မိမိတို့ဌာနအနေဖြင့် ကပ်ထားပေးမည်ဖြစ်ပါကြောင်း၊ အဂတိနှင့်ပတ်သက်ပြီး ဂါရဝပြုသည့်အနေအထားတွင် အဓိကသည်ကာယကံရှင်နှစ်ဦး၏ မူတည်ကြောင်း၊ အစိုးရနှင့်ပြည်သူအပိုင်းသည် ဝိုင်းဝန်းကြိုးစားကြောင်း၊ မိမိတို့ဝန်ထမ်း တွေသည် စိတ်ပိုင်းဆိုင်ရာကို ပြည်သူများမျှော်လင့်ထားသည့် အနေအထားတစ်ခုရှိဖို့ အတွက် စိတ်ပိုင်းဆိုင်ရာအမူအကျင့်ပြောင်းလဲပြီး ကြိုးပမ်းဆောင်ရွက်ဖို့လိုကြောင်း၊ အစိုးရပိုင်းအနေနဲ့အတတ်နိုင်ဆုံးလက်လှမ်းမီသလောက် ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။

 (ခ)   အဆို (၁)ခုတင်သွင်းခြင်း

“မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်တွင် ဘွဲ့ရပြီးသောလူငယ်များအတွက် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း “တိုက်တွန်းသည့်အဆို  ကို ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)က တင်သွင်းပြီး  ဦးမင်းထင်အောင်ဟန်၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊မော်လမြိုင် မြို့နယ်မဲဆန္ဒနယ်အမှတ် ( ၁ ) က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံတွင် (၂၂ -၂-၂၀၁၉) ရက် (သောကြာနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

 (ဂ)   ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ကျော်သူ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ဆွေးနွေးခြင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊

(ဃ)   ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း၊

(င)    မွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောတောင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အစီရင်ခံစာတင်ပြခြင်းနှင့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၂၂ -၂-၂၀၁၉) ရက် (သောကြာနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။       အစည်းအဝေးကို  နေ့လည် ( ၁၂ )နာရီ( ၁၀ ) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပမည့်ရက်ကို (၂၅-၂-၂၀၁၉)ရက် (တနင်္လာနေ့) နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။