ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပဉ္စမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ ဇွန်လ ၆ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ၂၀၁၈ခုနှစ်၊ ဇွန်လ ၆ ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင် ရွက်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁) ဦးအနက် (၃၀ )ဦးတက်ရောက် ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ချောင်းဆုံမြို့မရဲစခန်းတွင် လိုအပ်နေသောပြည်သူ့ရဲဝန်ထမ်းအိမ်ရာအား မွန်ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ ချောင်းဆုံမြို့နယ် ရဲတပ်ဖွဲ့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင်တာဝန် ထမ်းဆောင်သော တပ်ဖွဲ့ဝင် (၆၄)ဦးတွင် အိမ်ထောင်သည်(၃၉)ဦး၊ လူပျို/အပျို(၂၅)ဦး၊ စုစုပေါင်း(၆၄)ဦးရှိရာ ယခုလက်ရှိနေအိမ်လိုင်းခန်းမှာ (၃၅)ခန်းသာရှိသဖြင့် တပ်ဖွဲ့ဝင်မိသားစု နေထိုင်ရန် လုံလောက်မှုမရှိပါ။ အဆောက်အဦများမှာလည်း ခိုင်ခန့်မှုမရှိသဖြင့် နှစ်စဉ် အမိုး/အကာ/ အခင်းများပြုပြင်ပြီးနေထိုင်ရပါသည်။အဆောက်အဦဆောက်လုပ်ရန်တင်ပြမှုနှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချောင်းဆုံမြို့မရဲစခန်းဝန်းအတွင်း ဆောက်လုပ်ရန် အတွက် (၆)ခန်းတွဲ(၂)ထပ် (၁)လုံးနှင့် (၄)ခန်းတွဲ(၂)ထပ် (၁)လုံးတို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြတောင်းခံထားရှိပြီး ဖြစ်ပါကြောင်းနှင့် မိမိကိုယ်တိုင် တာဝန်ခံအရာရှိထံ ဖုန်းဖြင့်မေးမြန်းရာအနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင်ရရှိစေရေး တောင်းခံ ထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်တလောအခြေအနေတွင် စီမံ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့် တင်ပြတောင်းခံထားမှု အခြေအနေရရှိမှုပေါ် မူတည်ပြီး လိုအပ်သည်များဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၂) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ဘီးလင်းမြို့နယ်တွင် လိုအပ်နေသော အရန်အားကစားကွင်းမြေနေရာနှင့် အဝေးပြေး ကားကွင်းမြေနေရာ ရရှိနိုင်ရေးတို့နှင့်ပတ်သက်သည့်မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူ ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးထွန်းဌေးမှ ဘီးလင်းမြို့နယ်၊ မြို့မြေနယ် နိမိတ်အတွင်းရှိ မြေစာရင်းပုံစံ(၁၀၅)ရရှိထားသော ဘီးလင်းသကြားစက်ပိုင် မြေနေရာ ဖြစ်ပြီး အားကစားကွင်းမြေအဖြစ်ပြန်လည်စွန့်လွှတ်နိုင်ရေးးကို ဘီးလင်းသကြားစက်မှ စက်မှုဝန်ကြီးဌာနသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနပိုင် သကြားစက်မြေလွတ်ထဲမှ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ မြေ(၂)ဧကခွဲခန့်ကို အဝေးပြေးယာဉ်ရပ်နားစခန်းအဖြစ် အသုံးပြုနိုင်ရေး စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါ ကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အားကစားကွင်း အလျား (၃၆၀)ပေ၊ အနံ (၂၅၀)ပေ ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မှုရှိ /မရှိ နှင့် စက်မှုဝန်ကြီးဌာနပိုင် သကြားစက် မြေလွတ်ထဲမှ မြေ (၂)ဧကခွဲခန့်ကို ပြန်လည်စွန့်လွတ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေ(၂)ဧကခွဲကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နောက်ထပ်သင့်တော်မည့်နေရာအား ရှာဖွေဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။
(၃) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မုဒုံမြို့နယ်၊ မှိန်ဂနိမ်းကျေးရွာ ကျေးရွာဆေးပေးခန်း ဆောက်လုပ်မည့် မြေနေရာတွင် ကျူးကျော်ထားသူများအား ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက အဘယ်ကြောင့် မဖယ်ရှားပေးသည်ကို သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးထွန်းဌေးမှ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာကျေးလက် ဆေးပေးခန်းဆောက်လုပ်ရန်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှမေးမြန်းသည့် မြေနေရာသည် သီးသန့်မြေဧရိယာ (၂.၆၁)ဧကတွင် ရော်ဘာစိုက်ပျိုးထားပြီး လွန်ခဲ့ သော(၆)နှစ်ခန့်က ဖခင်ဖြစ်သူထံမှ ဆက်ခံရယူ၍ဆက်လက်စိုက်ပျိုးလုပ်ကိုင် ထားသော မြေနေရာဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခြုံကြည့်ပါက အချို့နေရာ များတွင် ကျူးကျော်တဲများကို ဖယ်ရှားခဲ့မှုမျိုးရှိသော်လည်း ယခုမေးမြန်းချက်သည် အထက်ပါသဘောသဘာဝနှင့်မတူညီပါကြောင်း၊ နှစ်ရှည်သီးနှံပင်များစိုက်ပျိုးထားရှိမှု အပေါ် မူတည်မေးမြန်းခြင်းဖြစ်ပြီး နေအိမ်ကျူးကျော်ဆောက်လုပ်ထားခြင်းမျိုး မဟုတ်ပါ ကြောင်း၊ စိုက်ပျိုးလုပ်ကိုင်မှုများနှင့် ပတ်သက်၍ မည်သည့်မြို့၊ မည်သည့်ကျေးရွာ၊ မည်သည့်ကွင်း၊ မည်သူကိုမျှတာဝန်ရှိသူများမှ ဖယ်ရှားခဲ့ခြင်းမရှိပါကြောင်း၊ ရွာပိုင်မြေတွင် ကျူးကျော်စိုက်ပျိုးနေသူများကို ယခုအစိုးရလက်ထက်တွင် ထပ်မံ၍တရားမဝင် ကျူးကျော် နေထိုင်စိုက်ပျိုးမှုများမရှိစေရေးကို သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မုဒုံမြို့နယ်အတွင်း အစိုးရမြေနေရာပေါ်တွင် ယခင်နှစ် များစွာက ကျူးကျော်စိုက်ပျိုးလုပ်ကိုင်နေမှုများအား ဖယ်ရှားရန်အစီအစဉ် မရှိသေး ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးရွာပိုင်မြေ အားဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်မရှိပါက ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးမလဲ သိချင်ကြောင်းမေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုနှင့် ထိပ်တိုက် တွေ့မည့် အနေအထားဖြစ်ကြောင်း၊ ကျေးရွာပိုင်မြေသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေအမျိုးအစားဖြစ်ပါကြောင်းနှင့် ကျူးကျော်မှုရှိလျှင် သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအပေါ်ထပ်ဆင့်အနေဖြင့် ယခုကျူးကျော်စိုက်ပျိုးသူများကို ဘယ်လို ဖယ်ရှားအရေးယူဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ/မရှိ မေးမြန်းရာ အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြပြီး ပြန်လည်ဖြေကြားသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၄) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ သထုံမြို့နယ်အတွက် အမြဲတမ်းသာသနာရေးမှူးတစ်ဦး ခန့်အပ်တာဝန်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ မွန်ပြည်နယ်တွင် သာသနာရေးကိစ္စများ ဆောင်ရွက်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်နယ်သာသနာရေးမှူးရုံး ၊ ကျိုက်ထိုမြို့နယ်သာသနာရေး မှူးရုံးနှင့် သံဖြူဇရပ်မြို့နယ် သာသနာရေးမှူးရုံး များဖွင့်လှစ်၍ သာသနာရေးကိစ္စများ ဆောင်ရွက်လျက်ရှိပါသည်။ မွန်ပြည်နယ်သာသနာရေးမှူးရုံးတွင် ပြည်နယ်သာသနာ ရေးမှူး (ညွှန်ကြားရေးမှူး) (၁)ဦးအပါအဝင် အရာထမ်း (၃)ဦး၊ အမှုထမ်း(၁၀)ဦး၊ စုစုပေါင်း (၁၃)ဦး၊ ကျိုက်ထိုမြို့နယ်၊ သာသနာရေးမှူးရုံးတွင် အရာထမ်း(၁)ဦး၊ အမှုထမ်း(၅)ဦး၊ စုစုပေါင်း(၆)ဦး၊ သံဖြူဇရပ်မြို့နယ်သာသနာရေးမှူးရုံးတွင် အမှုထမ်း(၃)ဦးဖြင့် သာသနာ ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်လျက်ရှိပါသည်။ သထုံခရိုင်၊ သထုံမြို့နယ်အတွက် သာသနာရေးမှူးတစ်ဦးခန့်ထားနိုင်ရေးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ခန့်ထားပိုင်ခွင့်ဖြစ်သဖြင့် ခန့်ထားခွင့်ရရှိရေး သာသနာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် သာသနာရေး နှင့်ပတ်သက်သော တရားစွဲဆိုသည့်ကိစ္စရပ်များကိုဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာ မှုများကို မည်သူက တာဝန်ယူ၊ တာဝန်ခံမလဲမေးမြန်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ သာသနာ ရေးမှူးတစ်ဦး ခန့်ထားပေးနိုင်ရေးသည် သာသနာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် သာသနာရေးမှူးကသာ တာဝန်ယူ၊ တာဝန်ခံမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများ၏သမဝါယမအသင်းစုပိုင် အဆောက်အဦများနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးထွန်းဌေးမှ သတ်မှတ်သည့်ကာလအတွင်း ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းရမည်ဟု ပါရှိသဖြင့် ၁၉၇၀ခုနှစ်မှစ၍ ဖွဲ့စည်းထားသော သမဝါယမအသင်းများကို အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပေးခဲ့သဖြင့် ယခင်မဆလအစိုးရလက်ထက်တွင်ဖွဲ့စည်းခဲ့သော သမဝါယမ အသင်းများသည် ယနေ့အထိဆက်လက်တည်ရှိနေပါကြောင်း၊ သမဝါယမအသင်း များသည် လူမှုစီးပွားရေးဆောင်ရွက်လုပ်ကိုင်နေသောအဖွဲ့အစည်းဖြစ်ပြီး သမဝါယမဦးစီး ဌာနသည် အစိုးရဌာနတစ်ခုဖြစ်၍ သမဝါယမအသင်းများအား အသင်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအရစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုများကို ကြီးကြပ် ထိန်းကျောင်းပေးသည့် ဌာနတစ်ခုသာဖြစ်ပါကြောင်းနှင့် အသင်းပိုင်မြေ၊ အဆောက်အဦ များကို ငှားရမ်းခြင်းမပြုရန်နှင့် အသင်းကိုယ်တိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန်အတွက် ငှားရမ်းထားသည့်အတွက် ငှားရမ်းထားသည့်မြေ၊ အဆောက် အဦနှင့် ဆိုင်ခန်းများအား စာချုပ်သက်တမ်းကုန်ဆုံးသည့်ကာလမှစ၍ အပြီးရှင်းလင်း ဖယ်ရှားပေးရန် ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်းနှင့် သမဝါယမအသင်းသားများ၏ စုဆောင်း ငွေဖြင့်ဝယ်ယူထားသော မြေနှင့်အဆောက်အဦများကိုဌာနပိုင်အဖြစ် သိမ်းဆည်းခြင်း မဟုတ်ဘဲ၊ မိမိအသင်းသူ အသင်းသားများ၏ အကျိုးစီးပွားအတွက် အသင်းကိုယ်တိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြေ၊ အဆောက်အဦများ ပြန်လည် ရရှိရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် သမဝါယမ အသင်းစီးပွားရေးလုပ်ငန်းတွေကို ဘယ်ကာလတွေ မှာအကောင်အထည်ဖော်မလဲ သိချင် ကြောင်းမေးမြန်းရာ သမဝါယမအသင်းကိုယ်တိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့မည်သည့် နေ့ရက်တွင် ဆောင်ရွက်ရန်သတ်မှတ်ထားခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၆) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ရေးမြို့ပေါ်ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလျက်ရှိသော ကျုံသိုက်ချောင်းဘေး နေထိုင် သူအချို့မှ ချောင်းမြေအတွင်းသို့ အဆောက်အဦများတိုးချဲ့ဆောက်လုပ်နေမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မည်သို့မည်ပုံတာဝန်ယူ၊ တာဝန်ခံ၍တားဖြစ်အရေး ယူဆောင်ရွက်ပေးသွားမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ ဦးမင်းကျော်လွင်မှ ကျုံသိုက်ချောင်းတစ်လျှောက် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိအောင်ချောင်းတစ်လျှောက်ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ တစ်ဦးချင်း ထံသို့ ချောင်းအတွင်း အမှိုက်မပစ်ရန်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ် သိမ်းဆည်းနေသည့် အမှိုက်ကားအတွင်းသာ စွန့်ပစ်ရန်စာဖြင့် အသိပေးအကြောင်း ကြားခြင်း၊ ရပ်ကွက်နေပြည်သူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ဖိတ်ကြား၍ အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အများမြင်သာနိုင်သည့် နေရာ များတွင် ချောင်းအတွင်းအမှိုက်မပစ်ရ သတိပေးစာတမ်းကို ဗီနိုင်းစိုက်ထူ၍ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့မှ အမှိုက်ပစ်သူများအပေါ် စီမံခန့်ခွဲရေး ဒဏ်ငွေ တပ်ရိုက်ကာ ထိန်းသိမ်းအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်ရွှေတောင်ကြား ဟိုတယ်သည် လူနေထိုင်ရန် နှစ် (၃၀)မြေငှားဂရန်အမည်ပြောင်း ရရှိထားသော မြေနေရာ (၄၀’ x ၈၀’)အတွင်း တည်ဆောက်ထားပြီး၊ ကျောက်စီမြေထိန်း နံရံပြုလုပ်ထားကြောင်း တွေ့ရှိရပြီး၊ ချောင်းရိုးမြေနေရာတွင် အဆောက်အဦဆောက်လုပ်ထားသည်ကို မတွေ့ရ ကြောင်း၊ အစိုးရစီမံခန့်ခွဲသောမြေလွတ် (၃၂’) အတွင်း ဆောက်လုပ်ထားရှိမှုအား ဖယ်ရှား ရှင်းလင်းပေးရန် ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေးထားပြီးဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မြေကွက်အားရောင်းချပိုင်ခွင့်ရှိ/မရှိနှင့် ရွှေတောင်ကြားဟိုတယ်ကျူးကျော်၍ရလား မေးမြန်းရာ ယခုကျူးကျော်မြေသည် စည်ပင်မြေဖြစ်ပါက ခွင့်မပြုကြောင်းနှင့်မိမိကိုယ်တိုင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
(ခ) ပြည်နယ်စာရင်းစစ်ချုပ်မှ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းစစ်ဆေးတွေ့ရှိချက်နှင့်ဝန်ကြီးဌာနများ၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း သည့်အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်သူ၊ ဦးထွန်းမင်းအောင်၊ ဦးဇော်ဇော်ထူးတို့မှ ဆွေးနွေးခြင်း၊
(ဂ) ပြည်နယ်စာရင်းစစ်ချုပ်မှ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းစစ်ဆေးတွေ့ရှိချက်နှင့်ဝန်ကြီးဌာနများ၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း သည့်အစီရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များနှင့်အတူ မှတ်တမ်း တင်ခြင်း၊
၃။ အစည်းအဝေးကို နေ့လည် (၁၁)နာရီ (၃၅)မိနစ်တွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပမည့်ရက်ကို (၇-၆-၂၀၁၈)ရက် (ကြာသပတေးနေ့) နံနက်(၁၀) နာရီတွင် ဆောင်ရွက်ပါမည်။





