3403

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ မေလ ၃၀ ရက်)

၁။      ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ၂၀၁၈ခုနှစ်၊ မေလ ၃၀ ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင် ရွက်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၃၀  )ဦး တက်ရောက် ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)           နိုင်ငံတော်သမ္မတရုံးမှ (၂၉-၅-၂၀၁၈)ရက်နေ့ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၂၈/၂၀၁၈ အရ မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန်အား ရာထူးမှနှုတ်ထွက်ခွင့်ပြုခြင်း၊

 (ခ)   ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် တည်ရှိသောကျေးရွာပိုင်မြေအား ရေလုပ်သားများအသုံးပြုရေးအတွက် လှေထောက်တင်မြေနေရာအဖြစ် ပြည်နယ်အစိုးရ အဖွဲ့မှ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ မေးမြန်းရာ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဗဟိုကော်မတီသို့ ငါးလုပ်ငန်းဦးစီးဌာနနှင့်အတူ လုပ်ပိုင်ခွင့်အပြိုင်တင် လျှောက်ထားဆဲဖြစ်ပါကြောင်းနှင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းစုပေါင်း စစ်ဆေးရေးစခန်း ဖွင့်လှစ်ခြင်း၊ ရာသီပိတ်သိမ်းချိန်တွင် ကမ်းဝေးငါးဖမ်း လှေများ ရပ်နားခြင်းနှင့်ကြံ့ခိုင်ရေးအတွက် လွန်းတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၂)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဥပဒေပြဋ္ဌာန်းချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ မေးမြန်းရာ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြဋ္ဌာန်းထားသည့် မွန်ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေ၊ နည်းဥပဒေပါ ရည်ရွယ်ချက်ဖြင့် လုပ်ငန်းမှတ်ပုံတင်များဆောင်ရွက်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊ ကာလတိုသင်တန်းများပေးခြင်း၊ နှင့် ငွေချေးလိုသည့် လုပ်ငန်းရှင်များကို ငွေရေးကြေး ရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် လည်းကောင်း၊ ဘဏ်များနှင့် လည်းကောင်း ချိတ်ဆက်ပေးခြင်း အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်းများသို့ တက်ရောက် စေခြင်းဖြင့် ကောင်းမွန်သော ထုတ်လုပ်မှု နည်းစဉ်များကို သိရှိလိုက်နာ၍ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်လုပ်ငန်းများကို FDA ထောက်ခံချက် ရရှိအောင်လျှောက်ထားရန် ကူညီအကြံပြုခြင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ကြရန် အသိပေး ခြင်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဖြေကြားပါသည်။

(၃)    ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှပေါင်မြို့နယ်၊ ကျုံကကျေးရွာ၊ နွားလဘို့ဆံတော်ရှင်စေတီတော် တောင်တက်လမ်း ဘေးဝဲယာ၌ ဧက (၁၅၀)ခန့် သစ်တော/သစ်ပင်များကို မီးရှို့ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဒေါက်တာ မင်းကြည်ဝင်းက မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး သစ်တောဦးစီးဌာန(ရုံးချုပ်)နှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့သို့ အတည်ပြုချက်ရယူပြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး  စိုက်ခင်း လုပ်ငန်း စဉ်များအရ တောင်ယာမီးရှို့ခြင်းနှင့် အောက်ခံအပင်များ၊ ဝါးပင်များနှင့် ခြုံနွယ်များကိုသာ မီးရှို့ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံး ထိခိုက်မှု မရှိစေရေး အလေးထားပြီး ဌာနမှတာဝန်ခံ၊ တာဝန်ယူကာစနစ်တကျ ဆောင်ရွက်လျက် ရှိနေပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မည်သည့်ပုဂ္ဂိုလ်၏ ညွှန်ကြား ချက်ဖြင့် မီးရှို့ပြီး၊ မည်သည့်ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အပင်များကို စိုက်ပျိုးခဲ့ သလဲ မေးခွန်းမေးမြန်းရာ  သစ်တောဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက် ကြောင်းနှင့် ကျွန်းပင်အစား ပျဉ်းကတိုး၊ မဟော်ဂနီအပါအဝင် စိုက်ပင်ပေါင်း (၈၁၀၀၀)စိုက် ပျိုးထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်အပေါ်ထပ်ဆင့် အနေဖြင့် ညွှန်ကြားချက်မိတ္တူကိုလွှတ်တော်သို့ပေးပို့ရန်မေးမြန်းရာ ညွှန်ကြားချက်အစား မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းစီမံချက်ကိုရေးဆွဲဆောင်ရွက်ထားကြောင်း၊ စီမံချက်ကို မိတ္တူပေးပို့မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၄)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းရင်းသားများ မှတ်ပုံတင်ရရှိရေး၊ သန်းခေါင်စာရင်းရရှိရေးဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်း၍ မေးမြန်းရာ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး၊ ဦးဝဏ္ဏကျော်က တစ်နိုင်ငံလုံးအတိုင်းအတာတစ်ခုအနေဖြင့် မိုးပွင့်စီမံချက်နှင့် လက်ရှိအစိုးရလက်ထက်တွင် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းပါဝင်၍ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် သတ်မှတ်ထားသည့် စာရင်းဇယားများ ပြည့်စုံမှန်ကန်မှုရှိပါက ဌာနမှသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိအောင် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် လူမျိုးစုအလိုက်နေထိုင်သည့် တိုင်းရင်းသားများအတွက် အိမ်ထောင်စုစာရင်းနှင့်သန်းခေါင်စာရင်းကို ဝန်ကြီးဌာနက လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ မိမိတို့ဌာနတစ်ခုတည်းဆောင်ရွက်၍ မရကြောင်း၊ လက်ရှိဥပဒေ၊ နည်းဥပဒေအရ အိမ်ထောင်စုစာရင်း၊ သန်းခေါင်စာရင်းရှိမှသာ ဆက်လက်ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း နှင့်ပထမဦးစွာ အိမ်ထောင်စုစာရင်းနှင့်သန်းခေါင်စာရင်း လုပ်ပေးနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော Cabinet အစည်းအဝေးသို့ တင်ပြပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၅)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မွန်ပြည်နယ်အတွင်းဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် Moblie Operator များနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများမှ လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ပတ်သက်ပြီးလုပ်ထုံးလုပ်နည်းများ၊ ခွင့်ပြုချက်များကို မည်ကဲ့သို့စီမံဆောင်ရွက် လျက်ရှိသည်ကို သိရှိလိုသောမေးခွန်းမေးမြန်းရာ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဆက်သွယ်ရေး ဥပဒေနှင့် နည်းဥပဒေများနှင့်အညီ ဆက်သွယ်ရေးအော်ပရေတာများ၊ ဆက်သွယ်ရေး လိုင်စင်ရယူ ထားသည့် ပြည်တွင်း/ပြည်ပကုမ္ပဏီနှင့်လုပ်ငန်းရှင်များအား ဆက်သွယ်ရေး ဆိုင်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်း ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း ကြပ်မတ်ထိန်းကျောင်းပေးလျက်ရှိပြီး ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီများမှ တင်ပြလျှောက်ထားလာခြင်းများနှင့် ပတ်သက်၍ အထောက်အကူပြုကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်ဆက်သွယ်ရေး ကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါ သည်။

(ခ)    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လ (အောက်တိုဘာလမှ မတ်လအထိ)အစီရင်ခံစာအား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး၊ ဦးဝဏ္ဏကျော်ကတင်သွင်းခြင်းပြီး၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၃၀-၅-၂၀၁၈) ရက်၊ (ဗုဒ္ဓဟူးနေ့) ညနေ (၄)နာရီအချိန်တွင် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

(ဂ)     မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတွင် ဗိုလ်မှူးကြီးတင်ထွဋ် အား ကော်မတီ၏အဖွဲ့ဝင်အဖြစ်အစားထိုးလဲလှယ်ခြင်း နှင့်အတည်ပြုခြင်း၊

(ဃ)`  မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ဗိုလ်မှူးစိုးသူရအား ကော်မတီ၏  အဖွဲ့ဝင် အဖြစ် အစားထိုးလဲလှယ်ခြင်းနှင့်အတည်ပြုခြင်း၊

(င)    မွန်ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီတွင် ဗိုလ်မှူးမြတ်သူရခိုင် အား ကော်မတီ၏အဖွဲ့ဝင်အဖြစ် အစားထိုးလဲလှယ်ခြင်း  နှင့် အတည်ပြုခြင်း၊

 

၃။       အစည်းအဝေးကို  နေ့လည် (၁၁)နာရီ(၁၅) မိနစ်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပမည့်ရက်ကို (၄-၆-၂၀၁၈)ရက် (တနင်္လာနေ့)နံနက် (၁၀)နာရီတွင် ဆောင်ရွက်ပါမည်။