4253

ဥက္ကဋ္ဌအနှစ်ချုပ်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ်ကို တင်ပြမှာဖြစ်ပါတယ်ရှင်။

အစည်းအဝေး(ပထမနေ့)တွင် ကတိသစ္စာမပြုရသေးသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ မေးခွန်း(၅)ခုမေးမြန်းခြင်း၊ ဖြေကြား ခြင်း၊ မွန်ပြည်နယ်အတွင်းရှိ ပြည်သူများလစဉ်ကြုံတွေ့နေရသည့် မီတာခပေးသွင်းခြင်းဒုက္ခအား ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် Online (သို့) Mobile App များ အသုံးပြုခြင်းဝန်ဆောင်မှုအား ပြောင်းလဲပေးနိုင်ပါရန် တိုက်တွန်းကြောင်းအဆိုတင်သွင်းခြင်း၊ ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာလျာထားချက်တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(ဒုတိယနေ့)တွင် မေးခွန်း(၅)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စ နှင့်စပ်လျဉ်းပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှပေးပို့လာသော ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂိုလ်၏အမည်စာရင်းအား လွှတ်တော်သို့တင်သွင်းခြင်း၊ မော်လမြိုင် – သံဖြူဇရပ်(BOT)လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ စိစစ်သုံးသပ်၍ အချိန်မီပြုပြင်ပေးရန် တိုက်တွန်းကြောင်းအဆိုတင်သွင်းခြင်း၊ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၈၄၃၊ ၁၂၂၀/ဘဲရမ်းအရှေ့ကွင်း၊ ဦးပိုင် အမှတ်- ၈/၃၊ ၉၊ ၁၀/၂၊ N ၇၄ ရှိ ဆီအုန်းခြံမြေ (၁၀.၃၅)ဧကတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Asia Business Synergy Public Co.;Ltd တို့အကြား ဆောင်ရွက်မည့်ဘက်စုံသုံးအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူမှုရေးစင်တာတည်ဆောက်မည့် အစီအစဉ်တင်ပြခြင်း၊ ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်း နှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတို့အား သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်း နှင့်အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံ ချက်များစိစစ်ရေးကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း၊ ကော်မတီ၏သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့် ပြည်နယ် လွှတ်တော်မှအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(တတိယနေ့)တွင် မေးခွန်း(၄)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စ နှင့်စပ်လျဉ်းပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှပေးပို့လာသော ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလှထွန်းအား ခန့်အပ်တာဝန်ပေးမည့်အပေါ် ပြည်နယ်လွှတ်တော်မှသဘောတူ အတည်ပြုခြင်း၊ မွန်ပြည်နယ်အတွင်းရှိပြည်သူများ လစဉ်ကြုံတွေ့နေရသည့် မီတာခပေးသွင်းရခြင်းဒုက္ခအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Online (သို့) Mobile App များအသုံးပြုခြင်းဝန်ဆောင်မှုအား ပြောင်းလဲ ပေးနိုင်ပါရန် တိုက်တွန်းကြောင်းအဆို ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ၂၀၁၈ ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာတင်သွင်းခြင်း၊ မွန်ပြည်နယ်လွှတ်တော် ပြည်နယ် အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ မှတ်တမ်းတင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(စတုတ္ထနေ့)တွင် မေးခွန်း(၄)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မော်လမြိုင် – သံဖြူဇရပ် (BOT) လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့မှစိစစ်သုံးသပ်၍ အချိန်မီပြုပြင်ပေးရန် တိုက်တွန်းကြောင်းအဆိုဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/ အမည်-၈၄၃၊ ၁၂၂၀/ဘဲရမ်းအရှေ့ကွင်း၊ ဦးပိုင်အမှတ်- ၈/၃၊ ၉၊ ၁၀/၂၊ N ၇၄ ရှိ ဆီအုန်းခြံမြေ (၁၀.၃၅)ဧကတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Asia Business Synergy Public Co.;Ltd တို့အကြား ဆောင်ရွက်မည့်ဘတ်စုံသုံး အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူမှုရေးစင်တာတည်ဆောက်မည့်အစီအစဉ်တင်ပြခြင်းကို အချက်အလက် မပြည့်စုံသဖြင့်ဆိုင်းငံ့ခြင်း၊ မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ဆောင်ရွက်ချက် အစီရင်ခံစာတင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေများ (မူကြမ်း)တင်ပြခြင်းတို့ကို ဆောင်ရွက် ခဲ့ပါတယ်။

အစည်းအဝေး( ပဉ္စမနေ့)တွင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးဖြစ်သော ဦးလှထွန်းမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိ သစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ မေးခွန်း(၃)ခုမေးမြန်းခြင်း၊ ဖြေကြား ခြင်း၊ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ၂၀၁၈ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာ မှတ်တမ်း တင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌမှ ကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ မော်လမြိုင်မြို့၊ မြိုင်ရတနာဈေးအဆင့် မြှင့်တင်ခြင်းလုပ်ငန်းမှ မွန်ပြည်နယ်ဈေးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသို့ တည်နေရာပြောင်းလဲဆောင်ရွက် နိုင်ရေးအတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းကိစ္စတင်ပြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း နှင့်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ယနေ့အစည်းအဝေး(ဆဋ္ဌမနေ့)တွင် မေးခွန်း(၂)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကော်မတီ၏သက်တမ်း တိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း၊ ကော်မတီ၏သက်တမ်း တိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)အား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခြင်းနှင့် ရက်ပေါင်း(၉၀)အတွင်း ပြင်ဆင်ချက်အဆိုတင်သွင်းနိုင်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိသစ္စာပြုခြင်း နှင့်လက်မှတ်ရေးထိုးခြင်း(၂)ရပ်၊ မေးခွန်းစုစုပေါင်း(၂၃)ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆို(၂)ရပ်တင်သွင်း ခြင်း၊ အဆို(၂)ရပ်အတည်ပြုခြင်း၊ လျာထားချက်(၁)ရပ်အတည်ပြုခြင်း၊ နည်းဥပဒေ(၁)ရပ်တင်သွင်းခြင်း၊ အစီရင်ခံစာ(၅)ရပ်မှတ်တမ်းတင်ခြင်း၊ ပြည်နယ်လွှတ်တော်ရေးရာကော်မတီ(၄)ခု သက်တမ်းတိုးခြင်း၊ ရေးရာ ကော်မတီ(၃)ခု ပြင်ဆင်ဖွဲ့စည်းခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ စီမံကိန်းလုပ်ငန်းဆိုင်းငံ့ခြင်း(၁)ရပ်၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းကိစ္စ(၁)ရပ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်ရှင်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ တက်ရောက် လေ့လာသူစုစုပေါင်း(၁၀၂)ဦးရှိပါတယ်ရှင်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ ဒီနေ့ကတော့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးရဲ့ (ဆဋ္ဌမနေ့)ဖြစ်ပါတယ်။ ကျွန်မပြောနေကျပါပဲ ကျွန်မတို့နိုင်ငံက ဒီမိုကရေစီစနစ်နဲ့ကျင့်သုံးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒီမိုကရေစီနဲ့ Parliament ဆိုတဲ့လွှတ်တော်က ခွဲလို့မရပါဘူး။ ဒင်္ဂါပြားရဲ့တစ်ခြမ်း၊ တစ်ဘက်စီလိုပါပဲ။ ဒီမိုကရေစီစနစ်နဲ့လွှတ်တော်ဆိုသော Parliament က အမြဲဒွန်တွဲလျက်ရှိပါတယ်။ ကျွန်မတို့ ဒီမိုကရေစီစနစ်ကျင့်သုံးတယ်ဆိုကတည်းက လွှတ်တော်ပေါ်ပေါက် တယ်။ လွှတ်တော်ပေါ်ပေါက်ပြီးတော့မှ လွှတ်တော်က ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်ပေါ်လာပါ တယ်။ ဒါ ကျွန်မတို့ကိုယ်စားလှယ်များအားလုံးသိပြီးဖြစ်ပါတယ်။ အဲ့တော့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်လာပြီးတဲ့အခါကျတော့ ကျွန်မတို့လေးစားလိုက်နာရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဖြစ် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို ကျွန်မတို့ ဥပဒေပြုရေးမဏ္ဍိုင်ရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်ရော၊ တရား စီရင်ရေးမဏ္ဍိုင်ရော၊ ပြည်သူများအားလုံးလေးစားလိုက်နာရတာဖြစ်ပါတယ်။ ဒါကတည်ဆဲဥပဒေဖြစ်ပါတယ်။ ကျွန်မတို့မဏ္ဍိုင်အသီးသီးက သက်ဆိုင်ရာတည်ဆဲဥပဒေ၊ ပြဋ္ဌာန်းဥပဒေ၊ သက်ဆိုင်သော အစိုးရအဖွဲ့ဥပဒေ၊ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ဥပဒေ၊ နည်းဥပဒေအတိုင်း ကျွန်မတို့လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။ အဓိကက ကျွန်မတို့နိုင်ငံဟာ တရားဥပဒေစိုးမိုးရေးနည်းပါးနေတယ်။ ကျွန်မတို့တရားဥပဒေစိုးမိုးရေးရှေးရှုနေ ပြီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတယ်ဆိုတာ ကျွန်မတို့အပေါ်မှာ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေရပါဘူး။ မဏ္ဍိုင်အသီးသီးပေါ်မှာ ပြဋ္ဌာန်းဥပဒေ၊ တည်ဆဲဥပဒေရှိနေပါတယ်။ အဲတော့ ကျွန်မတို့မဏ္ဍိုင် (၃)ရပ်ရှိပါတယ်။ မီဒီယာကတော့ စတုတ္ထမဏ္ဍိုင်၊ ကျွန်မတို့ရဲ့မဏ္ဍိုင်(၃)ရပ်က အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားတယ်။ အချင်းချင်းအပြန်အလှန်လေးစားရမယ်၊ ဝင်ရောက်စွက်ဖက်မှုမရှိစေရဘူး။ ဒါ ကျွန်မတို့ အမြဲတမ်း လေးစားလိုက်နာရမှာဖြစ်ပါတယ်။ မဏ္ဍိုင်တစ်ခုနဲ့တစ်ခုက ဆက်နွယ်ပုံလေးတွေ၊ ပူးပေါင်းဆောင်ရွက်ပုံ လေးတွေ၊ ညှိနှိုင်းဆောင်ရွက်ပုံလေးတွေကို အင်မတန်မှသတိထားရမှာဖြစ်ပါတယ်။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟကြောင့် မဏ္ဍိုင်တစ်ခုကိုတစ်ခုမစွက်ဖက်ရဖို့ အားလုံးကသတိပြုရမှာလည်းဖြစ်ပါတယ်။ လွှတ်တော် စုံညီအစည်းအဝေးဆိုတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ကရွေးကောက်ခံကိုယ်စားလှယ်များ၊ ဥပဒေပြုရေးမဏ္ဍိုင်က ရွေးကောက်ခံကိုယ်စားလှယ်များ စသဖြင့် ရွေးချယ်ခံကိုယ်စားလှယ်များအားလုံးတက်ရောက်ရပါတယ်။ ကျွန်မ တို့အနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဆိုလို့ရှိရင် ပြည်သူတွေအတွက်လိုအပ်ချက်တွေ၊ ပြည်သူတွေအတွက် ဖြည့်ဆည်းပေးရမှာတွေ၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာမြို့နယ်အလိုက် မေးခွန်းများကို မေးရပါတယ်။ ခုနကပဲ ၂၀၁၉ လွှတ်တော်နည်းဥပဒေပြဋ္ဌာန်းပါတယ်၊ ဒီဥစ္စာကပြင်ထားခြင်းမရှိပါဘူး။ အဲဒီလို မေးခွန်းမေးတဲ့နေရာမှာ ၂၀၁၃ မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေအပိုဒ် ၁၀၄ ကန့်သတ်ချက်၊ အပိုဒ် ၁၀၅ စည်းကမ်းချက်၊ နောက်တစ်ခါ အပိုဒ် ၁၂၁က အဆိုနဲ့ပတ်သက်ပြီးတော့ ကန့်သတ်ချက်၊ အပိုဒ် ၁၂၂က အဆိုနဲ့ပတ်သက်ပြီး တော့စည်းကမ်းချက် ဒါကို ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ အားလုံး တိတိကျကျ လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ကန့်သတ်ချက်ကိုသေချာဖတ်ပါ၊ စည်းကမ်းချက်ကို လိုက်နာပါ။ ကန့်သတ်ချက်၊ စည်းကမ်းချက် အဆိုမှာရော၊ မေးခွန်းမှာရော ဥပဒေအတိအကျပြဋ္ဌာန်းထားပါ တယ်။ ဒါ့အပြင် ကျွန်မတို့သည် အစည်းအဝေးတစ်ခုလုပ်လျှင်၊ လုပ်တိုင်း၊ လုပ်မယ်၊ မလုပ်ခင်မှာဖိတ်ကြားလွှာ ပို့ပါတယ်။ ကိုယ်စားလှယ်အသီးသီးကိုပို့တယ်။ ပို့တဲ့နေရာမှာ ပန်ကြားလွှာကိုထည့်ထားပါတယ်။ ပန်ကြားလွှာ ကိုလည်း ဖိတ်ကြားခံရသောကိုယ်စားလှယ်များအားလုံး ဖတ်ရှု့လေ့လာစေချင်ပါတယ်။ လေ့လာဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ခါကျွန်မတို့အနေနဲ့က နည်းဥပဒေမှာ ၃၁ ၊ ဒါဥက္ကဋ္ဌရဲ့လိုက်နာရမယ့်တာဝန်တွေ၊ နည်းဥပဒေ ၃၂ ဒုဥက္ကဋ္ဌရဲ့လိုက်နာရမယ့်တာဝန်တွေ၊ ဒါကိုလည်း ကျွန်မတို့အမြဲတမ်း လေးစားဆောင်ရွက် ရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်များဆိုတဲ့နေရာမှာ ဥက္ကဋ္ဌလည်းကိုယ်စားလှယ်ပဲ၊ ဒုဥက္ကဋ္ဌလည်း ကိုယ်စားလှယ်ပဲ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌကအစ ပြဋ္ဌာန်းဥပဒေများကို အမြဲတမ်းလေးစားလိုက်နာရမှာဖြစ်ပါတယ်။ ထို့နည်း၎င်းပဲ ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ကြသော အုပ်ချုပ်ရေးမဏ္ဍိုင်က တာဝန်ရှိသူ ဝန်ကြီးများက လည်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ အစိုးရအဖွဲ့ဥပဒေ၊ နည်းဥပဒေအတိုင်းလိုက်နာဆောင်ရွက်ရမှာဖြစ်ပါ တယ်။ အဲလိုလိုက်နာဆောင်ရွက်တဲ့နေရာမှာ မိမိရဲ့မဏ္ဍိုင်က ဥပဒေကို မိမိအလုပ်လုပ်ပါ။ ဒီဘက်က ဥပဒေပြု ရေးမဏ္ဍိုင်ကလည်း ကိုယ့်မဏ္ဍိုင်ရဲ့ဥပဒေ၊ နည်းဥပဒေအတိုင်းအလုပ်လုပ်မယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ မဏ္ဍိုင် (၂)ခုဟာ ညင်သာချောမွေ့စွာနဲ့ အတူတူပဲပြည်သူ့အကျိုးကိုဆောင်ရွက်ပြီး ညင်သာသာ ချောချောမွေ့မွေ့နဲ့ ကျွန်မတို့ရဲ့ မေးခွန်းတွေကိုလည်းဖြေရမယ်၊ အဆိုတွေကိုလည်းဝိုင်းဝန်းဆွေးနွေးကြရမယ်။ ဥပဒေပြုရေး မဏ္ဍိုင်ကအဆိုတင်တယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကအဆိုတင်သွင်းခွင့်ရှိတယ်။ (၁၃)ကြိမ်မြောက်အစည်းအဝေး မှာလည်း လွှတ်တော်ဘက်ပဲအဆိုတင်တယ်။ ဒါကိုအတည်ပြုတာရှိတယ်၊ အတည်မပြုတာရှိ၊ မှတ်တမ်းတင် တာရှိတယ်။ ကျွန်မတို့ရဲ့အဆိုတွေရယ်၊ ကတိဝင်ထားတဲ့မေးခွန်းတွေက ဥပဒေတစ်ရပ်ကဲ့သို့ ပြည်သူ့အကျိုး အတွက်၊ ဒေသအတွက်လုပ်ပေးရမှာ အစိုးရဘက်မှာ၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာတာဝန်ရှိတယ်။ ဒါအားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်က အုပ်ချုပ်ရေးမဏ္ဍိုင်မှာ အင်မတန်မှအလုပ်များတယ်၊ ဌာနတွေလည်း အများကြီးရှိတယ်။ အဲတော့ အစိုးရကိုလည်း ကျွန်မတို့က ဒေသဖွံ့ဖြိုးရေးလုပ်မယ်၊ စီမံကိန်းကြီးတွေလုပ်မယ် ဆိုလို့ရှိရင် ၂၀၁၇ ခုနှစ်၊ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့ကနေ ဒီညွှန်ကြားချက်အတိုင်းလိုက်နာရမယ်။ ဒီညွှန်ကြားချက်က ဒီကနေ့ထိအတည်ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်မလွှတ်တော်ကနေပြောကြားချင်ပါတယ်။ နောက်တစ်ခါ ကျွန်မတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၉ အဲဒါကိုလည်း ကျွန်မသေချာလေ့လာစေချင်တယ်။ ဒါကတော့ အစိုးရရဲ့အုပ်ချုပ်မှုအခွင့်အာဏာလို့ ပြထားတယ်။ အဲတော့ ကျွန်မတို့ ဥပဒေပြုရေးမဏ္ဍိုင်ကရွေးကောက်ခံကိုယ်စားလှယ်ရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်က ရွေးကောက်ခံကိုယ်စားလှယ်ရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာတာဝန်ရှိတဲ့ဝန်ကြီးများအားလုံး ကျွန်မတို့လေးစား လိုက်နာရတဲ့အခြေခံဥပဒေကို ကျေကျေညက်ညက်လည်း လေ့လာထားစေချင်ပါတယ်။ လေ့လာပြီးသားလည်း ဖြစ်မှာပါ။ ကျွန်မတို့ကလည်းပြည်သူပဲ၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာလည်းပြည်သူပဲ၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ တကယ့် Well Train ခြေလက်တွေဖြစ်သော ဝန်ထမ်းတွေလည်းပြည်သူပဲ၊ ကျွန်မတို့က ပြည်သူအတွက်ပဲ ရှေးရှု ပြီးတော့ အလုပ် လုပ်ပေးရမယ်။ ဒေသန္တရဖွံ့ဖြိုးရေးအတွက်လုပ်ရမယ်။ ကျွန်မတို့မှာ ပြည်သူတွေကလွဲလို့ တခြားသူမရှိပါဘူး။ ပြည်သူ့အကျိုး၊ ဒေသဖွံ့ဖြိုးရေးအကျိုးအတွက် ပြုလုပ်တဲ့နေရာမှာ ကျွန်မတို့တာဝန်ရှိ နေတဲ့အချိန်မှာ ပြဋ္ဌာန်းဥပဒေ၊ တည်ဆဲဥပဒေကိုလေးစားလိုက်နာကြရင် အကောင်းဆုံးပဲလို့ ကျွန်မပြောချင် ပါတယ်။ ကျွန်မတို့လွှတ်တော်မှာလည်း ဒီလိုပါပဲ၊ ပြည်သူ့အသံကို နားထောင်ရတယ်ဆိုတဲ့တာဝန်ကြီးတစ်ရပ် ရှိပါတယ်။ ကျွန်မတို့ပြည်သူ့အသံကိုနေ့စဉ်ကြားနေရတယ်။ ကိုယ်စားလှယ်တွေဒေသဆင်းတာရော၊ ကျွန်မ တို့ဆီ တိုင်စာတက်လာတာရော နေ့စဉ်ပြည်သူ့အသံကြားနေရတယ်။ ကျွန်မတို့မှာဆောင်ရွက်ဖို့ ဘောပင်ရယ်၊ စာရွက်ရယ်ရှိပါတယ်။ ကိုယ်စားလှယ်တွေက ခရီးစရိတ်လေးရပြီးတော့ ဒေသကွင်းဆင်းတယ်။ အဲဒါ ကျွန်မတို့ကို ဆောင်ရွက်ပေးဖို့ အုပ်ချုပ်ရေးမဏ္ဍိုင်မှာတာဝန်ရှိပါတယ်။ ကျွန်မတို့လည်း ဥပဒေနဲ့မညီတာ တွေကို လွှတ်တော်ကညှိနှိုင်းအကြောင်းကြားခြင်းမရှိပါဘူး။ အဲတော့ မဏ္ဍိုင်တစ်ခုနဲ့တစ်ခုလေးစားသော အားဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ဆောင်ရွက်ချက်တွေကဒါပဲ၊ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ဆောင်ရွက်ချက်တွေက စုံညီအစည်းအဝေးခေါ်တယ်။ ဘတ်ဂျက်တွေအတည်ပြုတယ်။ ဒေသအတွင်းလိုအပ်တဲ့ ပြည်နယ်အတွက် ကောင်းမယ်လို့ယူဆတဲ့ အဆိုတွေတင်သွင်းတယ်၊ ဆွေးနွေးတယ်။ ဒါကျွန်မတို့လွှတ်တော်ရဲ့အလုပ်ပဲ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခု လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းတွေ တင်ပါတယ်။ ပြဋ္ဌာန်းချက်အတိုင်း လွှတ်တော်ကို (၁၀)ရက်ကြိုတင်ပါတယ်။ ကျွန်မတို့အနေနဲ့ ချက်ချင်းအစိုးရ ဘက်ကို အမြန်ဆုံးပို့ပါတယ်။ ကျွန်မဆီမှာအချိန်မဆွဲထားပါဘူး။ ဥပမာ- မေလ(၂)ရက်နေ့မှာ စုံညီ အစည်းအဝေးလုပ်ပါမယ်၊ ကျင်းပပါမယ်။ ၂၀၁၉-၂၀၂၀ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက် ကိုအတည်ပြုပေးရမယ်။ ဒါကြောင့် ကျွန်မ (၂၁)ရက်ကြိုပြီးတော့ အစိုးရကို အကြောင်းကြားပါတယ်။ ဥပမာ- ကျွန်မပြောမယ်။ မေလ (၂)ရက်နေ့က အစည်းအဝေးပထမနေ့၊ ဧပြီလ (၂၂)ရက်နေ့ကို ကျွန်မမေးခွန်းပို့ပါ တယ်။ မေးခွန်း(၂၃)ခု၊ ဧပြီ(၂၂)ရက်နေ့မှာ (၁၇)ခု၊ နောက်နေ့မှာ ကျန်တဲ့မေးခွန်းပို့ပါတယ်။ မေးခွန်းကို ရောက်တဲ့ချိန်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ကိုယ်စားလှယ်များသည် မေးခွန်းကိုစုစည်းပြီးတော့ ဝန်ကြီးချုပ်ရှိ တယ်၊ ဝန်ကြီးတွေရှိတယ်၊ ဌာနတွေပေါင်းစပ်ညှိနှိုင်းပြီး မြေပြင်ကိုဆင်းကြည့်ပြီးတော့ ကျွန်မတို့ကို တိတိ ကျကျလေးဖြေပေးပါ။ ဥပမာ- ကျွန်မရဲ့နေစဉ် Agendar အစီအစဉ်ကို အစိုးရဘက်ကို (၃)နာရီကနေ (၄)နာရီကြားမှာပို့ပါတယ်။ ပို့တဲ့အခါ အစီအစဉ်တွေ ဘာပါတယ်ဆိုတာ အတိအကျရေးထားပါတယ်။ မေလ (၂)ရက်နေ့ လွှတ်တော်စတဲ့နေ့မှာ မုဒုံမြို့၊ ဘဲရမ်းကျေးရွာအုပ်စု၊ ဆီအုန်းခြံမြေတွင် ဆောင်ရွက်မည့် ဘက်စုံ သုံးအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူမှုရေးစင်တာတည်ဆောက်မည့်အစီအစဉ်တင်ပြဖို့ ကျွန်မ(၂)ကြိမ်ဖိတ် ပါတယ်။ အစီအစဉ်တင်ပြမယ့်တာဝန်ရှိသူမရှိပါဘူး။ အဆင်သင့်မဖြစ်သေးရင် ကျွန်မရက်ရွှေ့ပါတယ်ဆိုပြီး ရက်ရွှေ့လိုက်ပါတယ်။ ဒါမျိုးမဖြစ်သင့်ပါဘူးလို့ ကျွန်မပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မကြိုပြီး ပို့ထားတယ်လေ။ ဧပြီ(၂၂)၊ ဧပြီ(၂၃)ရက်နေ့ပို့တယ်။ အစိုးရဘက်ကတင်သွင်းရမှာကိုလည်း ကျွန်မထပ်ခါစာပို့ ပါတယ်။ ညှိနှိုင်းဆောင်ရွက်ဖို့ Agendar မှာထည့်တယ်။ တင်ပေးပါ၊ အဆိုတင်ပါ ကျွန်မဖိတ်ခေါ်တယ်။ မတင်ဘူးဆိုတာကတော့မကောင်းပါဘူး။ ကျွန်မတို့ရဲ့ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်သော အုပ်ချုပ်ရေး မဏ္ဍိုင်မှကိုယ်စားလှယ်များသည် ကြိုတင်ရထားသောမေးခွန်းများကို ကျွန်မတို့ကို မဏ္ဍိုင်တစ်ခုနဲ့တစ်ခု လေးစားသောအားဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်စီမံပြီးတော့မှ ဖြေကြားစေလိုပါတယ်။ နောက်ပြီးတော့ မိမိတာဝန်ယူသော ဝန်ကြီးဌာနနဲ့ပတ်သက်တဲ့မေးခွန်းကို ဝန်ကြီးကဖြေပါ။ ကျွန်မတို့မေးခွန်းပို့တာ (၂၂)ရက်၊ (၂၃)ရက်၊ လွှတ်တော်စုံညီအစည်းအဝေးစတဲ့ ပထမနေ့ မေလ(၂)ရက်မှာ မေးခွန်း(၅)ခုထည့်ပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေပြုရေးမဏ္ဍိုင်ရွေးကောက်ခံကိုယ်စားလှယ်များက ဆက်စပ်မေးခွန်း မမေးလိုပါဘူး၊ ကျွန်မတို့အချိန်လည်းကန့်သတ်ထားပါတယ်။ အဲဒီတော့ တိတိကျကျ မြေပြင်အနေအထားနဲ့ ကိုက်ညီတဲ့အဖြေရတယ်ဆိုရင် ဆက်စပ်မေးခွန်းမမေးပါဘူး။ ကိုယ်စားလှယ်ကမေးရင်လည်း ကျွန်မကခွင့် မပြုပါဘူး။ တစ်ခါတစ်ခါကျတော့ ကျွန်မကနေတစ်ဆင့်မေးကြတယ်၊ ဖြေကြတယ်။ ကျွန်မ ဒီတိုင်းထိုင်နေလို့ိ မရပါဘူး။ အဖြေမရေရာဘူး၊ မတိကျဘူး၊ မထိရောက်ဘူးဆိုရင် ကျွန်မမေးရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မအနေနဲ့ ကိုယ်စားလှယ်ရဲ့အခွင့်အရေးကို ရှေးရှု့သောအားဖြင့် ကိုယ်စားလှယ်တွေဆက်စပ်မေးခွန်း မေးရင် ကျွန်မဝင်မစွက်ဘူး။ လိုအပ်ရင် ကျွန်မဖြည့်စွက်ပြီးမေးပေးပါ တယ်။ ကျွန်မတို့၏လေးစားအပ်သော ရွေးချယ်ခံကိုယ်စားလှယ်များဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်မှတာဝန်ရှိသူ ဝန်ကြီးများအားလုံးတို့သည် မေးခွန်း ကိုလည်း ကြိုတင်ရထားလျက်နဲ့ တိကျသေချာမှန်ကန်တဲ့မြေပြင်အနေအထားနဲ့ ထင်ဟပ်သောအဖြေများကို ဖြေပေးဖို့ ကျွန်မပြောကြားလိုပါတယ်။ အဲဒီတော့ ကျွန်မအနေနဲ့ အမြဲကြိုးစားနေတယ်။ ဥပဒေတွေကိုလည်း လေးစားလိုက်တယ်။ ကျွန်မအမြဲမပြတ်ဖတ်ပါတယ်။ ကျွန်မရဲ့ကိုယ်စားလှယ်တွေအားလုံးလည်းဖတ်ဖို့ ကျွန်မ နှစ်ပတ်တစ်ကြိမ်အစည်းအဝေးမှာပြောပါတယ်။ ကျွန်မဝန်ထမ်းများအားလုံးကိုလည်း ဖတ်ဖို့ကျွန်မအမြဲတမ်း တိုက်တွန်းပါတယ်။ အဲတော့ ကျွန်မတို့ကမမှားဘူးဆိုတာလည်းမရှိဘူး။ မှားတယ်ဆိုလည်း အမှားနည်းအောင် မှားပြီးရင်လည်း နောက်ထပ်မမှားဖို့ ကျွန်မတို့အားလုံးကြိုးစားဖို့တာဝန်ရှိပါတယ်။ ကျွန်မအနေနဲ့ လွှတ်တော် စုံညီအစည်းအဝေးမှာ စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး။ ကျွန်မတို့ရဲ့ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ် များရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်က ကိုယ်စားလှယ်များရော၊ ဝန်ကြီးများအားလုံးလည်း မဏ္ဍိုင်(၃)ရပ်စုံတဲ့ အစည်းအဝေးကြီးဖြစ်ပါတယ်။ ကျွန်မတို့တွေအားလုံးအတူတူပဲ ပြည်သူအတွက်လုပ်တယ်၊ ဒေသအကျိုး အတွက် ဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့က နိုင်ငံတော်သစ္စာစောင့်သိရိုသေတယ်။ ကျွန်မတို့ကိုယ်စားလှယ် အားလုံးဟာ လွှတ်တော်မှာကတိသစ္စာပြုပြီးမှ တာဝန်ထမ်းဆောင်တဲ့ပုဂိုလ်များဖြစ်ပါတယ်။ လွှတ်တော် အစည်းအဝေးတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အနှောင့်အယှက်မဖြစ်ချင်ဘူး။ မည်သူတစ်ဦးတစ်ယောက် မှလည်း စိတ်ငြိုငြင်ဖြစ်တာမကြိုက်ပါဘူး။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ဥပဒေနှင့်အညီ မဏ္ဍိုင်တစ်ခုနဲ့တစ်ခု လေးစားသောအားဖြင့် မိမိရဲ့တာဝန်ကို မိမိကျေပွန်အောင်ထမ်းဆောင်ကြရအောင်လို့ ပြောကြားရင်းနဲ့ ကျွန်မဒီကနေ့အားလုံးကို စိတ်ချမ်းသာကြပါစေ၊ ကိုယ်ကျန်းမာကြပါစေ၊ ကိုယ်စီကိုယ်စီလည်း ကိုယ့်ကိုယ်ကို အမြဲတမ်းလေ့လာကြိုးစားကြပါစေလို့ ပြောကြားရင်းနဲ့ နှုတ်ဆက်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။