တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှုတ်ခွန်းဆက်စကား
၂၀၂၆ခုနှစ်၊ မတ်လ(၂ဝ)ရက်၊ (၁ဝးဝဝ)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပထမနေ့)တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌပြောကြားမည့် နှုတ်ခွန်းဆက်စကား
တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)သို့ တက်ရောက်လာကြတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ဒီကနေ့ဟာဆိုရင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကနေ ပြည်သူများရဲ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုစည်းတက်ရောက်လာကြတဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးရဲ့ ပထမနေ့ပဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာကို တာဝန်ပေးအပ်ခြင်းခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပထမဦးစွာ ပြောကြားလို ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မ သုံးဖြာဖြစ်တဲ့ “ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ” တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်း တို့ကိုလည်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်လွှတ်တော် ဟာဆိုရင် ဥပဒေပြုရေးအာဏာကို ပြည်သူများထံမှ အပြည့်အဝရရှိထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်း၊ တရားသူကြီးချုပ် ဦးဆောင်တဲ့ တရားစီရင်ရေးအာဏာပိုင် အဖွဲ့အစည်းတို့ဟာ လွှတ်တော်က ပြဋ္ဌာန်းအတည်ပြုတဲ့ဥပဒေတွေကို အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးဆိုတဲ့ အာဏာသုံးရပ်အနက် လွှတ်တော်ရဲ့အဓိကတာဝန်က ဥပဒေပြုရေး ဖြစ်ပါတယ်။ “ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရ” ဆိုတဲ့ ဆိုရိုးစကားနဲ့ အညီ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဥ်း၊ စည်းကမ်းတို့ကို လေ့လာ ဖတ်ရှုပြီး လေးစားလိုက်နာခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်ရည်ကို ပြသစေလိုပါတယ်။ ဒါ့အပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြေညာချက် များဟာ ပြည်သူလူထုအတွက် အကျိုးရှိ/မရှိ၊ ပြည်သူလူထုဘဝလုံခြုံရေးကို အကာအကွယ်ပေး/မပေးတို့ကို လေ့လာစိစစ်ပြီး ခေတ်စနစ်နှင့် မကိုက်ညီတော့တဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြ ရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့နဲ့ ကျွန်တော်တို့အားလုံးကတိသစ္စာပြုထားတဲ့အတိုင်း နိုင်ငံ့အကျိုး၊ မွန်ပြည်နယ်ရဲ့အကျိုးနဲ့ ပြည်သူတွေရဲ့အကျိုးကို ဆောင်ရွက်ရာမှာ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်”ဆိုတဲ့ လွှတ်တော်ရဲ့ဆောင်ပုဒ်နဲ့အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ကျွန်တော်တို့ရဲ့ဒေသခံပြည်သူများရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများနဲ့ ပူးပေါင်းလက်တွဲကာ မိမိတို့ဒေသကောင်းကျိုးကို ယခင်ကထက် ပိုမို တိုးတက်ဖြစ်ထွန်းလာအောင် ကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။

