8059

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးမှ ကာလံ ဒေသံ နှင့် လိုက်လျောညီထွေသော ပြည်နယ်အဆင့်အစိုးရမှ ဆောင်ရွက်နိုင်စွမ်းရှိသော အဆို/မေးခွန်းများအား ဦးစားပေး မေးမြန်း၊ တင်သွင်း ဆွေးနွေးကြရန် လွှတ်တော်ကိုယ်စားလှယ်များအား မှာကြား

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် နံနက် (၁၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲ ခန်းမ၌ ကျင်းပပြုလုပ်သော အဆို/မေးခွန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပ သည့်အခါ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့်အညီ ဆောင်ရွက်နေရခြင်းဖြစ်၍ အပြောအဆို တင်ပြချက်များသည် ပြေပြစ်‌ချောမွေ့ရန်နှင့် ရှင်းလင်းဖို့လိုကြောင်း၊ လွှတ်တော်နှင့် ပြည်နယ်အစိုးရအဖွဲ့ပွတ်တိုက်မှု နည်းအောင် နှစ်ဦးနှစ်ဖက် ကိုယ်ချင်းစာတရားဖြင့် ဆောင်ရွက်ဖို့လိုကြောင်း၊ လွှတ်တော်၊ အစိုးရ၊ ပြည်သူများအားလုံး မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကာလံ ဒေသံနှင့် လိုက်လျောညီထွေသည့် ဖြစ်နိုင်ခြေရှိသော အဆို/မေးခွန်းများ တင်ပြခြင်းသည် မိမိ၏ တင်ပြချက် အောင်မြင်မည်ဖြစ်သလို ပြည်သူလူထုကလည်း အားကိုးလာမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လိုချင်သော အရာနှင့် အစိုးရကလုပ်နိုင်စွမ်းအရာများ balance ဖြစ်အောင် သုံးသပ် တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို (၉-၆-၂၀၂၆)ရက်တွင် ကျင်းပရန် ခေါ်ယူထားပြီး ယင်းအစည်းအဝေးမတိုင်ခင် တစ်ရက်အလိုတွင် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။